မြန်မာတသိန်းကျော် နေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အဝင်အထွက်ပိတ်ပင်

မြန်မာတသိန်းကျော် နေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အဝင်အထွက်ပိတ်ပင် မဲဆောက်မြို့ ထုံထောင်းရပ်ကွက်မှာ အသွားအလာကန့်သတ်ထားတဲ့နေရာကို တွေ့ရစဉ်

မြန်မာရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော် နေထိုင်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့ တဖက်ကမ်းက တာ့ခ်ခရိုင် မဲဆောက်မြို့ကို ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ မဲဆောက်မြို့ အပါအဝင် တာ့ခ် ခရိုင်အတွင်း ခရီးသွားလာမှုတွေကို ပိတ်ပင်ထားပြီး ဒီကန့်သတ်ချက်တွေကို မလိုက်နာသူတွေဟာ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ လေးသောင်း ဒါမှမဟုတ် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ၂ မျိုးလုံး ကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်တဲ့အနေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက အခုလို ကန့်သတ်မှုတွေ ထုတ်ပြန်လိုက်တာလို့ မဲဆောက်မြို့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

"ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီးတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မဲဆောက်အပါအဝင် တာ့ခ် ခရိုင်အတွင်းမှာ နေထိုင်ကြတဲ့ ထိုင်းရော မြန်မာရော၊ အားလုံးသော လူတွေက တာ့ခ်ခရိုင် အုပ်ချုပ်ရေး အမိန့်နဲ့ ခရိုင်နယ်မြေကို ပိတ်ဆို့လိုက်ပါတယ်။ အချိန်နဲ့တပြေးညီ ကာကွယ်ထိန်းချုပ်မှုတွေ ပြုလုပ်မယ်ဆိုတော့ အခု လိုအပ်ချက် ရှိလာလို့ပေါ့။ ထိုင်း-မြန်မာနယ်စပ်အနေနဲ့ ဟိုတလော ရက်ပိုင်းအတွင်းမှာဘဲ အမှတ် ၃ စစ်တိုင်းမှူး ကွင်းဆင်းကြည့်ရှုတယ်လေ။ လုံခြုံရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ အကုန်သုံးသပ်ပြီးတော့မှ အခုလို လော့ဒ်ဒေါင်းချလိုက်တာ ဖြစ်တယ်”

ဒီအမိန့်ထုတ်ပြန်ချက်အရ အငှားယာဉ်မောင်းနှင်မှုတွေ အားလုံး ရပ်နားထားရမှာ ဖြစ်သလို လူ ၂၀ ထက် ပိုမစုရ၊ စားသောက်ဆိုင်မှာ မစားရဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဈေးတွေကိုလည်း သတ်မှတ်ထားတဲ့ ရက်တွေမှာပဲ အလှည့်ကျ ဖွင့်ရမှာဖြစ်ပါတယ်။ ဒီအသွားအလာ ကန့်သတ်မှုဟာ လာမယ့်၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိ ကနဦး အကျုံးဝင်မှာ ဖြစ်ပါတယ်။

မဲဆောက်မြို့မှာ မကြာသေးခင်က မြန်မာယာဉ်မောင်း ၄ ဦးနဲ့ ထိုင်း တဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရတာ ပထမဆုံးတွေ့ရခဲ့ပြီး အခုဆိုရင် လူ ၄၀ ကနေ ၅၀ ကြား ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ရေးကိုလည်း ဒီဇင်ဘာလ ၂၉ ရက်နေ့ ကစပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိ ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တာ့ခ်ခရိုင် မဲဆောက်မြို့ဟာ အသွားအလာ ကန့်သတ်ဖို့ အမိန့်ထုတ်လိုက်တဲ့ ဒုတိယနေရာဖြစ်ပြီး ပထမဆုံး အသွားအလာ ကန့်သတ်လိုက်တာကတော့ စမွတ်ဆာခွန်ခရိုင် ဖြစ်ပါတယ်။

အဲဒီ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကာလအတွင်း ရောဂါပိုးရှိသူ တထောင် ကျော်ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံး ပါဝင်ခဲ့ပါတယ်။ ပိုးကူးစက်ခံရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ငါးရာကျော် ပြန်လည်သက်သာလာပြီလို့ ကျန်းမာရေးဝန်ကြီးက ဒီဇင်ဘာလ ၂၈ ရက် နေ့က ထိုင်းဒေသတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒီရောဂါ ပျောက်ကင်းသွားသူတွေကို ရောဂါပျောက်ကင်းကြောင်း ထောက်ခံစာတွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထည့်သွင်း ပြောဆိုထားပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ရွှေ့ပြောင်းလုပ်သားတွေ ငါးရာလောက် ရောဂါပျောက်ကင်းပြီ ဆိုပေမယ့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေး အခြေအနေကို အသေးစိတ် မသိရဘူးလို့ မဟာချိုင်မြို့က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)က ဦးအောင်ကျော်က ပြောပါတယ်။

“မနေ့က ကျန်းမာရေးဝန်ကြီးဌာနကတော့ ကူးစက်ခံထားရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲက လူ ငါးရာ လောက်က ကျန်းမာရေး ကောင်းမွန်သွားပြီလို့ ကြေညာလိုက်တယ်။ နောက်ပိုင်းကာလထဲက မြင့်တက် နေတာက ဒီလော့ဒ်ဒေါင်းချထားတဲ့ ဧရိယာထဲမှာပဲ စားဆေးလေးတွေ ပေးပြီးထားထားတာ။ သူတို့ အခြေအနေကောင်းတာကို စိတ်ဝင်စားနေတာ။ သို့သော် မနေ့ကလည်း မြန်မာသံရုံးက သံမှူးကြီးနဲ့ စကားပြောဖြစ်တယ်။ ကလေးတွေအတွက် ကျန်းမာရေးကောင်းတယ်လို့ ပြောကြတယ်။ နောက်တော်တော် များများပြောတာက ရွှေ့ပြောင်း အလုပ်သမားတွေက အသက် အရွယ်အပိုင်းအခြားအားဖြင့် ငယ်ရွယ်နုပျိုတဲ့ အပိုင်းဆိုတော့ ကြားခဲ့ရတယ်။ ဘယ်လောက်ထိ ကျန်းမာရေး အခြေအနေကောင်းတယ်ဆိုတာက အတိအကျတော့ မသိနိုင်ဘူးပေါ့နော်”

မဟာချိုင်က ရွှေ့ပြောင်းလုပ်သား ကိုထွန်းဝင်းအောင်ကလည်း ရောဂါပိုးရှိသူနဲ့ မရှိသူ အတူထားတာ ဖြစ်လို့ ဘယ်သူတွေက ပျောက်ကင်းသွားတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။

“ရွှေ့ပြောင်းလုပ်သား အယောက်ငါးရာက ရောဂါပျောက်ကင်းသွားပြီလို့ ပြောတယ်။ အဲဒီရောဂါ ပျောက်ကင်းသွားတဲ့ ငါးရာအတွက်ကိုလည်း အပြင်သွားခွင့်ရဖို့ စာရွက် ထုတ်ပေးမယ်လို့ ပြောထားပါတယ်။ အဲဒီငါးရာက ဘယ်ကဆိုတာလည်း ကျနော်တို့ကို တိတိကျကျအတိက ပြောထားတာမရှိဘူး။ မနေ့က လူ ၁၁ ယောက်ကို တော့ ကျန်းမာရေး ထောက်ခံစာ လာပေးသွားတယ်။ ဒါပေမဲ့ ကျန်တဲ့လူတွေက ဘယ်သူတွေက မသိရသေးဘူး ။ ဘယ်သူတွေက ရောဂါရှိပြီးတော့ ဘယ်သူတွေက ပျောက်ကင်းတယ် ဆိုတာကို မရှိသေးဘူး။ အကုန်လုံးကတော့ ဒီတလန်ကွန့်ဈေးထဲမှာပဲ အတူနေနေကြတယ်”

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်း မဟာချိုင်မြို့ က ပုဇွန်ဈေးအနီးတဝိုက်က ရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးသလို၊ စစ်ပြီးသား လူတွေ ကိုလည်း ဒုတိယတကြိမ် စစ်ဆေးပေးပါတယ်။ ပိုးမတွေ့ဘူးဆိုရင် အပြင်ထွက်ခွင့် ကျန်းမာရေးအာမခံလက်မှတ် ထုတ်ပေးမယ်လို့ ပြောတယ်လို့ ကိုထွန်းဝင်း အောင်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခုထဲက ခရိုင် ၄၀ ကျော်မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့နေပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၁၅၅ ဦးရှိပါတယ်။ အဲဒီထဲက ၁၃၅ ဦးက ပြည်တွင်း ကူးစက်မှုဖြစ်ပြီး အဲဒီအထဲမှာ ရွှေ့ပြောင်းလုပ်သား ၁၁ ဦး ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/maesot-lockdown-12292020091418.html

မြန်မာတသိန်းကျော် နေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အဝင်အထွက်ပိတ်ပင်  မြန်မာတသိန်းကျော် နေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အဝင်အထွက်ပိတ်ပင် Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.