ငွေကြေးလိမ်လည်မှုနဲ့ဟောင်ကောင်မီဒီယာသူဌေးကြီး ထိန်းသိမ်းခံရ

မစ္စတာလိုင်ဟာ ဒီနှစ်အစောပိုင်းတုန်းကလည်း အမျိုးသားလုံခြုံရေး ဥပဒေနဲ့ အဖမ်းခံခဲ့ရ

ဟောင်ကောင်ဒီမိုကရေစီအရေး ထောက်ခံအားပေးသူ မီဒီယာ သူဌေးကြီး ဂျင်မီလိုင်ကို ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ စွဲချက်တင်လိုက်ပြီး လာမယ့်နှစ် ဧပြီလ တရားရုံးထုတ် ကြားနာစစ်ဆေးမှုမတိုင်ခင်ထိ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

သူကုမ္ပဏီရဲ့ တိုက်တာအဆောက်အအုံတွေကို တရားမဝင် အသုံးပြုခဲ့မှုနဲ့ ဆက်စပ်တဲ့ တရားစွဲဆိုမှုတခုအပေါ်မှာ အာမခံလျှောက်ထားမှုကို တရားရုံးက ကြာသပတေးနေ့မှာ ပယ်ချခဲ့ပါတယ်။

ဟောင်ကောင်ဒီမိုကရေစီအရေးလိုလားသူ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ သုံးဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး နောက်တရက်မှာ တရားရုံးက အခုလို ဆုံးဖြတ်ခဲ့တာပါ။

ဒီဖြစ်ရပ်တွေကြောင့် အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်ကို ကိုင်စွဲပြီး ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာ သမားတွေကို ထပ်မံနှိမ်နင်းမှုတခုဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

မစ္စတာလိုင်ဟာ ဒီနှစ်အစောပိုင်းတုန်းက အမျိုးသားလုံခြုံရေး ဥပဒေနဲ့ အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။

ဟောင်ကောင်မှာ တနှစ်ကြာ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒီဥပဒေသစ်ကြောင့် တည်ငြိမ်မှု ပြန်လည်ရရှိလိမ့်မယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဒီဥပဒေဟာ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို နှုတ်ဆိတ်အောင် လုပ်တာလို့ ထောက်ပြပြောဆိုကြပါတယ်။။

ဘယ်လိုဖြစ်ပျက်ခဲ့လဲ

အသက် ၇၃ နှစ်အရွယ် မစ္စတာ လိုင်ဟာ Next Digital မီဒီယာ ကုမ္ပဏီက စီနီယာ အမှုဆောင်အရာရှိ နှစ်ဦးနဲ့အတူ ဗုဒ္ဓဟူးနေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာလိုင်ဟာ ဟောင်ကောင်မှာ လူအများအကြိုက်ဆောင်ရေးသားတဲ့ Apple Daily နေ့စဉ်ထုတ် သတင်းစာထုတ်ဝေတဲ့ Next Digital မီဒီယာတိုက် တည်ထောင်သူဖြစ်ပါတယ်။

သူထုတ်ဝေတဲ့ Apple Daily သတင်းစာဟာ ဟောင်ကောင်နဲ့ ပြည်မကြီးတရုတ်အစိုးရ ခေါင်းဆောင်မှုပိုင်းကို မကြာခဏဝေဖန်လေ့ရှိပါတယ်။

ကြာသပတေးနေ့မှာတော့ မစ္စတာလိုင်အပါအဝင် အမျိုးသားသုံးဦးဟာ သူတို့ကို စွဲဆိုထားတဲ့ ပြစ်မှုတွေကို ရင်ဆိုင်ဖို့ တရားရုံးကို လာရောက်ခဲ့ကြပါတယ်။

သူတို့တွေဟာ အငှားစာချုပ်က ခွင့်ပြုမထားတဲ့ အကြောင်းကိစ္စတွေအတွက် သူတို့ရဲ့ ကုမ္ပဏီဌာနချုပ်တွေကို တရားမဝင် အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ဒါနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်မထားပါဘူး။

မစ္စတာလိုင်ကို ကြာသပတေးနေ့မနက်ပိုင်းက တရားရုံးထုတ်စဉ်

ငွေကြေးလိမ်လည်မှု ပြစ်မှုဟာ အမျိုးသားလုံခြုံရေးဥပဒေအောက်မှာ မရှိပါဘူး။

ဒါပေမဲ့ Apple Daily သတင်းစာကြီးရဲ့ သတင်းတပုဒ်မှာတော့ ဒီအမှုကို ကိုင်တွယ်မယ့် တရားသူကြီးကို ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းက အမျိုးသားလုံခြုံရေးအမှုတွေအတွက် စနစ်တကျ ရွေးချယ်ထားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ထိန်းသိမ်းခံထားရသူတွေရဲ့ နာမည်ကို ဖော်ပြမထားပါဘူး။

ဒါပေမဲ့ အဲဒီထဲက တဦးဖြစ်တဲ့ ဂျင်မီလိုင်ဟာ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရဆဲဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

တခြားစီနီယာအမှုဆောင်အရာရှိ နှစ်ဦးကတော့ အာမခံ ရခဲ့ပေမယ့် မစ္စတာ လိုင်ကတော့ ပယ်ချခံခဲ့ရပါတယ်။

ဂျင်မီလိုင်ဆိုတာ ဘယ်သူလဲ

ဟောင်ကောင်ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုတွေကို ထောက်ခံသူတွေထဲမှာ လူသိများအထင်ရှားဆုံးသူတဦးဖြစ်တဲ့ မစ္စတာလိုင်ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုင်ဆိုင်တယ်လို့ ခန့်မှန်းတွက်ဆကြပါတယ်။

အဝတ်အထည်လုပ်ငန်းကနေ အရင်ဆုံး အောင်မြင်လာပြီးနောက် နောက်ဆုံးမှာ မီဒီယာ လောကထဲကို ခြေချခဲ့ပြီး Next Digtial မီဒီယာကကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။

ဟောင်ကောင် ဒေသတွင်း မီဒီယာမှာ တရုတ်အစိုးရကို ကြောက်စိတ်တွေ တိုးမြင့်လာချိန်မှာ မစ္စတာလိုင်ကတော့ တရုတ်အတွက် ဆူးငြောင့်ခလုတ် ဖြစ်လာပါတယ်။

မစ္စတာလိုင်ဟာ တရုတ်အစိုးရ ခေါင်းဆောင်မှုပိုင်းကို သတင်းစာကနေကော ရေးသားမှုတွေကပါ ပွင့်ပွင့်လင်းလင်း ဆက်တိုက် ဝေဖန်ထောက်ပြခဲ့တာပါ။

ဒါကြောင့် ဟောင်ကောင်ပြည်သူအများအပြားအတွက် "သူရဲကောင်းတဦး"လို့ သူ့ကို ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ် ပြည်မကြီးကတော့ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်တဲ့ "သစ္စာဖောက်တဦး"လို့ သူ့ကို ရှုမြင်ခဲ့ကြပါတယ်။

ဒီနှစ်အစောပိုင်းမှာ အမျိုးသားလုံခြုံရေးဥပဒေအောက်မှာရှိတဲ့ "နိုင်ငံခြားအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှု" နဲ့ သူ့ကို စွပ်စွဲခဲ့ပါတယ်။ ဩဂုတ်လမှာ သူ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

လုံခြုံရေးဥပဒေနဲ့ အဖမ်းခံရတဲ့ ဟောင်ကောင်တွင်း လူသိများအထင်ရှားဆုံးသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ သတင်းစာတိုက်ကိုလည်း ရဲတပ်ဖွဲ့ဝင်တရာကျော်က စီးနင်းဝင်ရောက် ရှာဖွေခဲ့ပါတယ်။

နောက်ပိုင်းမှာ အာမခံနဲ့ သူ ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဖမ်းဆီးမှုဟာ "ခြေလှမ်းအစပဲ ရှိသေးတယ်" လို့ ဘီဘီစီကို သူ ပြောခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ လက်ရှိအခြေအနေ

ပြီးခဲ့တဲ့ နှစ်က ဆန္ဒပြပွဲကြီးတွေမှာ ပါဝင်လှုပ်ရှားမှုနဲ့ တက်ကြွလှုပ်ရှားသူ ဂျော်ရှုဝါဝေါင်း၊ အိုင်ဗန် လမ်းနဲ့ အန်းဂ်နက်စ် ချောင်တို့ သုံးဦးကို ဗုဒ္ဓဟူးနေ့က ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဟောင်ကောင်တွင်း လူသိများအထင်ရှားဆုံး လူတွေထဲမှာ ပါတဲ့ ဒီလူငယ်တက်ကြွလှုပ်ရှားသူ သုံးဦးဟာ ခွင့်ပြုမိန့်မရပဲ စီတန်းလှည့်လည်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ သုံးဦး - အန်းဂ်နက်စ် ချောင်၊ အိုင်ဗန် လမ်းနဲ့ ဂျော်ရှုဝါဝေါင်း

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် AI လူ့အခွင့်အရေးအဖွဲ့ကြီးကတော့ ဒီစီရင်ချက်အပေါ် ရှုတ်ချလိုက်ပြီး "ဒါဟာ အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြရဲသူအားလုံး ဒီလိုအဖမ်းခံရနိုင်တယ်ဆိုတဲ့ သတိပေးချက်ကို လူတိုင်းဆီရောက်အောင် အာဏာပိုင်တွေဘက်က ပေးပို့လိုက်တာပဲ"လို့ ပြောပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55176047

ငွေကြေးလိမ်လည်မှုနဲ့ဟောင်ကောင်မီဒီယာသူဌေးကြီး ထိန်းသိမ်းခံရ  ငွေကြေးလိမ်လည်မှုနဲ့ဟောင်ကောင်မီဒီယာသူဌေးကြီး ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.