ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော် ကိုဗစ်ကူးစက်

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာတွေ့ရတဲ့ ကျန်မာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ အတည်ပြုလူနာတိုးလာတဲ့အထဲ ကျန်းမာရေးဝန်ထမ်းတွေပါ ပါလာနေပြီး၊ အများစုက ကပ်ရောဂါကုသရေးပိုင်း တာဝန်ထမ်းဆောင်နေသူတွေဖြစ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် နေ့စဉ် အတည်ပြုလူနာ ၁,၅၀၀ လောက် ရှိနေတဲ့အထဲ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်လာနေပါတယ်။ အခုဆိုရင် ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ကူးစက်ခံရပြီး၊ အများစုက ဆေးရုံတွေမှာ တာဝန်ယူဆောင်ရွက်နေသူတွေဖြစ်တယ်လို့လည်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ရောဂါကူးစက်မှုတွေ နိုင်ငံအဝန်း တိုးလာနေတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်း အင်အား လိုအပ်ချက်တွေလည်း ကြီးမားလာတယ်လို့ ကိုဗစ်လူနာတွေကို အဓိကထား ကုသပေးနေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနမှူး ဒေါက်တာမော်မော်ဦးက VOA ကိုပြောပါတယ်။

"အဓိကက ကာလကြာရှည်လာတဲ့အခါကျတော့ ဆရာဝန်၊ သူနာပြုတွေက နည်းနည်းပင်ပန်းစပြုလာပြီ။ ကိုယ့်ရဲ့အသိုင်းအဝန်းထဲက တယောက်က ကူးစက်ခံရပြီဆိုရင် ကျန်တဲ့ထိတွေ့မှု ရှိသူတွေကလည်း Quarantine ဝင်ရတာတို့ ဘာတို့၊ နောက် ကူးစက်ခံခဲ့ရတဲ့သူတွေ ကျန်းမာရေးပြန်ကောင်းလာပြီဆိုရင် ချက်ချင်းပြန်ဆင်းကြရတယ်လေ... လူမှမရှိတာ။ ကြာလာတဲ့အခါကျရင် သူတို့ ပင်ပန်းလာနိုင်တယ်။ အဲဒီအတွက် ကျနော်တို့က Volunteer ဆရာဝန်၊ ဆရာမတွေကို အရင်တုန်းက တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ခေါ်ပြီးတော့ ရန်ကုန်ကို အင်အားဖြည့်တယ်ဆိုပေမဲ့ အခုတခြားတိုင်းနဲ့ ပြည်နယ်တွေမှာပါ တက်လာတဲ့အခါကျတော့ သူတို့နယ်မြေတွေကနေ ဒီဘက်ကိုလာဖို့ကလည်း ကိုယ့်တိုင်းဒေသတွေမှာလည်း လုပ်ရဦးမှာဆိုတော့ အဲဒီလိုအခက်အခဲတွေက ရန်ကုန်တခုတည်းဆို သူများကကူလို့ ရနေပေမဲ့ တနိုင်ငံလုံးပြန့်နေရင် အဲဒါက အဓိကအခက်အခဲ တခုပဲ။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်ကြုံနေရချိန်မှာပဲ နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့ရာမှာ လူအများနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် နောက်ဆက်တွဲ ကူးစက်မှုတွေ တိုးလာမှာကိုလည်း စိုးရိမ်နေကြတာပါ။ လတ်တလောမှာလည်း ကပ်ရောဂါကူးစက်မှုတွေ နိုင်ငံအဝန်း ပျံ့နှံ့လာနေသလို လနဲ့ချီကြာလာတာနဲ့အမျှ ကျန်းမာရေး ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုတွေလည်း ကြီးမားလာတယ်လို့ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။

"အထူးသဖြင့်က ကျနော်တို့ဆီမှာ နဂိုကတည်းက ICU ထဲမှာ Treatment ပေးနိုင်တဲ့ မေ့ဆေးပေါ့။ မေ့ဆေးဆိုတာလည်း အထူးကုဆရာဝန်ဆိုတဲ့အတွက်ကြောင့် ဘယ်သူပဲလာကူ၊ လာကူ တခြားက အစားထိုးလို့မရဘူးဗျ၊ အထူးကုဆိုတာ။ တဖြည်းဖြည်းနဲ့ ဝန်ပိလာရင် ရက်ရှည်လများဖြစ်လာရင် တနေ့လာလည်း ဒီလူ၊ တနေ့လာလည်း ဒီလူ မဖြစ်မနေလုပ်နေရတယ်။ ဒီကြားထဲ ကူးစက်မှု ခံရရင်တောင်မှ ကမန်းကတန်း Isolation လုပ် ကုသလို့ရတဲ့နေရာတွေပြေး၊ စင်တာတွေတက်လိုက်၊ ပြီးတာနဲ့ ပြန်လာပြီးပြန်လုပ်ရတဲ့အတွက် ဘယ်လောက်ထိခက်ခဲနေမယ်ဆိုတာ တခြားသူတွေ သိစေချင်တယ်။ အဲဒီအတွက်ကြောင့် ကူးစက်မှုတွေ အပြင်မှာ မရှိနေစေချင်တာ။ ကူးစက်မှုကွင်းဆက်တွေကို ဖြတ်စေချင်တာ။ ပစ္စည်းပစ္စယမရှိတဲ့ကိစ္စက ပိုက်ဆံရှိရင် ဝယ်လို့ရပေမဲ့ Human Resource ကိစ္စက အင်မတန် စဉ်းစားစရာကိစ္စဖြစ်တယ်။ ကာလကြာရှည်ဖြစ်လာမှာကို ကြောက်တယ်ပေါ့။"

ပြည်တွင်းကပ်ရောဂါအခြေအနေကြောင့် တချို့ဆေးရုံ၊ ဆေးခန်းတွေကို ယာယီပိတ်ထားတာရှိသလို၊ ဒီလိုကာလမှာ ဖျားနာသူလူနာတွေအတွက် လက်ခံကုသပေးတဲ့နေရာတွေလည်း အကန့်အသတ်နဲ့ ရှိနေတာပါ။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ဖျားနာကုဆေးခန်းတွေမှာတော့ ရောဂါသံသယရှိသူ လူနာတွေကို အဓိကထားကြည့်ပေးနေပြီး၊ လုပ်အားပေးနေတဲ့ စေတနာ့ဝန်ထမ်း၊ ဆရာဝန်တွေအနေနဲ့လည်း ကပ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ သတိပြုဆောင်ရွက်နေတယ်လို့ မင်္ဂလာဒုံ၊ လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာအိမွန်မွန်ကျော်က ပြောပါတယ်။

"ကျမတို့ကတော့ Level 2 နဲ့ပဲ လူနာကြည့်တာပေါ့နော်။ Level 2 နဲ့ဆိုတာက ကျမတို့ကတော့ Waiting Area သတ်သတ်၊ နောက် Token စနစ်နဲ့သွားတယ်ပေါ့။ လုံးဝ လူနာကိုအတတ်နိုင်ဆုံးကတော့ Non Touch နဲ့သွားတယ်။ သာမိုမီတာကအစ လေဆာနဲ့ပဲပေါ့။ ကျမတို့က SPO 2 နဲ့ Temperature ကိုတော့ အဓိကတိုင်းတာပေါ့နော်။ အရေးကြီးတဲ့လူနာလောက်ကိုပဲ Temperature ချိန်တာတို့ ဘာတို့ အဲဒါဆိုရင်လည်း ကျမတို့က PPE ဝတ်တဲ့သူကိုပဲ ကိုင်ခိုင်းထားတယ်ပေါ့နော်။ နောက် ပိုးသတ်တာတွေဘာတွေကတော့ သေချာတော့လုပ်ထားတယ်။ အရက်ပျံတွေကတော့ လုံလုံလောက်လောက်ပေါ့နော်။ အခုထိကတော့ အလှူရှင်တွေ နည်းနည်းလှူနေသေးတော့ အဆင်တော့ပြေပါတယ်။ PPE Level 2 တွေ၊ Surgeon Gown တွေဘာတွေနဲ့ အဆင်တော့ပြေပါတယ်၊ အခုထိတော့လေ။"

ကူးစက်သူ လူနာတိုးလာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကလည်း ပိုများလာနေပြီး၊ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်းတွေကို ဆက်ပြီး လိုက်နာဖို့နဲ့ ရောဂါသံသယရှိလာပြီဆို ဖျားနာကုဆေးခန်းတွေဆီ အမြန်ဆုံးလာရောက်ပြသဖို့ကို ဒေါက်တာအိမွန်မွန်ကျော်က တိုက်တွန်းထားပါတယ်။

"မနေ့က တွေ့လိုက်တာဆို ရင်ထဲတောင်မကောင်းဘူး။ တက္ကသိုလ်ရာပြည့်သွားတာတွေလေ။ ဖျားတယ်ဆို ဘာကြောင့်ဖျားဖျား လာပြပေါ့နော်၊ GP တွေဘာတွေလည်း အဖျားမကြည့်ဘူးလေ။ ကျမတို့ Fever Clinic ကပဲ ဒိုင်ခံအဖျားကြည့်ပေးနေတာပေါ့။ ကြည့်ပေးတော့ ဘာပဲဖြစ်ဖြစ် ဆေးရုံတွေမှာ Workload ကတော့ နည်းသွားတယ်။ ပြည်သူလူထုကလည်း အမှန်တကယ်တော့ ဆေးရုံတွေ ထက်စာရင် ဒီ Clinic တွေကို ပိုအားကိုးတယ်ပေါ့နော်။ အားကိုးတယ်ဆိုတာ ကျမအခုတွေ့နေရတာပေါ့နော်။ Phone Consultation က ပိုများတယ်၊ အနံ့ပျောက်တွေ တောက်လျှောက်ဖြေနေရတာပေါ့နော်။ ကျမကတော့ လာဖို့ခေါ်တယ်။ တချို့ကျတော့လည်း အနံ့ပျောက်တယ်။ အိမ်မှာ ကျိတ်ကုတယ်ပေါ့နော်။ အနံ့ပျောက် ဖျားနာတယ်... ဘာမှမပြောဘူး။ အလုပ်ပြန်ဝင်တော့မှ ထောက်ခံစာ လာတောင်းတာပေါ့။ အခုဟာက အပြင်မှာက ကျိတ်ကုတဲ့သူတော်တော်များနေတဲ့ပုံ ဖြစ်နေတယ်။ တချို့ကျတော့လည်း အနံ့ပျောက်တာကို နှာပိတ်တယ်ဆိုပြီး ညာတယ်။ အဓိကတော့ ပြည်သူလူထုပါဝင်မှပဲ ရမယ်။ ကျမတို့ဘယ်လောက်လုပ်လုပ်လေ။ ဒီလို အုပ်စုလိုက် သွားလာနေတာတွေက လုံးဝကို အဆင်မပြေဘူး။ ကျန်းမာရေးအရ အဓိကကြည့်မရမယ်ဆိုရင်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၉၁၈ ဦးနဲ့ ကူးစက်သူအတည်ပြုလူနာ ၈၉,၄၈၆ ဦးရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်ဆေး ထွက်ရှိလာမယ်ဆိုရင်လည်း မြန်မာတနိုင်ငံလုံးအတိုင်းအတာ ထိုးနှံဖို့က အချိန်တိုအတွင်းမဖြစ်နိုင်တာကြောင့် ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဆက်ပြီးဆောင်ရွက်သွားရမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးက အသိပေးထားပါတယ်။


စုစု/VOA (Burmese)

https://burmese.voanews.com/a/myanmar-health-worker-covid/5681415.html

ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော် ကိုဗစ်ကူးစက် ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော် ကိုဗစ်ကူးစက် Reviewed by THITHTOOLWIN on 01:06 Rating: 5

No comments:

Powered by Blogger.