ထိုင်းမှာ ဆိုင်ကယ်တိုက်ခံရတဲ့ ဆင်ပေါက်လေးတစ်ကောင်ကို နှလုံးနှိုးဆွ သူနာပြုနည်းနဲ့ အသက်ကယ်နိုင်ခဲ့

လမ်းဖြတ်ကူးတဲ့ ဆင်ပေါက်လေး ဆိုင်ကယ်တိုက်ခံရတာကို ကယ်ဆယ်နိုင်ခဲ့

ထိုင်းမှာ ကားလမ်းဖြတ်ကူးနေတုန်း ဆိုင်ကယ်အတိုက်ခံရလို့ မေ့မျောနေတဲ့ ဆင်ပေါက်လေး တစ်ကောင်ဟာ သူ့အနီးအနားကို ရောက်လာတဲ့ လူတစ်ယောက်က နှလုံးနှိုးဆွ CPR လုပ်ပေးပြီး အကူအညီပေးခဲ့တဲ့အတွက် အသက်ရှင်နိုင်ခဲ့ပါတယ်။

ဆင်ပေါက်လေးကို အသက်ရှင်အောင်လုပ်ပေးနိုင်ခဲ့သူ မာနာ ဆရီဗက်တီဟာ အရေးပေါ် အသက်ကယ် ကျန်းမာရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အားလပ်ရက်မှာ ခရီးသွားနေစဉ် ဒီအဖြစ်ကို ကြုံခဲ့ရလို့ ချက်ချင်း အကူအညီပေးခဲ့တာပါ။

သူဟာ သူ့အလုပ်ခွင်အတွင်း လူပေါင်း ၄၀၊ ၅၀ လောက်ကို နှလုံးနှိုးဆွတဲ့သူနာပြုနည်းနဲ့ အသက် ကယ်တင်ဖို့ လုပ်ပေးခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဆင်ကို လုပ်ပေးရတာတော့ ဒါပထမဆုံးအကြိမ်ပဲလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မှောင်မဲနေတဲ့ လမ်းမတစ်ခုရဲ့ဘေးမှာ လဲနေတဲ့ ဆင်ပေါက်လေးကို သူ လက်နှစ်ဖက်လုံးနဲ့ ဖိပြီး နှလုံးနှိုးဆွပေးနေတာကို မှတ်တမ်းတင်ရိုက်ထားတဲ့ ဗီဒီယိုက အွန်လိုင်းမှာ အလျင် အမြန်ပျံ့နှံ့ခဲ့ပါတယ်။

ဆင်ပေါက်လေးဟာ ၁၀ မိနစ်လောက်ကြာပြီးတဲ့အခါမှာ မတ်တတ်ရပ်နိုင်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံအရှေ့ပိုင်း ချန်သဘူရီ ခရိုင်အတွင်းမှာ သဘာဝ တောဆင်ရိုင်း တစ်အုပ် ကားလမ်း ဖြတ်ကူးဖို့ ကြိုးစားခဲ့ကြတာပါ။

ဗီဒီယိုထဲမှာ မစ္စတာ မာနာရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ဆင်ပေါက်လေးကို တိုက်မိပြီး လဲကျနေတဲ့ မော်တော်ဆိုင်ကယ် စီးလာသူကို ပြုစုပေးနေတာကိုလည်းတွေ့ရပါတယ်၊ သူ့ကတော့ အသည်းအသန်ဒဏ်ရာတွေ မရခဲ့ပါဘူး။

အသက်ကယ်ကျန်းမာရေးဝန်ထမ်းအဖြစ် ၂၆ နှစ်ကြာ လုပ်သက်ရှိနေပြီဖြစ်တဲ့ မစ္စတာ မာနာက တနင်္ဂနွေနေ့ညပိုင်း သူအားလပ်ရက် ခရီးထွက်နေတုန်း ဒီအဖြစ်နဲ့ ကြုံခဲ့ရတာလို့ ရိုက်တာသတင်း ဌာနကို ပြောပါတယ်။

"ကျွန်တော့်စိတ်ထဲမှာတော့ အသက်ကယ်နိုင်ဖို့ပဲ ဇောကပ်နေတယ်၊ ဒါပေမဲ့ သူ့အမေ ဆင်မကြီးနဲ့ တခြားဆင်တွေက ဆင်ပေါက်လေးကို ခေါ်နေကြတဲ့အသံတွေက ကြားနေရတော့ တချိန်လုံး စိတ်ပူနေရတယ်"

"လူမှာလိုပဲ ဆင်ရဲ့နှလုံးက ဘယ်နေရာလောက်မှာ ရှိမယ်ဆိုတာ မှန်းကြည့်မိတယ်၊ အရင်က အွန်လိုင်းက ဗီဒီယိုကလစ်တစ်ခုမှာလည်း တွေ့ခဲ့ဖူးပါတယ်"

"ဆင်ကလေး စလှုပ်ရှားလာတာတွေ့တော့ ကျွန်တော် ငိုချတော့မတတ်တောင် ဖြစ်သွားခဲ့တယ်" လို့ သူက ပြောပါတယ်။

ဆင်ပေါက်လေး ထရပ်နိုင်ပြီးတဲ့နောက် လိုအပ်တာတွေ ကုသပေးနိုင်ဖို့အတွက် နေရာတစ်ခုကို ခေါ်သွားကြတယ်၊ ကုသပေးပြီးနောက်ပိုင်းမှာတော့ ဆင်ပေါက်လေး သူ့အမေနဲ့ ပြန်ဆုံနိုင်အောင် မျှော်လင့်ပြီး စဖြစ်တဲ့နေရာကို ပြန်ခေါ်ယူသွားကြတယ်လို့ ရိုက်တာသတင်းထဲမှာ ဖော်ပြထားပါတယ်။ ဆင်ပေါက်လေးဟာ အကြီးအမား ဒဏ်ရာတွေ မရခဲ့ဖူးလို့လည်း သိရပါတယ်။

ဆင်ပေါက်လေး အော်ခေါ်သံကို သူ့အမေက ကြားသွားတဲ့အခါ သူ့အမေနဲ့ တခြားဆင်တွေ ဆင်ပေါက်လေးရဲ့ နေရာကို ပြန်လာကြတယ်လို့ မစ္စတာ မာနာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

နှလုံးနဲ့ အဆုတ်ကို နှိုးဆွတဲ့ CPR နည်းနဲ့ သူ အသက်ကယ်နိုင်ခဲ့တာ ဒီဆင်လေးပဲ ရှိပါသေးတယ် လို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55425949

ထိုင်းမှာ ဆိုင်ကယ်တိုက်ခံရတဲ့ ဆင်ပေါက်လေးတစ်ကောင်ကို နှလုံးနှိုးဆွ သူနာပြုနည်းနဲ့ အသက်ကယ်နိုင်ခဲ့  ထိုင်းမှာ ဆိုင်ကယ်တိုက်ခံရတဲ့ ဆင်ပေါက်လေးတစ်ကောင်ကို နှလုံးနှိုးဆွ သူနာပြုနည်းနဲ့ အသက်ကယ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 00:52 Rating: 5

No comments:

Powered by Blogger.