၂၀၂၀ ပြည့်နှစ်ဟာ လေယာဉ်တွေ ဝေဟင်မှာ ခရီးစဉ် မပျံသန်းနိုင်ဘဲ ကုန်းပေါ်မှာ ရပ်ထားတဲ့နှစ်ဖြစ်ပြီး ကိုဗစ်အတွက် ဆေးမရှိသေးခဲ့လို့ ဆေးရုံတွေကို သွားရမှာ ကြောက်သလို ဖြစ်ခဲ့ရတဲ့နှစ်လည်း ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ စတင် ပြန့်ပွားခဲ့ပြီး အဲဒီနောက်မှာ ပင်လယ်ကူး အပျော်စီးသင်္ဘောတွေမှာ အဖြစ်များတာကို စတင် တွေ့လာရပါတယ်။
ဒီလို ဖြစ်လာတဲ့အခြေအနေမှာ လက်ရှိအချိန်လို ကျောင်းတွေပိတ်၊ လုပ်ငန်းတွေ ပိတ်ပြီး အသွားအလာတွေပါ ပိတ်ရတဲ့ လော့ဒေါင်း လုပ်ပြီး ကြိုတင် ကာကွယ်ဖို့ ဆိုတာထက် အဲဒီ ဖြစ်နေတဲ့နေရာတွေက ထွက်လာသူတွေရဲ့ အသွားအလာကို အစကောက်ပြီး ရောဂါပိုး ပျံ့နှံ့မှု ကာကွယ်ရေးတွေ လုပ်ရင် ရလောက်တယ် ဆိုပြီး ယူဆထားခဲ့ကြတာ များပါတယ်။
လက်ရှိ အနေအထားလို ကမ္ဘာအနှံ့ ပြည်တွင်း လော့ဒေါင်းချမှုတွေနဲ့တကွ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ကန့်သတ်ခြင်းနဲ့အတူ တကမ္ဘာလုံး လုပ်ငန်းတွေ ရပ်ဆိုင်းထားရသလို ဖြစ်တဲ့ အနေအထားအထိတော့ ကြိုမြင်ထားကြသူကလည်း ရှားပါလိမ့်မယ်။
၂၀၁၉ မှာ အစပျိုးလာခဲ့တဲ့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုအတွက် အရေးပေါ်လုပ်ဆောင်ဖို့ ၂၀၂၀ မှာ ပိုလိုအပ်လာပြီး တကယ် တခုခု ထလုပ်ကြရတဲ့ အခြေအနေဖြစ်လာမယ် ဆိုတာလောက်သာ အဆိုးဆုံး တွေးထားကြတာမျိုး ဖြစ်နိုင်ခဲ့ပါတယ်။
၂၀၂၀ နှစ်အစမှာလည်း ဒီလို ခန့်မှန်းချက်မျိုး ဖြစ်စေခဲ့တဲ့ သြစတြေးလျနိုင်ငံအတွင်း တောမီးနဲ့ တောချုံပုတ်မီး အကြီးအကျယ် လောင်ကျွမ်းမှုက နိုင်ငံတကာ သတင်းဌာနတွေရဲ့ ခေါင်းကြီးပိုင်းတွေမှာ နေရာယူထားခဲ့ပါတယ်။
သြစတြေးလျ တောမီးအရှိန်ကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဆစ်နဒီ အော်ပရာ ရုံတော် အဆောက်အအုံရဲ့ သုံးထောင့် အမိုးအထပ်အထပ်တွေ ပတ်လည်မှာ မီးခိုးမြူတွေ ဆိုင်းနေတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်တွေ ထွက်လာအခုလို မကြုံစဖူးအခြေအနေကြောင့် သြစတြေးလျမြို့တော် ဆစ်ဒနီမြို့က ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ အဖွဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဆစ်နဒီ အော်ပရာရုံ အဆောက်အအုံရဲ့ သုံးထောင့် အမိုးအထပ်အထပ်တွေ ပတ်လည်မှာ မီးခိုးမြူတွေ ဆိုင်းနေတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်တွေ ထွက်လာတာကို ကမ္ဘာက မြင်ခဲ့ကြရပါတယ်။
နှာခေါင်းစည်းတွေနဲ့ မြင်ကြရမယ့် အနာဂတ်
ဒါ့အပြင် ကမ္ဘာပေါ်က နေချင့်စဖွယ် အဖြစ်ဆုံး မြို့တော်တွေထဲမှာ အပါအဝင်လို့ ဆိုနိုင်တဲ့ ဆစ်နဒီ မြို့သူမြို့သားတွေဟာလည်း အဲဒီမှာ လက်ရှိ ကိုဗစ်အခြေအနေ ဖြစ်မလာခင် ကတည်းက နှာခေါင်းစည်းတွေ တပ်ထားရတာကိုပါ မြင်ခဲ့ကြရပါတယ်။
၂၀၂၀ ပြည့်နှစ်ထဲဝင်လာတာနဲ့အမျှ အခုလို နှာခေါင်းစည်းတပ်ရတဲ့ အခြေအနေက တကမ္ဘာလုံးကို ပျံ့နှံ့သွားတာ တွေ့ကြရမှာဖြစ်ပြီး မီးခိုးမြူလို ရှောင်လွဲလို့မရတဲ့၊ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက် ထိခိုက်နိုင်တဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေကြောင့် ဒီလိုဖြစ်လာရတာ အများအသိလည်း ဖြစ်ပါတယ်။
အဲဒီ နှာခေါင်းစည်းတပ်ရတဲ့ အခြေအနေဟာ ၂၀၂၀ ရဲ့ အမှတ်သင်္ကေတ ဖြစ်လာရုံသာမက ကိုဗစ်နောက်ပိုင်း စိုးရိမ်စရာ ခေတ်အခြေအနေရဲ့ အမှတ်သင်္ကေတလည်း ဖြစ်လာတော့မယ့် အနေအထား ရှိနေပါတယ်။
ဗိုင်းရပ်စ်မျိုးကွဲသစ်တမျိုးကြောင့် ဗြိတိန်က လာသူတွေကို ကမ္ဘာ့တဝန်း နိုင်ငံတွေ ကန့်သတ်
အကြောင်းကတော့ ၂၀၂၀ နှစ်ကုန်လာချိန်မှာလည်း ဥရောပအပါအဝင် ကမ္ဘာတဝှမ်း နှစ်ကျော့ပြန်မက ကိုဗစ် ကူးစက်နှုန်းတက်မှုတွေ တက်လာနေလို့ လော့ဒေါင်းတွေ ပြန်လုပ်လာရတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။
ပထမကမ္ဘာစစ်အပြီး ပြန်လည်နာလန်ထူလာတဲ့ ဥရောပနိုင်ငံတွေအပါအဝင် အမေရိကန်နိုင်ငံတို့မှာ ၁၉၂၀ ပြည့်လွန် စီးပွားရေးနဲ့ ယဉ်ကျေးမှု အရှိန်တက်တဲ့ကာလလိုပဲ ၂၀၂၀ ပြည့်လွန်နှစ်တွေကိုမှာလည်း အလားတူ တိုးတက်မှုတွေ ရှိလာမယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုအချိန်မှာတော့ လာမယ့် ၂၀၂၀ ပြည့်လွန်နှစ်တွေကို နှာခေါင်းစည်းတပ်ထားပြီးမှ စိတ်လေးလေးနဲ့ ကျော်ဖြတ်ရမလို ဖြစ်လာနေပါတယ်။
ဒါ့ကြောင့်လည်း အနာဂတ်မှာ တိုးတက်လာရမယ့်အစား လူမှုဘဝ ရုန်းကန်ရမှု ကျပ်တည်းလာရတယ်ဆိုတဲ့ ဇာတ်ကြောင်းကို အခြေခံထားတဲ့ ရုပ်ရှင်နဲ့ စာပေတွေဟာ လက်ရှိ ကပ်ရောဂါအခြေအနေ ဖြစ်လာခါစမှာ ခေတ်စားလာခဲ့တာကို တွေ့ရပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်းမှာ အလုပ်မလုပ်ရဘဲ အိမ်တွင်းအောင်းနေရသူ အများစုအတွက် နေ့တွေ၊ ရက်သတ္တပတ်တွေ၊ လ တွေ ဘယ်လောက်ရောက်နေပြီလဲ ဆိုတာ အမှတ်မထားမိတော့အောင် ဖြစ်လာစေခဲ့ပြီး ဘယ်အချိန်ရှိပြီလဲဆိုတာမျိုးက အရင်ပုံမှန်ဘဝမှာလို အရေးလုပ် သတိဝင်နေစရာ မလိုလောက်တဲ့ အထိ ဒီကပ်ရောဂါ အခြေအနေရဲ့ ရိုက်ခတ်သွားခဲ့ပါတယ်။
လက်ရှိ ကပ်ရောဂါ အခြေအနေ ဖြစ်လာခါစမှာဆိုရင် လပိုင်းတောင်မဟုတ်၊ ရက်သတ္တပတ် အပိုင်းအခြားတခု ပြီးသွားရင် ပုံမှန်ပြန်ဖြစ်သွားမယ်ဆိုပြီး ယူဆသူတွေလည်း ရှိခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေ ပို့ဆောင်ဖို့ စင်္ကာပူပြင်ဆင်
ဒါပေမယ့် တကယ်တမ်းကတော့ လက်ရှိ ကပ်ရောဂါ အခြေအနေက ရက်ကနေ လပိုင်း၊ အခု ဆိုရင် ၂၀၂၁ ဘက်ကို ကူးတဲ့အထိ နှစ်နဲ့ ချီပြီး ကြာလာပြီ ဖြစ်ပါတယ်။
၂၀၂၀ မှာ ကြုံခဲ့ရတာ ကိုဗစ်တစ်ခုထဲ မဟုတ်
အခုလက်ရှိ ပြောလာသလောက်ဆိုရင် ၂၀၂၀ အတွင်း လူသားတွေကို သိသိသာသာ အဆိုးဆုံး သက်ရောက်မှုဖြစ်စေတယ်လို့ ဆိုနိုင်တဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေကိုသာ သုံးသပ်ရသေးတာဖြစ်ပြီး အခြား ဆိုးရွားတဲ့ အဖြစ်အပျက်တွေကိုလည်း ကမ္ဘာကြီးက ကြုံခဲ့ရတာကို တွေ့နိုင်ပါတယ်။
၂၀၂၀ အတွင်းမှာ လူသားတွေ ကြုံရတဲ့ မကောင်းတဲ့ သက်ရောက်မှုတွေကတော့ ကိုဗစ်ကြောင့် ကမ္ဘာတလွှားက လူတွေ သေဆုံးရမှု၊ ကိုဗစ်ကြောင့်ပဲ လူတွေ သန်းချီပြီး အလုပ်လက်မဲ့ဖြစ်ရမှု၊ ကိုဗစ်ကြောင့် ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ မတွေ့ရဘဲ ဝေးကွာနေရမှု၊ အစိုးရဝန်ထမ်းဖြစ်တဲ့ ရဲတွေကိုယ်တိုင်က မတရားလုပ်တဲ့ အခြေအနေတွေ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းတွေမှာ ရောက်လာမှု၊ ၂၀၂၀ သြဂုတ်လမှာ ဖြစ်ခဲ့တဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က ဆိပ်ကမ်းတခု ဆိုးဆိုးဝါးဝါး ပျက်စီးတဲ့အထိ ဓာတုပစ္စည်းတွေ ပေါက်ကွဲမှု၊ သြစတြေးလျနိုင်ငံမှာ လောင်တဲ့ တောမီးကြောင့် တိရစ္ဆာန်အရေအတွက် သန်းထောင်နဲ့ချီတဲ့အထိတောင်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
၂၀၂၀ ဟာ အဆိုးဆုံးလား
၂၀၂၀ ပြည့်နှစ်ဟာ ဒီလောက်အထိ အခြေအနေမကောင်းခဲ့ဘူးဆိုတော့ ဒီနှစ်အတွင်းမှာ ကြုံခဲ့ရတာတွေကြောင့် သမိုင်းမှာ အဆိုးဆုံးနှစ်လို့ ပြောနိုင်ပြီလား ဆိုတာတောင် မေးစရာ ဖြစ်လာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဝယ်ယူသိုလှောင်နေကြ
ဒီတော့ တကယ်တမ်း ဒီလို သမိုင်းမှာ အဆိုးဆုံးနှစ်လို့ ပြောလို့ ရမရ ဆိုတာကို အရင် ကမ္ဘာကြီး ကြုံခဲ့ရတဲ့ ရောဂါကပ်တွေရဲ့ သက်ရောက်မှု အနေအထားနဲ့ ချိန်ထိုး နှိုင်းယှဉ်ကြည့်သင့်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန် ခရစ္စမတ်ကာလကို ရောက်လာချိန်မှာ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မှတ်တမ်းဝင်တဲ့ အရေအတွက် ၇၉ သန်းကျော် ရှိလာပြီး ဖြစ်ပြီး သေဆုံးသူ အရေအတွက်ကလည်း နိုင်ငံအသီးသီးက စုစုပေါင်း လူ တသန်းခုနှစ်သိန်းကျော် သွားပြီ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ လေ့လာမှုက ဆိုပါတယ်။
ဒါပေမယ့် ဒီအရေအတွက်က ကမ္ဘာ့ အဆိုးဆုံး ကပ်ရောဂါအခြေအနေလို့ ပြောလို့ရဖို့ကတော့ အရင်ဖြစ်ခဲ့ဖူးတာတွေနဲ့ ယှဉ်ရင် ဝေးပါသေးတယ်။
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်က ခေတ်သစ် လူမှုယန္တရားကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုပေမယ့် သေဆုံးသူ လူ တသန်းခုနှစ်သိန်း ဆိုတာကတော့ အရင်ဖြစ်ခဲ့ဖူးတဲ့ ကပ်ရောဂါကြောင့် သေဆုံးနှုန်းတွေနဲ့စာရင် အတော် နည်းသေးဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကပ်ရောဂါ အခြေအနေထက် အများကြီးကို ပိုဆိုးတဲ့ ကပ်ရောဂါ အခြေအနေတွေကို ကမ္ဘာကြီးက ကြုံခဲ့ရဖူးပြီးသား ဖြစ်လို့ပါ။
သမိုင်းထဲက ကပ်ဘေးကြီးတွေ
လူသားသမိုင်းမှာ တိရစ္ဆာန်ငယ်တွေရဲ့ ကိုယ်ပေါ်က ပလိပ်ရောဂါ သယ်ဆောင်တဲ့ သန်းတွေကတဆင့် ကူးစက်တဲ့ အကျိတ်ရောင်မှု အဓိကဖြစ်စေတဲ့ ပလိပ်ရောဂါက ကပ်ရောဂါအသွင်ဆောင် ပျံ့နှံ့ကုန်လို့ အစုလိုက်အပြုံလိုက် သေဆုံးတာတွေ မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်။
သမိုင်းမှာ ဖြစ်ခဲ့ဖူးတဲ့ ပလိပ်ကပ်ရောဂါ အခြေအနေတွေထဲက အနက်ရောင် သေခြင်းတရား (the Black Death) လို့ခေါ်တဲ့ ၁၃၄၆ ခုနှစ်တဝိုက်က ဖြစ်ပွားခဲ့တဲ့ ပလိပ်ကပ်ရောဂါ အခြေအနေက အဆိုးဆုံးလို့ ဆိုကြပါတယ်။
အဲဒီကာလမှာဆိုရင် ဥရောပတိုက်က လူဦးရေ ၂၅ သန်း လောက် အပါအဝင် တကမ္ဘာလုံးမှာ လူပေါင်း သန်း ၂၀ဝ လောက် အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေက နယ်မြေသစ်ရှာဖွေသူတွေ ၁၅၂၀ ပြည့် တဝိုက်လောက်က တောင်နဲ့ မြောက်အမေရိကကို သွားကြတဲ့အချိန်မှာလည်း ရေကျောက်ရောဂါ ပါလာတဲ့အတွက် ဒီရောဂါကို ခံနိုင်ရည်မရှိတဲ့ နေရင်း မျိုးနွယ်စုတွေက ၆၀ ကနေ ၉၀ ရာခိုင်နှုန်းလောက်အထိ သေဆုံးကုန် ကြတာမျိုးတောင် ဖြစ်ခဲ့ဖူးပါတယ်။
၁၉၁၈ တဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်အဖျားရောဂါဆိုတဲ့ ရောဂါတမျိုးကြောင့် ဆိုရင်လည်း ပထမကမ္ဘာစစ်အပြီး နေရပ်ပြန်လာကြတဲ့ စစ်သားတွေမှာ ကူးစက်လာမှုကြောင့် လူပေါင်း သန်း ၅၀ လောက်အထိတောင် သေကြေခဲ့ရပါတယ်။
ဒီပမာဏဟာ အဲဒီ အချိန်က မှတ်တမ်းဝင် ကမ္ဘာ့လူဦးရေရဲ့ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိများတဲ့ ပမာဏ ဖြစ်ပါတယ်။
ခုခံအားကျဆင်းစေတဲ့ ပိုး HIV ကြောင့်ဖြစ်တဲ့ AIDS ရောဂါဆိုရင်လည်း စတင်ဖြစ်ပွားခဲ့တဲ့ ၁၉၈၀ ပြည့်လွန် ကာလတွေကစပြီး အခုအချိန်အထိ ဒီရောဂါကြောင့် သေဆုံးနေရသူ စုစုပေါင်းက ၃၂ သန်းကျော် ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ လက်ရှိ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်က ခေတ်သစ် နိုင်ငံတကာ ကူးလူးဆက်ဆံမှုနဲ့ ကုန်သွယ်ရေး ယန္တရားကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုပေမယ့် သေဆုံးသူ လူ တသန်းခုနှစ်သိန်းကျော် ဆိုတာကတော့ အရင် ဖြစ်ခဲ့ဖူးတဲ့ ကပ်ရောဂါကြောင့် သေဆုံးနှုန်းတွေနဲ့စာရင် အတော် နည်းသေးတယ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၀ ဟာ အဆိုးချည်းဖြစ်ခဲ့တာလား
အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အဆိုးတွေကိုပဲ အာရုံစိုက် မထားပဲ အကောင်းဘက် ဖြစ်လာတဲ့ အခြေအနေတွေကိုလည်း ပြန်လည် သုံးသပ်ကြည့်သင့်ပါတယ်။
အဲဒီအထဲက တခုကတော့ နိုင်ငံတကာက လူ့အဖွဲ့အစည်းတွေအတွင်း ပျမ်းမျှအားဖြင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ လူတွေအတွက် ကိုယ်စားပြုပေးမှု များလာတဲ့ အခြေအနေဖြစ်ပါတယ်။
၁၉၉၅ တုန်းက နိုင်ငံခေါင်းဆောင် နေရာရောက်တဲ့ အမျိုးသမီး အရေအတွက် ၁၂ ယောက်သာ ရှိခဲ့ပေမယ့် ၂၀၂၀ မှာ အမျိုးသမီးတဦးက နိုင်ငံခေါင်းဆောင် ဖြစ်နေတဲ့ နိုင်ငံ ၂၀ အထိ ရှိလာပါပြီ။
ကိုရိုနာ လက္ခဏာတွေသိနိုင်တဲ့ စမတ်လက်စွပ်
ဒါ့အပြင် ၂၀၂၀ အတွင်း နိုင်ငံအသီးသီးက လွှတ်တော်တွေမှာ အမျိုးသမီးတွေက လူထုကိုယ်စားလှယ် အမတ်အဖြစ် နေရာရလာမှုက အဲဒီ ၁၉၉၅ နဲ့ ယှဉ်ရင် နှစ်ဆလောက် တိုးလာခဲ့ပြီး လွှတ်တော်အမတ်အားလုံးရဲ့ ပျမ်းမျှ ၂၅ ရာခိုင်နှုန်းလောက်အထိ အမျိုးသမီးအမတ်တွေ နေရာရလာတယ်လို့ ကုလသမဂ္ဂရဲ့ လေ့လာ ထုတ်ပြန်ချက်တခုက ဆိုပါတယ်။
လာမယ့် ၂၀၂၁ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန် ဒုသမ္မတ ဖြစ်လာမယ့် ဒီမိုကရက်တစ်ပါတီက ကာမာလာ ဟဲရစ် ဆိုရင် ပထမဆုံး ဖြစ်မှု စံချိန် ၄ ခုတောင် ချိုးခဲ့တာ ဖြစ်ပါတယ်။
သူဟာ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ပထမဆုံး ဒုသမ္မတဖြစ်လာမယ့် အမျိုးသမီး ဖြစ်ပြီး၊ ပထမဆုံး လူမည်း အမျိုးသမီးတဦးက ဒီလို ဒုသမ္မတ ဖြစ်လာမယ့် စံချိန်ကိုလည်း ချိုးလိုက်သလို၊ ပထမဆုံးအနေနဲ့ တောင်အာရှနွယ်ဖွားတဦးက အမေရိကန် ဒုသမ္မတ ဖြစ်လာမယ့် အနေအထားလည်းဖြစ်ကာ အမေရိကန်ကို ရွှေ့ပြောင်းလာသူ မိသားတစုရဲ့ ပထမဆုံး မျိုးဆက်ထဲက အခုလို ဒုသမ္မတ ဖြစ်လာသူတဦးလည်း ဖြစ်လာမယ့် စံချိန်တွေ ချိုးလိုက်နိုင်တာ ဖြစ်ပါတယ်။
နောက်ထပ် ၂၀၂၀ မှာ ဖြစ်ခဲ့တာတွေထဲက အားတက်စရာ တခုကတော့ လူမျိုးရေးအရ တရားမျှတမှု ရှိဖို့အတွက် ဆန္ဒပြ တောင်းဆိုမှုတွေမှာ လူတွေ ပိုပြီး အမြောက်အများ ပါဝင်လာကြတဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။
ဒီလို ဖြစ်လာတဲ့အတွက် နောင်အနာဂတ်မှာ လူမျိုးရေးအရ တရားမျှတမှုတွေ ပိုရလာမယ်လို့ မျှော်လင့်စရာ ရှိပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပိုင်းကို ကြည့်မယ်ဆိုရင်လည်း ဒီ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ လေထုထဲ ကာဘွန် ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ ကတိပေးတဲ့ ကုမ္ပဏီတွေ များသထက် များလာခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါတင်မကသေးပဲ ကုန်ပစ္စည်း ထုတ်လုပ်မှုတွေကနေ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထွက်လာတဲ့ ကာဘွန်ထုတ်လွှတ်မှုကြောင့် ထိခိုက်မှုတွေကို တန်ပြန်ရာမှာ အနာဂတ်မှာ သဘာဝ ပတ်ဝန်းကျင်ကို အသားတင် ကာဘွန် ပျံ့နှံ့ရောက်ရှိမှု လုံးဝမရှိတော့တဲ့အထိ အနာဂတ်ပန်းတိုင်တခုထားပြီး သတ်မှတ်တဲ့ နိုင်ငံတွေဆိုရင်လည်း နှစ်ဆလောက်အထိ ၂၀၂၀ အတွင်း တိုးလာခဲ့တာကို တွေ့နိုင်ပါတယ်။
ကမ္ဘာပေါ်က သဘာဝအရင်းအမြစ်ဆိုတာဟာ လူဦးရေအလိုက် အကန့်အသတ်ရှိတဲ့အတွက် တချိန်မှာ ကမ္ဘာကနေ လူတွေ ရွှေ့ပြောင်းရမယ်ဆိုရင်လည်း ရွှေ့ပြောင်းရေး အဆင်ပြေစေတဲ့ အလားအလာကောင်းတွေကို အမေရိကန် အာကာသ အေဂျင်စီ နာဆာက တွေ့ထားပြီး ဖြစ်ပါတယ်။
နာဆာရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တွေ့ရှိချက်အရ လပေါ်မှာ ရှိနေတဲ့ ရေပမာဏက ယခင်ထင်ထားတာထက် ပိုများနေတယ်ဆိုတာကြောင့် အနာဂတ်မှာ လပေါ် လူသွားရောက် နေထိုင်ရေး စီမံကိန်းတွေအတွက် အလားအလာကောင်းလည်း ဖြစ်ပါတယ်။
BBC Burmese

No comments:
Post a Comment