၂၀၂၀ ခုနှစ်စကတည်းက ကျရောက်လာတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါဘေးကြောင့် ကမ္ဘာတဝန်းနည်းတူ မြန်မာနိုင်ငံမှာလည်း ကျောင်းတွေ ပိတ်ထားချိန်မှာ မူကြိုကျောင်းတွေအတွက် မွမ်းမံသင်တန်းတခုကို လူမှုကွန်ယက်ကနေ ပို့ချပေးနေပါတယ်။ ပုံမှန်အဖြစ် အသစ်ပြောင်းလဲလာတဲ့ ပညာသင်ကြားရေးစနစ်နဲ့ သင်ကြားမှုစွမ်းရည် မြင့်မားလာစေဖို့ ကျောင်းပိတ်ရက်ကာလတွေမှာ အားထုတ်ကြိုးပမ်းမှုတွေအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မခွာညိုက ပြောပြပေးပါမယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကျခဲ့တဲ့ ကမ္ဘာ့နိုင်ငံအတော်များများမှာ မူကြိုကစပြီး တက္ကသိုလ်တွေအထိ ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ ကမ္ဘာအနှံ့ ပညာသင်ကြားရေးစနစ် ပုံစံ ပြောင်းလဲလာနေသလို မြန်မာနိုင်ငံမှာလည်း အွန်လိုင်းပညာသင်ကြားရေးစနစ်တွေ တစတစ နေရာယူလာကြပါတယ်။ ဒီလို ပြောင်းလဲမှုတွေထဲမှာ လူမှုကွန်ယက်ကိုအသုံးပြုပြီး မူကြိုကျောင်း ဆရာ၊ ဆရာမတွေအတွက် ပေးနေတဲ့ မွမ်းမံသင်တန်းတွေ အောင်မြင်နေတာကိုလည်း တွေ့ရပါတယ်။ အခုလို ဖေ့စ်ဘုတ် လူမှုကွန်ယက်ကနေ သင်တန်းစဖွင့်ဖြစ်ခဲ့တဲ့အကြောင်းကို Bright Future ECCD Training Centre သင်တန်း ကျောင်းတည်ထောင်သူ လူမှုဝန်ထမ်းမူကြိုကျောင်းအုပ် ဆရာမဟောင်း ဒေါ်သက်ဖြူစင်လှိုင် က အခုလို ရှင်းပြပါတယ်။
“အရင်ကတော့ ပုံမှန်သင်တန်းတွေ ဖွင့်ပါတယ်။ ရန်ကုန်မှာ ပင်မထားပြီး သင်တန်းတွေ ဖွင့်ပါတယ်။ ဖိတ်ခေါ်တဲ့နယ်မြို့ပေါင်းစုံကိုလည်း ကျမကိုယ်တိုင်သွားရောက်ပြီးတော့လည်း ပို့ချခဲ့ပါတယ်။ အခု ကိုဗစ်ကာလဖြစ်လာတဲ့အခါမျိုးမှာ အွန်လိုင်းကနေပြီးတော့မှ သင်တန်းတွေပို့ချပေးဖို့ တောင်းဆိုကြပါတယ်ရှင့်။ အဲဒီအတွက်ကြောင့်မို့လို့ သွားရေးလာရေးတွေလည်း အဆင်မပြေတဲ့အတွက်ကြောင့် ကျမ အွန်လိုင်သင်တန်းပို့ချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။”
မြန်မာနိုင်ငံဟာ ပညာရေးပိုင်းမှာ အစိုးရရဲ့ အထောက်အကူပြုမှုအရရော၊ ဝင်ငွေနည်းမိသားစုတွေရဲ့ အိမ်ထောင်စု စီးပွါးရေးအခြေအနေအရပါ ကွန်ပြူတာနဲ့ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးသင့် သလောက် မသုံးနိုင်သေးပါဘူး။
“တနိုင်ငံလုံးအတိုင်းအတာနဲ့ တက်ရောက်ကြတာဖြစ်တဲ့အတွက်ကြောင့် ဝေးတဲ့တီချယ်တွေအနေနဲ့ Zoom တွေ၊ applicationတွေ သုံးတတ်တာ အားနည်းပါတယ်ရှင့်။ အဲဒါကြောင့် အားလုံးလည်း အဆင်ပြေအောင်၊ ပြန်ပြီးတော့လည်း သူတို့ကြည့်နိုင်အောင် ဖေ့စ်ဘုတ်ကနေ live လွှင့်ပြီး သင်ပေးနေတာဖြစ်ပါတယ်ရှင့်။”
တိုက်ရိုက် လက်တွေ့သင်တန်းမဟုတ်တဲ့အတွက် သင်ခန်းစာတွေကို အပြန်အလှန်ဆွေးနွေးမှုပိုင်းအတွက်ကိုတော့ တိုက်ရိုက်သင်ကြားထုတ်လွှင့်မှုအောက်မှာ ကွန်မဲန့်တွေကနေ မေးမြန်းဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။
“လက်တွေ့ပိုင်းတွေ မပါတဲ့အတွက်ကြောင့်မို့လို့ ဒီတချက်ကလေးတော့ ကျမတို့ အားနည်းပါတယ်။ သူတို့နားမလည်တဲ့ဟာတွေကို ပြန်မေးလို့ရနိုင်အောင် မက်ဆင်ဂျာမှာလည်း group သပ်သပ် ထပ်ဖွဲ့ပါတယ်ရှင့်။ သူတို့က စာရိုက်ပြီးတော့မေးတယ်။ ဗွီဒီယိုကောလ်တွေကနေတဆင့် မေးပါတယ်ရှင့်။ နောက် live ကနေလည်း တိုက်ရိုက်မေးတဲ့နေရာမျိုးတွေမှာ ပြန်ဖြေပေးတယ်ပေါ့။ အဲလိုမျိုးလေးတွေ တော့ ကျမတို့ ဆောင်ရွက်ပေးရပါတယ်ရှင့်။ တကယ့်အုပ်စုလောက် ဆွေးနွေးတဲ့အပိုင်းနဲ့ လက်တွေ့ဆောင်ရွက်ရမယ့်အပိုင်းတွေကတော့ အားနည်းသွားပါတယ်ရှင့်။”
ဒီဖေ့စ်ဘုတ်ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ အွန်လိုင်း သင်တန်းကျောင်းမှာ ကလေးစိတ်ပညာ၊ ဂီတ၊ သင်ရိုးညွှန်းတမ်းရေးဆွဲနည်းနဲ့ စီမံခန့်ခွဲမှုအပါအဝင် ဘာသာရပ် (၈) မျိုးကို ပို့ချပေးနေတာဖြစ်ပါတယ်။
မူလတန်းကြိုကလေးများ ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်း Bright Future ECCD Training Centre မှာ မူကြိုကျောင်းဖွင့်ထားသူတွေ၊ ဆရာ ဆရာမတွေအပြင် မိဘတွေကိုယ်တိုင်လည်း တက်ရောက်လေ့လာနေကြတာပါ။ သင်ကြားမှုမှာ လူတိုင်းပေးနိုင်တဲ့ စျေးနှုန်းသက်သက်သာသာနဲ့ သင်တန်းတွေအပြင် ပညာဒါနအဖြစ် အခမဲ့တက်ရောက်လေ့လာနိုင်တဲ့ သင်တန်းမျိုးတွေလည်း ရှိကြောင်း ကျောင်းတည်ထောင်သူ ဒေါ်သက်ဖြူစင်လှိုင်က ပြောပါတယ်။
“ကျမတို့ အွန်လိုင်းသင်တန်းကို တက်ရောက်တဲ့သူပေါင်းကတော့ ၁၅,၀၀၀ လောက်ရှိနေပါပြီရှင့်။ ကိုဗစ်ကာလအတွင်းမှာတော့ အွန်လိုင်းကနေပြီးတော့မှ ကျမ မသွားနိုင်တဲ့နယ်ဘက်တွေက တီချယ်တွေ ပါလာတယ်။ ကလေးမိဘတွေ ပါလာတယ်။ ရန်ကုန်ကိုလာမတက်နိုင်တဲ့တီချယ်တွေ ပါလာတယ်။ အွန်လိုင်းမှာ တက်ရောက်သူတွေ တော်တော်များလာပါတယ်ရှင့်။”
Bright Future ECCD Training Centre က သင်တန်းတွေမှာ နိုင်ငံခြားသားတချို့နဲ့ တခြား မြန်မာပြည်ကလေးငယ်တွေရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ပါဝင်စားသူတွေကလည်း ဧည့်သည်သင်တန်းနည်းပြတွေအဖြစ် လာရောက်ပို့ချပေးတဲ့ သင်တန်းမျိုးတွေလည်း ရှိကြောင်း ဒေါ်သက်ဖြူစင်လှိုင်က ပြောပါတယ်။
လူမှုကွန်ယက်က ထုတ်လွှင့်သင်ကြားပေးနေတဲ့ Bright Future ECCD Training Centre က အခမဲ့သင်ကြားပေးနေတဲ့ ပညာဒါနသင်တန်းမှာတော့ မြန်မာ့ပြည်အနှံ့က သင်တန်းသား ၆,၀၀၀ အထိ ရှိပါတယ်။
မခြာညိဳ/VOA (Burmese)
https://burmese.voanews.com/a/education-prekindergarden-online/5698701.html

No comments:
Post a Comment