ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်သမားတွေကို နေထိုင်ခွင့် ထုတ်ပေးမည်

စမုတ်ဆာခွန်းမြို့နယ်မှာ ကိုဗစ်ကပ်ရောဂါပိုး စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၀၊ ၂၀၂၀)

ထိုင်းနိုင်ငံ စမွန်ဆာခွန်းခရိုင် မဟာချိုင်မှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူ မြန်မာအပါအဝင် လူ ၁,၀၀၀ ကျော် ရှိနေချိန်မှာ အလုပ်ရှင်တွေက တရားမဝင် လုပ်သားတွေကို နှင်ထုတ်တာတွေ ရှိတာမို့ ကပ်ရောဂါကာလမှာပဲ တရားမဝင် နိုင်ငံခြားသားတွေကို အထောက်အထားလက်မှတ် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ စမွန်ဆာခွန်းခရိုင် မဟာချိုင်မှာ ကိုဗစ်ကပ်ရောဂါပိုး ဖြစ်တဲ့အထဲမှာ မြန်မာ ၉၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ခိုးဝင်တွေကြောင့်ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီနောက် တရားမဝင်တွေကို အလုပ်ရှင်တွေက လက်မခံရဲတော့ဘဲ နှင်ထုတ်မှုတွေ ရှိလာတာကြောင့် ရောဂါကူးဆက်မှုကို ထိန်းချုပ်ဖို့ အခက်အခဲ ရှိလာပါတယ်။ ဒီအတွက် တရားမဝင်တွေကို အထောက်အထားလက်မှတ် ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“အလုပ်ရှင်တွေက အခု ကိုဗစ်ကာလမှာ မညှာမတာနဲ့ သူ့ရဲ့လုပ်သားတွေကို စွန့်ပစ်တာတွေ ဖြစ်လာတော့ ထိုင်းအစိုးရက အဲဒါကို ကုစားတဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ လက်ရှိရောက်ရှိနေကြတဲ့ အကြောင်းကြေားကြောင့် အထောက်အထားမဲ့တွေ အားလုံး တရားဝင်လည်း ဖြစ်သွားအောင် အေးအေးချမ်းချမ်းလည်း နေလို့ရအောင် ပန်းရောင်ကတ်တွေ ပြန်ထုတ်ပေးမယ်ဆိုတာကို ကြေညာလိုက်တာပါ။ အရေးကြီးအနေနဲ့ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ အရေးတကြီး စီစဉ်လိုက်တာပါ။ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အရေးပေါ် ကပ်ရောဂါဖြစ်နေတဲ့ ကာလမှာ ပြည်သူတွေကို ပြန်ခိုင်းလို့လည်းမရ၊ ဒီမှာလည်း လုပ်သားလိုအပ်ချက် ရှိနေတဲ့အပေါ်မှာ အခြေအနေကြည့်ပြီး ပြန်လုပ်ပေးလိုက်တဲ့ သဘောပါ။ အထိုက်အလျောက်အားဖြင့်တော့ ကျနော်တို့လည်း ကြိုဆိုပါတယ်။”

စမွတ်ဆာခွန်းနဲ့ ခရိုင် ၅ ခုမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူတွေ များလာတာကြောင့် ထိုင်းအစိုးရက စမွတ်ဆာခွန်းခရိုင်ထဲက ဘောလုံးကွင်းတခုမှာ အရေးပေါ်ဆေးရုံ တည်ဆောက်ဖို့ စီစဉ်တာကိုလည်း ဒေသခံ ထိုင်းလူမျိုးတွေက ကန့်ကွက်တာကြောင့် ရပ်တန့်ထားရပြီး တခြားနေရာတခုမှာ စီစဉ်ပေးမယ်ဆိုတဲ့အကြောင်း ပြောကြားလာတယ်လို့လည်း ဦးအောင်ကျော်က ဆိုပါတယ်။

“သူ့ပြည်သူတွေမှာ ဒါလည်း ဒီမိုကရေစီ အခွင့်အရ ကန့်ကွက်ဖို့ အခွင့်အရေးရှိပါတယ်။ ကျနော်လည်း ဆန္ဒပြပွဲကို အစအဆုံး ကြည့်တဲ့အခါမှာ ဒေသခံတွေက လုံးဝလက်မခံဘူး။ သူတို့ပြောတာက ကလေးသူငယ်တွေများတယ်၊ ထိုင်းကလေးသူငယ်တွေ များတယ်ပေါ့။ ပြည်သူတွေ လက်မခံဘူးဆိုလည်း မစိုးရိမ်ဖို့ပြောပြီး သူတို့အနေနဲ့ကတော့ ရတဲ့ဆီမှာ ရသလို စီစဉ်ဆောင်ရွက်ပေးသွားပါမယ်လို့ ပြောသွားပါတယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ အတည်ပြုလူနာ ၆,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေလည်း ပါဝင်လာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၅၀၀ ကျော်နဲ့ ကူးစက်သူ ၁၂၁,၀၀၀ ကျော် ရှိနေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသမှာ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/illegal-workers-thai/5714202.html

ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်သမားတွေကို နေထိုင်ခွင့် ထုတ်ပေးမည် ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်သမားတွေကို နေထိုင်ခွင့် ထုတ်ပေးမည် Reviewed by THITHTOOLWIN on 22:00 Rating: 5

No comments:

Powered by Blogger.