ဒုက္ခသည်စခန်းမှာ ကိုးနှစ်ကြာနေထိုင်ခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအို မြို့နယ်တွေက အိမ်ထောင်စု ၆၀၀ကျော်က စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ဟာ လာမယ့် ၂၀၂၁ ခုနှစ်နှစ်ဆန်းပိုင်းမှာ နေရပ်ပြန်ခွင့်ရတော့မှာပါ။
ဒုက္ခသည်တွေ မူလနေရပ်ပြန်ရေးအတွက် အစိုးရ၊ KHCC၊ KBC တို့ပူးပေါင်းဆောင်ရွက် နေတာဖြစ်ပါတယ်။
တပ်မတော်ဘက်ကလည်း လက်ရှိမှာ ရွာတွေအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ပေးနေပါတယ်။
အစိုးရ၊ ကချင်လူသားချင်းစာနာထောက်ထားမှု ကော်မတီ (KHCC)၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) တို့ ပူးပေါင်းပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအိုမြို့နယ်အတွင်းက ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စီစဉ်နေတာမှာ ဒုတိယအကြိမ်မြောက်အဖြစ် ဒုက္ခသည် သုံးထောင်ကျော် လာမယ့် မတ်လမကုန်ခင် မူလနေရပ်ပြန်နိုင်တော့မှာပါ။
အစိုးရ၊ KHCC နဲ့ KIO တို့ သဘောတူညီချက်အရ ပြန်လည်နေရာချထားဖို့ ရွေးချယ်ထားတဲ့ ကျေးရွာ ၁၇ ရွာထဲက ပထမဦးစားပေး ကျေးရွာ ၆ ရွာကို မတ်လမကုန်ခင် ပြန်ပို့နိုင်မယ်လို့ (KHCC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကို ပြောပါတယ်။
“KHCC ရဲ့ သဘောတူညီချက်အရပေါ့၊ အစိုးရရယ်၊ KIO ရယ် သဘောတူညီချက်အရ အခုလုပ်နေတဲ့ ၁၇ ရွာကို ရွေးချယ်ပြီးမှ လုပ်တဲ့ကိစ္စတွေပေါ့။ လောလောဆယ်ဆိုရင် ကျွန်တော်တို့ဘက်က ၆ ရွာတော့ ဒီမတ်လမကုန်ခင်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်”
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ပထမဆုံးအကြိမ် မြစ်ကြီးနားမြို့နယ် စီတာပူဒုက္ခသည်စခန်းက အိမ်ထောင်စု ၁၀ စုက ဒုက္ခသည် ၆၀ လောက်ကို မူလနေရပ် ဝိုင်းမော်မြို့နယ် ညောင်ပင်ရွာကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။
လက်ရှိမှာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး တန်ဖိုးနည်းအိမ်ရာ ၇၀ လောက်ဆောက်လုပ်ပြီးစီးနေပြီး မတ်လလောက်မှာ အိမ်ခြေ ခြောက်ရာလောက်ပြီးစီးမယ်လို့ KBC က လူမှုဝန်ထမ်းဖွံ့ဖြိုးရေး တာဝန်ခံ ဦးခါးလီက ပြောပါတယ်။
“ကျွန်တော်တို့ ဒီမတ်လမှာ ဦးရေ ၃၀၀၀ ကျော်လောက် ပြန်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အခုလည်း အိမ်ထောင် ၇၀ လောက် ဆောက်လုပ်ပြီးစီးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မတ်လအကုန်မှာ ခြောက်ရာကျော်လောက် ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ မတ်လနောက်အကျဆုံးလောက်မှာ စုစုပေါင်း အိမ်ထောင်စု ခြောက်ရာကျော်ပါတယ် ပြန်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ကချင်ပြည်နယ် အစိုးအဖွဲ့တစ်ခုလုံးနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေတယ်။ လိုအပ်လို့ရှိရင် လိုအပ်သလိုပဲ လူကယ်ပြန်ဒုတိယဝန်ကြီး ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့တွေနဲ့ အစည်းအဝေးတွေ လုပ်ပြီးတော့ နေရပ်ပြန်ရေး အစိုးရအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းတာရှိပါတယ်”
ကချင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဦးဆောင်ပြီး အဖွဲ့ဝင် ၁၂ ဦးနဲ့ နိုင်ငံတော် သမ္မတရုံးက ၂၀၁၉ မေလ ၈ ရက်နေ့က ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့တာပါ။
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အစိုးရဘက်က တရုတ်နိုင်ငံရဲ့ ယွမ်လေးသန်း ကူညီထောက်ပံ့မှုနဲ့ဆောင်ရွက်နေသလို KHCC ဘက်ကလည်း ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့ ဒေါ်လာငါးသန်း ကူညီထောက်ပံ့မှုနဲ့ လုပ်ဆောင်နေတာပါ။
“ကျွန်တော်တို့ ဒီဘက်ကလုပ်တာတော့ တရုတ်နိုင်ငံက ထောက်ပံ့တဲ့ ယွမ်လေးသန်းအကူအညီနဲ့ လုပ်ပါတယ်။ KBC ဘက်ကလုပ်တာတော့ ဂျပန်နီပွန်ဖောင်းဒေးရှင်းတို့နဲ့က ဒေါ်လာ ငါးသန်း ထောက်ပံ့မှုနဲ့လုပ်တယ်။ သူတို့ဘက်မှာလည်း လုပ်ဖို့ရာထားတဲ့ ရွာတွေနဲ့ကြည့်လိုက်တဲ့အခါ သွားပြီးတော့ တူတာတွေရှိတာပေါ့။ တာလောကြီး၊ နန်ဆန်ယန်၊ မုန်တိမ်ပါတို့၊ တဘက်ယန်တို့ ဒေါ့ဖုန်းယန်တို့ နွယ်လမ်းတို့ ဒါ ခြောက်ရွာလောက်က ဘုံသွားတူကြတယ်။ ရွေးချယ်ဖို့အတွက်။ ဒါကြောင့် အတူတကွညှိနှိုင်းပြီး ဆောင်ရွက်ကြတဲ့ အပိုင်းတွေဖြစ်တယ်။ လတ်တလော ကချင်ဘက်မှာတော့ မိုင်းရှင်းလင်းရေးက တပ်မတော်ကပဲ တာဝန်ယူပြီး ဆောင်ရွက်ပေးတဲ့ အနေအထားဖြစ်ပါတယ်”
ဒါကတော့ ကချင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း ပြောသွားတာပါ။
ကချင်ပြည်နယ်မှာ နေရပ်ပြန်ရေး ရွေးချယ်ထားတဲ့ ရွာ ၁၇ ရွာထဲက ပထမဦးစားပေးဖြစ်တဲ့ ဝိုင်းမော်မြို့နယ် တဘက်ယန်ကျေးရွာအတွင်း မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ နေအိမ်တွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်း စတာတွေကို မိုင်းရှင်းလင်းပြီး မြို့နယ်အုပ်ချုပ်ရေးဆီ အပ်နှံပြီးဖြစ်သလို တိုက်မိုင်းကိုယ်ထည် ၁၀ လုံး ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ KBC ဥက္ကဋ္ဌတို့ ဒီဇင်ဘာလ ၁ ရက်နေ့က မြစ်ကြီးနားမြို့မှာ တွေ့ဆုံချိန် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကူညီဖို့ တောင်းဆိုလာတာကြောင့် ဝိုင်းမော်မြို့နယ်နဲ့ တဘက်ယန်ကျေးရွာနဲ့ ကျောက်စခန်းကျေးရွာတွေကို မိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။
“ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်နဲ့ တွေ့ခဲ့တယ်၊ တွေ့ခဲ့တော့ ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာတဲ့ ဒုက္ခသည်တွေ IDP တွေကို နေရာအသီးသီး နေရာပြန်ချရေး တပ်မတော်က ကူညီဆောင်ရွက်ပေးပါဆိုပြီးကြတော့ အဲလိုတောင်းဆိုတာရှိတဲ့အတွက် အခုလောလောဆယ် နှစ်ခု ဆောင်ရွက်နေတယ်။ အဲမှာတော့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ကျောက်စခန်းကျေးရွာနဲ့ တဘက်ယန်ကျေးရွာက လူနေအိမ် ၂၅၁လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂ ကျောင်းပေါ့၊ အုပ်ချုပ်ရေးမှူးရုံး တစ်ရုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုကို ဒီနေ့အထိ ဆောင်ရွက်ပြီးဖြစ်တယ်။ ဒါဟာ ဖြစ်ပေါ်တိုးတက်မှုတစ်ခုဖြစ်ပြီး ဒီကနေတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုပြီးတော့ တိုးတက်လာပါလိမ့်မယ်”
အခုလို ကျေးရွာ ၆ ရွာက ဒုက္ခသည်တွေနေရပ်ပြန်ရေး သဘောတူညီချက်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်းစိုးကတော့ တပ်မတော်နဲ့ KIA ကြား အဆင်မြင့် လက်မှတ်တွေ ထိုးမထားပေမယ့် နှစ်ဘက်သဘောတူညီမှုတွေ နားလည်မှုတွေ တည်ဆောက်နိုင်ရင် နေရပ်ပြန်လို့ရပါတယ်လို့ သုံးသပ်ပါတယ်။
“KIA နဲ့ လက်မှတ်ထိုးထားတာမရှိပေမယ့် တပ်မတော်နဲ့ KIA ကြား နာလည်မှုကို ပိုရလာတယ်လို့ ထင်တယ်။ ၂၀၁၈ ကတည်းက တိုက်ပွဲဖြစ်တာလည်း မရှိတော့ဘူး။ ဒီနှစ်ထဲမှာလည်းပဲ မြစ်ကြီးနားခရီးစဉ်မှာ KIA ဌာနချုပ်ကို ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်က ပြောထားတာရှိပါတယ်။ အဲတော့ သူတို့ကြားမှာ နားလည်မှုရှိရင် တိုက်ပွဲကတော့ မဖြစ်နိုင်ဘူး။ အခုရွာတွေက KIA ဌာနချုပ် လိုင်ဇာဘက်ကိုတက်တဲ့ လမ်းမှာရှိတဲ့ နေရာတွေကိုလို့ ပြောလို့ရတာပေါ့။ အဆင့်မြင့်သဘောတူညီချက် မရသေးသော်လည်းပဲ တပ်နဲ့ ဒီလက်နက်ကိုင်အဖွဲ့အစည်းကြားမှာ သဘောတူညီချက်တွေ၊ နားလည်မှုတွေ တည်ဆောက်နိုင်မယ်ဆိုရင် နေလို့ရပါတယ်”
ဒုက္ခသည်တွေ နေရပြန်မယ်ဆိုတာ ဝမ်းသာပေမယ့် အာမခံချက်ရှိဖို့အတွက်ကိုတော့ စိုးရိမ်မိတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာ က ပြောပါတယ်။
“နောက်တခါ ထပ်မပြေးရအောင် တစ်စုံတစ်ရာ အာမခံပေးတယ်ဆိုရင်တော့ အကောင်းဆုံးလို့ ယူဆတယ်ပေါ့။ ပြီးတော့ မိုင်းရှင်းတဲ့အခါ သူတို့တွေရဲ့ နေအိမ်ကိုပဲ မိုင်းရှင်းတာမဟုတ်ဘဲ လုပ်ကိုင်စားသောက်တဲ့ နေရာတွေကိုလည်း မိုင်းရှင်းပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုနှစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ နန်ဆန်ယန်ရွာက တပ်မတော်ကနေ ဦးဆောင်ပြီးမှ နေရပ်ပြန်ထားတဲ့ ရွာဖြစ်ပါတယ်။ အဲရွာက နေထိုင်တဲ့ နေရာကွက်ကွက်ကလေးကိုပဲ မိုင်းရှင်းထားပေးတယ် ဒါတောင် တစ်ရွာလုံး မဟုတ်ဘူး။ ပြီးတော့ လုပ်ကိုင်စားသောက်တဲ့ နေရာကို မိုင်းမရှင်းထားပေးတော့ လုပ်ကိုင်းစားသောက်ဖို့ ဟိုမသွားရ၊ ဒီမသွားရနဲ့ဆိုတော့ ရွာလေးထဲမှာပဲ ပိတ်မိသလိုဖြစ်နေတယ်”
နေရပ်ပြန်မယ့်သူတွေ လုပ်ကိုင်စားသောက်နိုင်မယ့်အထိ ရှင်းလင်းရေးတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပြီး အရာအားလုံး တစ်ကနေ ပြန်စရမှာဖြစ်တာကြောင့် စနစ်တကျအကူအညီပေးနိုင်ဖို့ တောင်းဆိုချင်တယ်လို့ ဗန်မော်မြို့နယ် ရောဘတ်ဒုက္ခသည်စခန်းက ကိုအောင်မြိုဆန်းက ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ လုပ်ကိုင်စားသောက်မယ့် နေရာတွေအထိပါ ရှင်းလင်းရေးတွေ လုပ်ဆောင်ပေးဖို့ လိုတယ်ပေါ့။ အဲဒါက ကျွန်တော်တို့ တောင်းဆိုချင်တဲ့ဟာပေါ့။ အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့ကို စနစ်တကျ ဘယ်လောက်အထိ အကူအညီပေးနိုင်မလဲဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေတယ်ပေါ့။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ အခြေအနေက တစ်ကနေ ပြန်စရမယ်ဆိုတဲ့အခါ ဒီ သုံးလ၊ ခြောက်လ အကူအညီပေးတဲ့ အခြေအနေ အတိုင်းအတာက ကျွန်တော်အတွက် မလုံလောက်ဘူး။ စနစ်တကျ ဘယ်လိုအကူအညီ ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ တောင်းဆိုဖို့ အများကြီး လိုအပ်သေးတယ်ပေါ့”
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ဟာ ကချင်ပြည်နယ်က တစ်ကျော့ပြန်ဖြစ်ပွားတဲ့ စစ်ပွဲတွေ ကိုးနှစ်ပြည့်ခဲ့တာဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC၊ ဒေသခံစစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်အရေးလှုပ်ရှားသူတွေက အချက် ၅ ချက်တောင်းဆိုခဲ့ပါတယ်။
အဲဒါကတော့ စစ်ရှောင်တွေနေရပ်ကို ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာပြန်နိုင်ရေး၊ မူလနေရပ်ဒေသကို ပြန်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက မြေမြှုပ်မိုင်းများ ရှင်းလင်းပေးရေး၊ တပ်မတော်နဲ့ KIA တို့ကြား အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ စတာတွေဖြစ်ပါတယ်။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခုံလှုံရေးစခန်း ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမှာ တစ်နိုင်ငံလုံးက စခန်းတွေ ပိတ်သိမ်းရေး အကျုံးဝင်အောင် ရေးဆွဲထားသလို ကချင်ပြည်နယ်က စခန်းတွေပိတ်သိမ်းရေးကိုလည်း သီးခြားအစီအစဉ် ရေးဆွဲထားတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ဆိုပါတယ်။
ဒါ့ကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကဏ္ဍအလိုက်ကူညီနိုင်ဖို့ လုပ်ငန်းလမ်းညွှန်တွေ ရေးဆွဲနေတယ်လို့လည်း ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။
“ဒီလိုအကောင်အထည်ဖော်တဲ့အခါ အမျိုးသားအဆင့် မဟာဗျူဟာနဲ့လည်း ချိတ်ဆက်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်ကြတာတွေဖြစ်တယ်။ ဒါကြောင့်မို့ UN ဘက်ကြတော့ UN Core Group ဆိုတာရှိတယ်။ ကျွန်တော်တို့ Technical Coordination Group ဖွဲ့ပြီးတော့ UN ပိုင်းကလည်း ပံ့ပိုးနိုင်တဲ့ ကဏ္ဍအလိုက်တွေ စီစဉ်နိုင်ဖို့ လုပ်ငန်းလမ်းညွှန်တွေ ရေးနေတယ်။ ရရင်လည်း အဲမှာတွေက လိုအပ်ချက်တွေမှာ ဖြည့်ဆည်းပံ့ပိုးနိုင်အောင် လုပ်တာတွေရှိပါတယ်”
ကချင်ပြည်နယ် ဒုက္ခသည်တွေ မူလနေရပ်ပြန်နိုင်ရေး အစိုးရကဖွဲ့စည်းထားတဲ့ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နဲ့ KHCC တို့ လေးကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်သလို ရရှိလာတဲ့အချက်အလက်တွေကိုလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ လမ်းညွန်မှုနဲ့ အကောင်အထည်ဖော် ဆောက်ရွက်နေတာဖြစ်ပါတယ်။
အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ ပိုမိုလက်တွဲဆောင်ရွက်သွားမှာဖြစ်သလို ဒီမိုကရေစီ၊ လူအခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ချိတ်ဆက်ဖော်ဆောင်ရင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမယ်လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကပြုလုပ်တဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေး အွန်လိုင်းဗီဒီယိုဆွေးနွေးမှုမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားထားပါတယ်။
ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့တဲ့ တစ်ကျော့ပြန်စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၀၀ လောက်ရှိပြီး ဒုက္ခသည် တစ်သိန်းလောက် အဲဒီစခန်းတွေမှာ ခိုလှုံနေ ကြပါတယ်။
၂၀၁၆ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေ ကျဲလာတာကြောင့် မူလနေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်နေတဲ့ ဒုက္ခသည်တချို့ရှိပေမယ့် အများစုကတော့ လက်ရှိအချိန်အထိ နေရပ်ကို မပြန်နိုင်ကြသေးတာ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/kachin-refugees-12232020043700.html

No comments:
Post a Comment