မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၈၇ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ ၉ ယောက်က ရောဂါအခံမရှိသူတွေဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၇,၀၁၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၇၉၄,၂၅၃ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၆၆၄ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၂၃,၄၇၀ ယောက် ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၈၄၂ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၁၀၆,၁၂၁ ယောက် ရှိသွားပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၄၅% ရှိပြီး ပြန်ကောင်းလာသူ ၈၅.၉% ၊ သေဆုံးနှုန်းက ၂.၁၆% ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၆၆.၇% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။
အခုဆိုရင် ပိုးတွေ့နှုန်း ၄% အောက် ကျဆင်းလာတာ ရက်အနည်းငယ်ရှိလာပြီ ဖြစ်ပေမဲ့ သေဆုံးနှုန်း လျော့မသွားသေးသလို အဲဒီထဲမှာနောက်ခံရောဂါမရှိသူ သေဆုံးနှုန်းကလည်း များများနေတာ တွေ့ရပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-cases/5718607.html

No comments:
Post a Comment