ဖားကန့် ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် မော်ဝမ်းကလေးရွာထိပ်ရှိ ကျောက်စိမ်း တောင်ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်း၌ ကျင်းကမ်းပါးအား ကျောက်ကျင်းတူးနေသူများ အပေါ်သို့ အထက်ဘက်မှ မြေစာများပြိုကျခဲ့ပြီး ကျင်းတူးနေသူလေးဦး မြေစာများနှင့်အတူ အောက်ဘက် ရေကန်ထဲသို့ လိမ့်ကျသွားခဲ့ကာ ပျောက်ဆုံးလျက်ရှိနေသည့် ဖြစ်စဉ် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မော်ဝမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
"ဖြစ်တာက နေ့လည်(၂)နာရီခွဲလောက်ပေါ့၊ သူတို့တူးတာက ကျောက်စိမ်းတောင် လုပ်ကွက်ဟောင်း ကမ်းပါးကိုတူးတာ၊ အပေါ်မှာက ဖို့မြေတွေရှိတယ်၊ ဖို့မြေတွေက သူတို့အပေါ် ပြိုကျပြီး ပြုတ်ကျသွားတာလို့ သိရတယ်၊ အောက်ဘက်မှာက ရေကန်ရှိတယ်၊ တစ်ယောက်က ဆေးရုံပို့ထားတယ်၊ လေးယောက်ကိုတော့ ခုချိန်ထိ ရှာဖွေနိုင်ခြင်းမရှိသေးပါဘူး"ဟု မော်ဝမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဒွတ်လာက ပြောသည်။
မြေပြိုမှုတွင် ပါဝင်သူများ၏ နေရပ်နှင့် ကိုယ်ရေးအချက်အလက်များအား စုံစမ်းဆဲ အနေအထားသာရှိသေးပြီး မည်သူပါဝင်သွားမှန်းမသိရသေးပဲ အဆိုပါအနီးတဝိုက် ကျင်းတူးကြသည့် ရေမဆေးကျောက်ရှာဖွေသူ နေ့စဉ် လူငါးဆယ်ခန့်ရှိနေကြောင်းလည်း သိရသည်။
ဖားကန့်၌ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး မြန်မာသူရကျောက်မျက်လုပ်ကွက်ဟောင်းအတွင်း မြေပြိုကျပြီး ကျင်းတူးနေသူ သုံးဦး သေဆုံးခဲ့ရသည်။
ဖားကန့်မြို့နယ်သည် မြေပြိုကျမှု ကမ်းပါပြိုကျမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဇူလိုင် ၂ ရက်နေ့က ဝှေခါမှော် မြေပြိုကျမှုဖြစ်စဉ်တွင် လူ(၁၇၂)ဦး သေဆုံးခဲ့ရပြီး ဖားကန့်မြို့နယ်အတွင်း လူအသေအပျောက်ဖြစ်မှုအများဆုံး ဖြစ်စဉ်လည်းဖြစ်ခဲ့သည်။
ဖားကန့်ရတနာနယ်မြေအတွင်း ယခုနှစ်အတွင်း မြေပြိုမှု ကမ်းပါးပြိုကျမှုများကြောင့် လူနှစ်ရာ့ငါးဆယ်နီးပါထိ သေဆုံးခဲ့ရပြီလည်းဖြစ်သည်။
တာလင်းမောင်(ပြန်/ဆက်)
Myanmaalinn

No comments:
Post a Comment