ဖိုင်ဇာ ကိုဗစ် ကာကွယ်ဆေး ယူကေမှာ နောက်တစ်ပတ် စထိုးမယ်

ဖိုင်ဇာ ကာကွယ်ဆေးကို ဘယ်လ်ဂျီယမ်နိုင်ငံမှာ ထုတ်လုပ်ပြီး အနုတ်-70C ဝန်းကျင်မှာ သိုလှောင်ထားရမယ်။

ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့အတွက် ကမ္ဘာမှာ ပထမဆုံးအနေနဲ့ ယူကေ က ခွင့်ပြုလိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်း အထိ အကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးဟာ လာမယ့် သီတင်းပတ်မှာ ပထမဆုံးအကြိမ် စတင် အသုံးပြုဖို့ ဘေးကင်းတယ်လို့ ဗြိတိန် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တဲ့ MHRA အေဂျင်စီက ပြောပါတယ်။

အသက်ကြီးရင့်သူတွေ၊ ခုခံအားနည်းတဲ့ လူနာတွေလို ကာကွယ်ဆေး အလိုအပ်ဆုံး သူတွေအတွက်၊ ကာကွယ်ဆေး ထိုးနှံမှုတွေကို လာမယ့်ရက်ပိုင်းအတွင်း စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဗြိတိန်ဟာ ကာကွယ်ဆေးအလုံးပေါင်း သန်း ၄၀ မှာထားပါတယ်။

လူတစ်ဦးကို နှစ်လုံးထိုးပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီပမာဏဟာ လူသန်း ၂၀ အတွက် ဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ပထမအသုတ်အနေနဲ့ ကာကွယ်ဆေး ရှစ်သိန်း ဗြိတိန်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဒါဟာ အတွေးအခေါ် အယူအဆတွေကနေ လက်တွေ့အကောင်အထည်ဖော် ထုတ်လုပ်တဲ့ အမြန်ဆုံး ကာကွယ်ဆေးဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဆယ်စုနှစ်တစ်ခုကြာ လုပ်ဆောင်ရတဲ့ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အဆင့်တွေကို ဆောင်ရွက်ဖို့ ၁၀ လတာပဲ အချိန်ယူခဲ့ပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က "ဒီကာကွယ်ဆေးတွေဟာ စီးပွားရေးလုပ်ငန်းတွေ နောက်တစ်ကြိမ် လည်ပတ်ဖို့နဲ့ ဆုံးရှုံးသွားတဲ့ အသက်တွေကို ပြန်လည်တောင်းခံဖို့ အခုနောက်ဆုံး ခွင့်ပြုလိုက်တာ ဖြစ်တယ်"လို့ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။


ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ သူတို့ အလှည့်ရောက်ရင် NHS ကျန်းမာရေးဌာနက ဆက်သွယ်လိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီး မတ် ဟမ်းကော့ခ်က BBC Breakfast အစီအစဉ်ကို ပြောပါတယ်။

NHS ကျန်းမာရေးဌာန အမှုဆောင်အရာရှိချုပ် ဆာ ဆိုင်မွန် စတီဗင်ကတော့ "ဗြိတိန် နိုင်ငံသမိုင်းမှာ အကြီးဆုံး ကာကွယ်ဆေးထိုးနှံ့ဖို့ အစီအစဥ်အတွက် ကျန်းမာရေးဌာနက ပြင်ဆင်နေခဲ့ပြီးဖြစ်တယ် "လို့ ပြောပါတယ်။

ဆေးရုံ ၅၀ နီးပါးဟာ အဆင်သင့်ဖြစ်နေပြီး အစည်းအဝေးခန်းမတွေလို ကာကွယ်ဆေးထိုးနှံ့မယ့် စင်တာတွေကိုလည်း အခု ပြင်ဆင်နေပါတယ်။

ကာကွယ်ဆေးထိုးနှံ့တာတွေ စတင်တော့မှာ ဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို အဆုံးသတ်နိုင်ဖို့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဆက်လက် လိုက်နာဖို့ လိုအပ်ပြီး သတိဆက်ရှိကြဖို့ လိုတယ်လို့ ကျွမ်းကျင်သူတွေက တိုက်တွန်းပါတယ်။

ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေကြဖို့၊ နှာခေါင်းစည်း (masks) တွေကို တပ်ဆင်ကြဖို့၊ ဗိုင်းရပ်စ်ပိုး ရှိနိုင်တဲ့ သူတွေ စမ်းသပ်ကြဖို့နဲ့ တစ်ဦးတည်း သီးခြားခွဲနေတဲ့ စည်းကမ်းတွေကို ဆက်လက်လိုက်နာရဦးမှာ ဖြစ်ပါတယ်။

"သတိမပေါ့ကြဖို့နဲ့ ဂရုတစိုက်နေကြဖို့ လိုတယ်" လို့ ဗြိတိန် ကျန်းမာရေးဆိုင်ရာ အကြီးအကဲ (Chief Medical Officer) ပါမောက္ခ ခရစ် ဝစ်တီက ပြောပါတယ်။

Imperial ကောလိပ်က ပါမောက္ခ ဒန်နီ အော်မန်ကလည်း ကာကွယ်ဆေးထိုးနှံဖို့ ခွင့်ပြုလိုက်တဲ့ သတင်းဟာ "အလွန်အရေးပါတယ်" လို့ ပြောပါတယ်။

"အမှန်တကယ် အကျိုးအာနိသင်ရှိတဲ့ ကာကွယ်ဆေးအသုံးပြုဖို့အတွက် ပထမဆုံး အရေးပေါ် ခွင့်ပြုမိန့် ကျလာပါပြီ။ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရပ်ပဲ" လို့လည်း သူက ဆိုပါတယ်။

ဒါဟာ သိပ္ပံပညာရပ်အတွက် အောင်မြင်မှုတစ်ခုပဲလို့ ဖိုင်ဇာကုမ္ပဏီက ပြောပါတယ်။

ကာကွယ်ဆေးအကြောင်း

ဒါဟာ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကနေ အန်မတန်သေးငယ်တဲ့ မျိုးဗီဇသင်္ကေတ တစ်စိတ်တစ်ပိုင်းကို အသုံးပြုထားတဲ့ mRNA ကာကွယ်ဆေးလို့ ခေါ်တဲ့ ပုံစံအသစ်ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့နဲ့ ကိုယ်ခံအား ဘယ်လို တည်ဆောက်မလဲဆိုတာ ခန္ဓာကိုယ်ကို သင်ကြားပေးပါတယ်။

mRNA ကာကွယ်ဆေးကို အရင်တုန်းက လူတွေမှာ အသုံးပြုခဲ့တာမျိုး မရှိပါဘူး။

ဘယ်ဂျီယံနိုင်ငံမှာ ထုတ်လုပ်တဲ့ ဒီကာကွယ်ဆေးဟာ အနုတ် ၇၀ စင်တီဂရိတ် နီးပါးမှာ သိုလှောင်ထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ရေခဲခြောက်တွေထည့်ထားတဲ့ အထူး သေတ္တာပုံးတွေနဲ့ ဒီဆေးတွေကို သယ်ယူရမှာ ဖြစ်ပါတယ်။

ရောက်ရှိလာပြီဆိုရင် ရေခဲသေတ္တာထဲမှာ ငါးရက်အထိ ထားနိုင်ပါတယ်။

ဘယ်သူတွေ ဘယ်တော့ ကာကွယ်ဆေးထိုးနှံ့ခွင့်ရမှာလဲ။

ရောဂါ ကူးစက်နိုင်ခြေအရှိဆုံး လူစာရင်းကို အဓိကထားပြီး ဦးစားပေးလူစာရင်းကို ပညာရှင်တွေ ပြင်ဆင်ရေးသားခဲ့ပါတယ်။

ထိပ်ဆုံးမှာတော့ စောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်ကြသူတွေနဲ့ ဝန်ထမ်းတွေ၊ အသက် ၈၀ ကျော် ဒေသခံတွေ၊ ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ကူညီရေး အလုပ်သမားတွေ ရှိပါတယ်။

သူတို့တွေဟာ ကာကွယ်ဆေး ပထမအသုတ် ထိုးနှံ့ခွင့် ရကြမှာပါ။ အဲဒီထဲက တချို့ဟာ လာမယ့်အပတ်မှာ စတင်ထိုးနှံ့ခွင့်ရကြမှာ ဖြစ်ပါတယ်။

အသက် ၅၀ ကျော်သူတွေနဲ့ ရောဂါအခံရှိတဲ့ လူငယ်တွေဟာ ၂၀၂၁ ခုနှစ်အတွင်း ကာကွယ်ဆေးတွေ ထပ်ရောက်လာတဲ့အချိန်ကျရင် ထိုးနှံ့ခွင့်ရနိုင်ပါတယ်။

လူတစ်ဦးကို ကာကွယ်ဆေး နှစ်လုံးထိုးပေးရမှာဖြစ်ပြီး တစ်လုံးနဲ့ တစ်လုံး ၂၁ ရက် ခြားရမှာ ဖြစ်ပါတယ်။

ကိုယ်ခံအားမြှင့်တင်ဖို့အတွက် သီတင်းပတ် အနည်းငယ် အချိန်ယူရပါမယ်။

တခြား ကိုဗစ်ကာကွယ်ဆေးတွေက ဘာတွေလဲ

မကြာခင်မှာ ခွင့်ပြုမိန့် ရလာနိုင်တဲ့ တခြား ကာကွယ်ဆေးတချို့လည်း ရှိပါတယ်။

မိုဒါးနား Moderna ကုမ္ပဏီရဲ့ ကာကွယ်ဆေးဟာလည်း ဖိုင်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေးလို တူညီတဲ့ mRNA မျိုးဗီဇကို အသုံးပြုထားတာဖြစ်ပြီး ဗိုင်းရပ်စ်ပိုးကို ၉၀ ရာခိုင်နှုန်းကျော် အကာအကွယ်ပေးပါတယ်။

ဗြိတိန်က မိုဒါးနားရဲ့ ကာကွယ်ဆေးပေါင်း ၇ သန်းကို ကြိုတင်မှာယူထားပြီး ဖြစ်သလို လာမယ့်နွေဦးရာသီမှာ ထိုးနှံ့ခွင့်ရနိုင်ပါတယ်။

တခြား မတူတဲ့ ပုံစံတစ်မျိုးနဲ့ ထုတ်လုပ်နေတဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ အက်စရာ ဇနက်ကာ ဆေးကုမ္ပဏီတို့ရဲ့ ကာကွယ်ဆေးကိုလည်း ယူကေ က သန်း ၁၀၀ မှာယူထားပါတယ်။

ဒီကာကွယ်ဆေးဟာ အန္တရာယ်ကင်းတဲ့ ဗိုင်းရပ်စ်ပိုးကို အသုံးပြုထားတာဖြစ်ပါတယ်။

ရရှားကလည်း စပွန့်နင့်ခ် Sputnik လို့ခေါ်တဲ့ ကာကွယ်ဆေးကို အသုံးပြုနေပါတယ်။

တရုတ်စစ်တပ်ကလည်း ကန်စီနို ဘိုင်အိုလောဂျစ် CanSino Biologics ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေး နောက်တစ်မျိုးကို ခွင့်ပြုလိုက်က်ပါတယ်။

အဲဒီကာကွယ်ဆေးနှစ်မျိုးလုံးက အောက်စ်ဖို့ဒ်ကာကွယ်ဆေးလို အလားတူနည်းလမ်းကို အသုံးပြုထားဖြစ်ပါတယ်


BBC Burmese

https://www.bbc.com/burmese/burma-55158368

ဖိုင်ဇာ ကိုဗစ် ကာကွယ်ဆေး ယူကေမှာ နောက်တစ်ပတ် စထိုးမယ်  ဖိုင်ဇာ ကိုဗစ် ကာကွယ်ဆေး ယူကေမှာ နောက်တစ်ပတ် စထိုးမယ် Reviewed by THITHTOOLWIN on 22:07 Rating: 5

No comments:

Powered by Blogger.