လူ ကိုးယောက် ကို တွစ်တာ ကနေ ဆက်သွယ်ပြီး သတ်ဖြတ်ခဲ့တဲ့ ဂျပန် အမျိုးသား တာကာဟီရို ကို သေဒဏ် အမိန့်ချမှတ် လိုက်ပါပြီ။ ဒီအမှုဟာ ဂျပန်မှာ လူတွေကြားထဲ အံ့သြထိတ်လန့်မှု ဖြစ်ခဲ့ရတဲ့ မှုခင်း တစ်ခုလည်း ဖြစ်ပါတယ်။
တာကာဟီရို ရှီရိုင်းရှီ ကို တွစ်တာ လူသတ်သမားလို့ လူတွေက ခေါ်ကြပါတယ်။ သူ့ရဲ့ တိုက်ခန်းမှာ လူ့ကိုယ်ခန္ဓာအပိုင်းအစတွေ ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ သူဟာ လူသတ်မှုတွေကို ဝန်ခံခဲ့ပြီး သတ်ဖြတ်ခဲ့သူတွေဟာ လူမှုကွန်ရက် တွစ်တာကနေ ဆက်သွယ်ခဲ့တာပါ။ အသတ်ခံရသူတွေဟာ အမျိုးသမီးငယ် အများစု ဖြစ်ပါတယ်။
ဒီလူသတ်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်ဖြတ်မှုတွေ အွန်လိုင်းမှာ ဘယ်လို ပြောဆိုနေကြတယ် ဆိုတာလည်း ဂျပန်မှာ လူတွေအကြား ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။
သူ့ကို အမိန့်ချတဲ့ အင်္ဂါနေ့က တရားရုံးမှာ လူ့ ၁၆ ယောက်သာ နားထောင်ခွင့် ပေးခဲ့ပေမယ့် လူ ၄၀၀ လောက် စောင့်ကြည့်ခဲ့ကြတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ သေဒဏ်စီရင်မှု အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သေဒဏ်စီရင်မှုကို ထောက်ခံတဲ့လူတွေလည်း အများအပြား ရှိပါတယ်။
လူသတ်ဖို့ ဘယ်လိုရှာခဲ့သလဲ။
ရှီရိုင်းရှီ ဟာ တွစ်တာကို သုံးပြီး သူသတ်မယ့် အမျိုးသမီးတွေကို အိမ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ ကူညီပြီး အဆုံးစီရင်ပေးမယ်လို့ ပြောခဲ့တဲ့ အပြင် တချို့လူတွေဆိုရင် သူတို့နဲ့ အတူ လိုက်သေပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ နဲ့ အောက်တိုဘာလ အတွင်းမှာ အသက် ၁၅ နှစ်ကနေ ၂၆ နှစ်ကြား အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား တစ်ဦးကို လည်ပင်းညှစ် သတ်ဖြတ်ခဲ့ပြီး ခန္ဓာကိုယ်တွေကို တစ်စစီ ပိုင်းဖြတ်ခဲ့ကြောင်း ကျိုတို သတင်းဌာနက စွဲချက်တင်ချိန်မှာ ရေးသား ခဲ့ပါတယ်။
ဒီလို လူတွေကို သတ်ဖြတ်မှုအကြောင်းကို ၂၀၁၇ ခုနှစ် ဟောလိုဝင်း တစ္ဆေညမှာမှ လူတွေ သတိထားမိခဲ့ကြတာပါ။ ဒါကလည်း တိုကျိုမြို့အနီးက ဇာမာမြို့မှာ ၂၃နှစ်အရွယ် အမျိုးသမီး တစ်ဦး ပျောက်ဆုံးမှုကို ရှာဖွေစဉ် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တွေ့ခဲ့ရပါတယ်။ အဲဒီ အမျိုးသမီးဟာလည်း ရှီရိုင်းရှီ သတ်ခဲ့တဲ့လူတွေထဲက တစ်ယောက် ဖြစ်နေပါတယ်။
ဒီအမျိုးသမီး ပျောက်ဆုံးနေစဉ်မှာ အစ်ကို ဖြစ်သူက တွစ်တာ လူမှုကွန်ရက် အကောင့်ကို ရယူပြီးနောက် မသင်္ကာတဲ့ မက်ဆေ့တွေတွေ့ရှိပြီး ရဲကို အကြောင်းကြားခဲ့လို့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရဲတွေက ရှီရိုင်းရှီ အခန်းကို ဝင်ရောက်ရှာဖွေခဲ့ကြတာပါ။
သူ့ရဲ့ အိမ်ထဲမှာ လူ့ဦးခေါင်းတွေ၊ လက်တွေနဲ့ အရိုးတွေကို အအေးခန်းနဲ့ ပစ္စည်း ကိရိယာတွေ ထားတဲ့ ပုံးတွေထဲမှာ ရဲတွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ရှီရိုင်းရှီ ရဲ့ အိမ်ကို ကြောက်မက်ဖွယ်ရာ အိမ်ကြီး လို့ သတင်းဌာနတွေက ခေါ်ဝေါ်ခဲ့ကြပါတယ်။
တရားရုံးကြားနာမှု တွေမှာ ဘာတွေဖြစ်ခဲ့လဲ။
တာကာဟီရို ရှီရိုင်းရှီကို သေဒဏ်ပေးဖို့ အစိုးရ ရှေ့နေတွေက တောင်းဆို ခဲ့ကြပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ရှေ့နေတွေကတော့ ပြစ်ဒဏ် သက်သာနိုင်တဲ့ သေသူရဲ့ လိုက်လျောမှုနဲ့ သတ်ဖြတ်ခဲ့မှုတွေကိုသာ ရှီရိုင်းရှီ ကျူးလွန်ခဲ့တယ်လို့ တရားရုံးမှာ လျှောက်ထားကြပါတယ်။
သေသူတွေရဲ့ ခွင့်ပြုချက်နဲ့ လူသတ်ခဲ့တာလို့လည်း သူတို့က ဆိုကြပါတယ်။
နောက်တော့ သေသူတွေရဲ့ သဘောတူညီချက် မပါဘဲ သတ်ဖြတ်ခဲ့တာလို့ ရှီရိုင်းရှီ က သူ့ရဲ့ရှေ့နေတွေကို ပြောခဲ့ပါတယ်။
သတ်ဖြတ်ခံရသူတွေ အများစုဟာ တိုကျိုမြို့ တစ်ဝိုက်က ဖြစ်ပါတယ်။ဒီအမှုကို စီရင်ချက်ချရာမှာတော့ တရားခံဟာ ရက်စက်ပြီး ကောက်ကျစ်တဲ့လူ ဖြစ်တဲ့ အတွက် လူသတ်မှုတွေမှာ တာဝန်အရှိဆုံး သူဖြစ်တယ်လို့ တရားသူကြီး နာအိုကူမိ ယာနိုက အမိန့်ကို ဖတ်ကြားရာမှာ ထည့်သွင်း ပြောဆိုပါတယ်။
အသတ်ခံရသူ ကိုးယောက်စလုံးဟာ သဘောတူညီမှု ပေးခဲ့ခြင်း မရှိတဲ့ အပြင် အသံတိတ် သဘောတူညီမှု မျိုး လုပ်ဆောင်ခဲ့ခြင်းလည်း မရှိဘူးလို့လည်း NHK သတင်းဌာနက ဆိုပါတယ်။
သတ်ခံရသူတွေက ဘယ်သူတွေလဲ။
ရှီရိုင်းရှီ သတ်ဖြတ်ခဲ့တဲ့လူတွေကိုတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတဲ့ အနေနဲ့ နာမည်တွေကို ထုတ်ဖော်ပြောကြားတာမျိုး မရှိပါဘူး။
ရှီရိုင်းရှီ သတ်ဖြတ်လို့ သေဆုံးသွားတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးလေးရဲ့ ဖခင်က တရားခံ သေသွားရင်တောင် ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ တရားရုံးမှာ ထွက်ဆို ခဲ့ကြောင်း NHK သတင်းဌာန က ပြောပါတယ်။
သူ့သမီး နဲ့ သက်တူရွယ်တူ အမျိုးသမီးတွေကို မြင်ရင် သမီးအဖြစ် မှတ်ယူနေဆဲ ဖြစ်တဲ့ အပြင် နာကျင်မှုတွေက ပျောက်သွားမှာ မဟုတ်ဘူးလို့ သတ်ဖြတ်ခံခဲ့ရတဲ့ ၁၇ နှစ် အရွယ် အမျိုးသမီးလေးရဲ့ ဖခင်က ဆိုပါတယ်။ သေဒဏ် စီရင်မှုက အသင့်တော်ဆုံး ပြစ်ဒဏ် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
သူ့အနေနဲ့ လက်စားချေချင်ပေမယ့် သေဆုံးသူရဲ့ မိသားစုဝင်တွေက ဘာမှ လုပ်လို့မရဘူးလို့လည်း ဆိုပါတယ်။ သူ့ရဲ့ ဒေါသတွေကို ဘယ်လို ချိုးနှိမ်ရမလဲ ဆိုတာတောင် မသိဘူးလို့လည်း ပြောပါတယ်။
ရှီရိုင်းရှီရဲ့ ထွက်ဆိုချက်တွေကို တရားရုံးမှာ ကြားရချိန်မှာ သူ့ရဲ့ နှလုံး ရပ်တန့်သလိုတောင် ဖြစ်ခဲ့တယ်လို့ အသက် ၂၅ နှစ် အစ်ကို ဖြစ်သူ သတ်ဖြတ်ခံရလို့ ဝမ်းနည်းကြေကွဲနေသူ တစ်ယောက် က ပြောပါတယ်။
တရားခံဟာ နောင်တ ရနေပုံ မရှိတဲ့ အပြင် သူ့စကားတွေကို ကြားရတာဟာ သူ့ကို ဓားနဲ့ မွှမ်းနေသလို ခံစားရတယ်လို့ ဆိုပါတယ်။
ရှီရိုင်းရှီ ရဲ့ သတ်ဖြတ်မှုထဲမှာ ပါဝင်သွားတဲ့ အမျိုးသမီး တစ်ဦးရဲ့ သူငယ်ချင်း အမျိုးသားကလည်း အဆိုပါ အမျိုးသမီးဘယ်မှာလဲ ဆိုတာကို ရှာဖွေနေခဲ့တာပါ။
လူသတ်မှုတွေက ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိခဲ့လဲ။
ဒီလူသတ်မှုတွေကြောင့် ဂျပန်မှာ လူတွေကြားတဲ့ အံ့အားသင့်စေခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်စားနေကြတဲ့လူတွေကို ဘယ်လို ကူညီမလဲ ဆိုတာကိုလည်း ပြောဆို လာကြပါတယ်။
ဒါ့အပြင် သတ်သေဖို့ အကြောင်း ဆွေးနွေးကြတဲ့ ဝက်ဆိုဒ်တွေ အကြောင်းကိုလည်း လူတွေက ပြောဆို ဆွေးနွေး ကြပါတယ်။
ဒီအကြောင်းတွေကို ဥပဒေ ရေးဆွဲပြီး တားဆီးဖို့ ကြိုးစားမယ် ဆိုတဲ့ အရိပ်အယောင်တွေလည်း အစိုးရက ပြသခဲ့ပါတယ်။
လူမှုကွန်ရက်ကို အသုံးများတဲ့ အသိုင်းအဝိုင်းကြားမှာ စိုးရိမ်မှုတွေ မြင့်မားလာတယ်လို့ အမိန့်ချခဲ့ချိန်မှာ တရားသူကြီးက ဖွင့်ဟ ဝန်ခံခဲ့ပါသေးတယ်။
ဒီလူသတ်မှုတွေကြောင့် တွစ်တာ လူမှု ကွန်ရက်ဟာလည်း သူ့ရဲ့ စည်းမျဥ်းတွေကို ပြောင်းလဲ သတ်မှတ်ခဲ့ရပြီး၊ အသုံးပြုသူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အပြုအမူ၊ အပြောအဆိုတွေ မလုပ်ဖို့ ဆိုတဲ့ စည်းကမ်းကို ချမှတ်ခဲ့ပါတယ်။
လူသတ်မှုတွေကြောင့် စိတ်မကောင်း ဖြစ်ရတယ်လို့လည်း တွစ်တာ အကြီးအကဲ ဂျက် ဒေါ်ဆေး က ပြောကြားခဲ့ရပါတယ်။
ဂျပန်ဟာ ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခု ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ မြင့်မားနေတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရဆဲပါ။
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကတော့ သတ်သေမှုတွေကို တားဆီးတဲ့ ဥပဒေတွေ ထုတ်ပြန်ခဲ့လို့ အဆုံးစီရင်မှုတွေ လျော့နည်းသွားခဲ့ပါတယ်။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ အဆုံးစီရင်မှုတွေက တစ်ကျော့ပြန် များပြားနေတာဖြစ်ပါတယ်။
BBC Burmese

No comments:
Post a Comment