ဘူးလက်ဦးလှဆွေ ဘာလို့ အဖမ်းခံတာလဲ


နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်း အထုတ်ခံထားရပြီး တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ (ခေါ်) ဘူးလက်ဦးလှဆွေဟာ လာရောက်အဖမ်းခံခဲ့ပြီး ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးကို ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ရောက်လာခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ပြည်တွင်း သတင်းထောက်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဘူးလက်ဦးလှဆွေဟာ နှာခေါင်းစည်းတပ်ထားပြီး ရဲကားပေါ်မှာ လိုက်ပါသွားတာကို တွေ့ရတယ်လို့ သူကပြောပါတယ်။

ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ သူ့ကို ရမန် နှစ်ပတ်ယူခဲ့ပြီး လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရုံးထုတ်ဖို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ဦးလှဆွေဟာ သူ့ရဲ့ ပြောဆိုချက်တွေကြောင့် ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့် က အနောက်ပိုင်းခရိုင်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ တရားလိုပြု တရားစွဲဆိုခဲ့ပြီး ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

အနောက်ပိုင်းခရိုင်တရားရုံးကနေ အင်းစိန်ထောင်ကိုပို့

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) က ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဦးလှဆွေ အဖမ်းမခံမီမှာ တွေ့ရတဲ့ လူမှုကွန်ရက်ပေါ်က ရုပ်သံမှတ်တမ်း အင်တာဗျုးတစ်ခုမှာတော့ သူ့ကိုစွဲထားတဲ့ ပုဒ်မနဲ့ လုပ်ခဲ့တဲ့လုပ်ရပ်ဟာ ထိုက်တန်မှု မရှိလို့ ရှောင်နေတာပါလို့ သူက ပြောဆိုခဲ့ပါတယ်။

အဲ့ဒီ ရုပ်သံအင်တာဗျုးမှာ တွေ့ရတာကတော့ ဦးလှဆွေဟာ ဆံပင်တွေဟာ ပုခုံးပေါ်ကျတဲ့ အထိ ရှည်နေတာ တွေ့ရပြီး နေကာ မျက်မှန်တပ်ထားကာ အနောက်တိုင်းဝတ်စုံ အဖြူရောင်ကို ဝတ်ထားတာလည်း တွေ့ရပါတယ်။

ဦးလှဆွေက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့ပြီး ရိုးသားတဲ့ မဲပေးသူတွေဘက်က ရပ်တည်ချင်လို့ ပြန်ထွက်လာခဲ့တာပါလို့လည်း သူကပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ ကိုင်တွယ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ဝေဖန်ခဲ့ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာ တင်သွင်းတဲ့လမ်းကြောင်းကလည်း ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ပြောသွားခဲ့ပါတယ်။

ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး

၂၀၁၉ သြဂုတ် ၃ ရက်က မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်တဲ့ "အမေရိကန်နိုင်ငံမှ မြန်မာ့ တပ်မတော် ထိပ်တန်းအရာရှိများ အပေါ်အရေးယူပိတ်ဆို့မှုများ အားဆန့်ကျင်ရှုတ်ချပွဲ' မှာ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ချက်တွေအပေါ် သွယ်ဝိုက်ပြစ်တင်ရှုတ်ချ ပြောဆိုမှုတွေရှိခဲ့ပြီး အဲ့ဒီအတွက် ဦးလှဆွေ ဘူးလက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အစိုးရက တရားစွဲခဲ့တာဖြစ်ပါတယ် ။

ဒါ့အပြင် ရန်ကုန်မြို့လယ် လူထုဟောပြောပွဲမှာ အစ္စလာမ် ဘာသာအပေါ် ပုတ်ခတ်ဟောပြောဆိုခဲ့တယ် ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)နဲ့ အရေးယူပေးဖို့ တရားလို အစ္စလာမ် ဘာသာရေးဆရာ ဦးစန်းအောင်က ၂၀၁၉ သြဂုတ်လ ၇ ရက်နေ့က ကျောက်တံတား တရားရုံးမှာ လျှောက်ထားခဲ့ပါသေးတယ်။

ဦးလှဆွေကို စွဲဆိုထားတဲ့ ပုဒ်မ ၁၂၄ (က)ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ ၂ ရက်နေ့က လာရောက် အဖမ်းခံခဲ့တဲ့ အမျိုးသားရေး ဆရာတော် ဦးဝီရသူ ကို စွဲဆိုထားတဲ့ ပုဒ်မနဲ့ အတူတူ ဖြစ်ပါတယ်။

ဦးဝီရသူ နိုဝင်ဘာလက လာရောက် အဖမ်းခံခဲ့သလို ရှေ့နေ့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှု တရားခံ ကြည်လင်းရုံးချိန်းမှာ "မင်းတို့ ထမင်းဝအောင်စားထား" ဆိုပြီး တီရှပ်တွေဝတ်ကာ လာရောက်ဝန်းရံမှုကြောင့် အမှုဖွင့်ခံထားရသူ နှစ်ဦးလည်း ထွက်ပြေးတိမ်းရှောင်နေရာကနေ အောက်တိုဘာလကုန်ပိုင်းက လာရောက် အဖမ်းခံခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55469314

ဘူးလက်ဦးလှဆွေ ဘာလို့ အဖမ်းခံတာလဲ  ဘူးလက်ဦးလှဆွေ ဘာလို့ အဖမ်းခံတာလဲ Reviewed by THITHTOOLWIN on 00:33 Rating: 5

No comments:

Powered by Blogger.