ဆိုရှယ်မီဒီယာပေါ် ပုံအတု တင်တဲ့ကိစ္စ တောင်းပန်ဖို့ တရုတ်ကို သြစတြေးလျ တောင်းဆို

ရှက်စရာ စိတ်ပျက်စရာကောင်းတဲ့ ပို့စ် လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြော

သြစတြေးလျ စစ်သားတစ်ယောက်က အာဖဂန် ကလေးတစ်ယောက်ကို သတ်ဖို့ လုပ်နေတဲ့ ပုံအတုတစ်ပုံကို တရုတ်အစိုးရ တွစ်တာအကောင့်တစ်ခုက တင်ခဲ့ကိစ္စကို တောင်းပန်ဖို့ သြစတြေးလျ အစိုးရက တရုတ်ကို တောင်းဆိုလိုက်ပါတယ်။

ဒီလို မနှစ်မြို့စရာကောင်းတဲ့ ပုံတစ်ပုံကို မျှဝေတာဟာ တရုတ်အစိုးရအနေနဲ့ လုံးဝရှက်သင့်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောပါတယ်။

ဒီကိစ္စကြောင့် သူတို့နှစ်နိုင်ငံကြားက နိုင်ငံရေးတင်းမာမှုတွေကို အရှိန်မြင့်တက် လာစေခဲ့ပါတယ်။

ပြီးတော့ ဒီဓာတ်ပုံက အာဖဂန်အရပ်သားတွေနဲ့ အကျဥ်းသားတွေကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ သြစတြေးလျ စစ်သားတွေ စစ်ရာဇဝတ်မှု ကျုးလွန်တယ်ဆိုတာကို အထောက်အထား ခိုင်မာအောင် ပိုလုပ်လိုက်သလိုလည်း ဖြစ်သွားပါတယ်။

၂၀၀၉ခုနှစ်နဲ့ ၂၀၁၃ခုနှစ် ကြားကာလအတွင်း အာဖဂန် အရပ်သား ၃၉ယောက်နဲ့ အကျဥ်းသားတွေ အသတ်ခံရတဲ့ကိစ္စမှာ သြစတြေးလျစစ်သား ၂၅ယောက် ပါဝင်ပတ်သက်ခဲ့တယ် ဆိုတဲ့ ခိုင်မာတဲ့ သတင်းအထောက်အထားတွေ ဒီလအစောပိုင်းက ထွက်ပေါ်လာခဲ့ပါတယ်။

သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့(ADF) ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကနေ နောက်ဆက်တွဲ ပြစ်တင် ဝေဖန်ရှုတ်ချတာတွေ ဖြစ်လာခဲ့ပြီး ဒီကိစ္စကို ရဲတပ်ဖွဲ့က ဆက်ပြီး စစ်ဆေးနေပါတယ်။

တရုတ်က အွန်လိုင်းမှာ ဘာတွေတင်ခဲ့တာလဲ။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အွန်လိုင်းမှာ တနင်္လာနေ့က တင်ခဲ့တဲ့ပုံက သိုးလေးတစ်ကောင်ပိုက်ထားတဲ့ ကလေးတစ်ယောက်အနောက်မှာ သွေးပေနေတဲ့ ဓားကို သြစတြေးလျ စစ်သားတယောက်ကိုင်ပြီး ရပ်နေတဲ့ပုံပါ။

အဲ့ဒီ ပုံတင်လိုက်တာက ၁၄နှစ်သား အာဖဂန် ကောင်လေးနှစ်ယောက်ကို သြစတြေးလျစစ်သားတွေက ဓားနဲ့ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲထားမှုတွေကို ပိုအားကောင်းအောင် လုပ်ပေးလုပ်သလိုလည်း ဖြစ်သွားပါတယ်၊

သြစတြေးလျရဲ့ ABC သတင်းဌာနကတော့ အဲ့ဒီ စွပ်စွဲချက်တွေဟာ သက်သေမခိုင်လုံဘူးလို့ ပြောထားပါတယ်။

တရုတ်အရာရှိ ကျောက်လိကျင်းက ပုံအတုတစ်ပုံကို တနင်္လာကတင်ခဲ့

ဘယ်လိုပဲဖြစ်ဖြစ် သြစတြေးလျစစ်သားတွေနဲ့ အထူးတပ်ဖွဲ့ကြားမှာ ဥပဒေနဲ့မညီတဲ့ သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကတော့ တကယ်တွေ့ထားတာ ရှိနေပါတယ်။ ဒီစွပ်စွဲမှုတွေထဲမှာ စစ်သားသစ်တွေ လူသတ်တဲ့ အတွေ့အကြုံရအောင် အကျဥ်းသားတွေကို ပစ်သတ်ဖို့ အားပေးခဲ့တာတွေလည်း ပါဝင်ပါတယ်။

" သြစတြေးလျစစ်သားတွေက အာဖဂန်အရပ်သားတွေနဲ့ ထောင်သားတွေကို သတ်ဖြတ်ခဲ့တာဟာ ထိတ်လန့်စရာ ကောင်းပါတယ်။ ဒါကို ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချရမယ်၊ဒီလိုမျိုးလုပ်ရပ်တွေကို တာဝန်ခံဖို့ တောင်းဆိုပါတယ် " လို့ မစ္စတာ ကျောက်လိကျင်းက သူ့ တွစ်တာအကောင့်မှာ ပြောခဲ့ပါသေးတယ်။

သြစတြေးလျရဲ့ တုံ့ပြန်မှု

ဒါဟာ သတင်းမှားပါ လို့ ပြောပြီး တွစ်တာကနေ ဒီပို့စ်ကို ဖယ်ရှားဖို့ သြစတြေးလျဘက်က တောင်းဆိုထားပါတယ်။ ပြီးတော့ ဝန်ကြီးချုပ်မောရစ်ဆင်ကလည်း "ဒီကိစ္စဟာ တကယ် မနှစ်မြို့စရာကောင်းပြီး အသေအချာ စော်ကားထားလို့ လုံးဝ လက်ခံနိုင်စရာမရှိဘူး၊ ဒီပို့စ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ ရှက်သင့်ပါတယ်၊ ဒီပုံက ပုံအတု၊ ကျွန်တော်တို့ စစ်တပ်ကို မဟုတ်မတရား စွပ်စွဲ ပြောဆိုထားတာ"လို့ ပြောခဲ့ပါတယ်။

ပြီးတော့ လစ်ဘရယ်ကျတဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီကိစ္စကို စစ်ရာဇဝတ်မှု ဟုတ်မဟုတ် ပွင့်လင်းမြင်သာမှုရှိရှိ သြစတြေးလျအစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူက ဖြည့်ပြောခဲ့ပါတယ်။

ဒီကိစ္စဟာ နှစ်နိုင်ငံကြား တင်းမာမှုတွေ တိုးလာနိုင်တယ်ဆိုတာ သိပေမယ့် သူ့မှာ ရွေးချယ်စရာ လမ်းမရှိဘူး ဆိုတာကိုလည်း မစ္စတာမော်ရစ်ဆင်က နားလည်ထားပါတယ်။

ပြီးတော့ ဒီစစ်ရာဇဝတ်မှုသတင်းဟာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို အမြဲတမ်းကြွေးကြော်နေတဲ့ သူတော်ကောင်းယောင်ဆောင်နေတဲ့ အနောက်နိုင်ငံက လူတွေရဲ့လုပ်ရပ်လို့ မစ္စတာကျောက်လိကျင်းက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့တာကလည်း အဓိက ကုန်သွယ်ဘက်နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုတိုးလာစေခဲ့ပါတယ်။

သြစတြေးလျနဲ့ တရုတ်နှစ်နိုင်ငံ အကြား ဆက်ဆံမှုတွေ ဆိုးရွားလာစေတဲ့ အခြား အချက်အလက်တွေကလည်း ရှိပါသေးတယ်။ နှစ်နိုင်ငံကြားမှာ ပြဿနာတွေ ရှိနေပြီးသား ဆိုပေမဲ့ ဒီတွစ်တာမှာ တင်တဲ့ကိစ္စက အခြေအနေ ပိုဆိုးလာစေတယ်လို့ သြစတြေးလျဝန်ကြီးချုပ် ကပြောပါတယ်။

သူတို့ ရဲ့ အမှတ် ၁၉ လေတပ်က တပ်သားတွေ လူသတ်မှုနဲ့ စွပ်စွဲခံရနိုင်ပြီး အဲ့ဒီစစ်သားတွေက စစ်ရာဇဝတ်မှု ကျုးလွန်မှုရှိမရှိ စုံစမ်းစစ်ဆေးနေရတဲ့ ဒီအချိန်ကာလဟာ သြစတြေးလျနိုင်ငံအတွက်တော့ အလွန် အကဲဆတ်တဲ့အချိန်လို့ ပြောနိုင်ပါတယ်။

ပြီးတော့ အခုလို အကဲဆတ်နေတဲ့အချိန်မှာ တရုတ်အစိုးရ တာဝန်ရှိတဲ့သူတစ်ယောက်က ပုံအတု တစ်ပုံကို သုံးပြီး တိုက်ခိုက်လိုက်တာက အကျပ်အတည်းတွေ့နေတဲ့ မော်ရစ်ဆင်ရဲ့အစိုးရကို ချောက်ထဲ တွန်းပို့လိုက်သလိုလည်း ဖြစ်နေပါတယ်။

ဒီအခြေအနေတွေကြောင့် သူတို့ရဲ့ ပို့ကုန်တွေကို တရုတ်ဘက်ကနေ နောက်ထပ် ဘာတွေ အခွန် တိုးကောက်လိုက်မလဲ ဆိုတာကိုလည်း သြစတြေးလျကနေ တရုတ်ကို ပစ္စည်းတင်ပို့တဲ့သူတွေက ရင်တမမ ဖြစ်နေပါတယ်။

နှစ်နိုင်ငံကြားမှာ ဆိုးရွားတဲ့ သံတမန် ဆက်ဆံရေးတွေရှိနေသလို တစ်ဖက်မှာလည်း ဒေါ်လာဘီလျံနဲ့ချီတဲ့ ကုန်သွယ်မှုတွေက ရှိနေပါတယ်။ အခုကိစ္စမှာ သြစတြေးလျဘက်က ဒေါပွနေပေမဲ့ လက်ဆက်တွဲဖို့ ဆန္ဒရှိနေတယ်ဆိုတာကိုလည်း နှစ်ဖက်လုံးက သိထားပါတယ်။

တရုတ်က တင်တဲ့ပို့စ်အတွက် သူ အရမ်းစိတ်ဆိုးနေပေမဲ့ မစ္စတာမော်ရစ်ဆင်က ဒီကိစ္စကို သံတမန်နည်းနဲ့ပဲ ဖြေရှင်းဖို့ သေနင်္ဂဗျူဟာတွေ ချထားပါတယ်။

ဒါပေမဲ့ ဒီပို့စ်တင်တာနဲ့ ပတ်သက်လို့ တရုတ်ဘက်ကတော့ နောင်တရပုံ မပြပါဘူး။

" ဒီကိစ္စက တရုတ်က ရှက်ရမှာ မဟုတ်ဘူး၊သြစတြေးလျက ရှက်ရမှာ" လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ အမျိုးသမီး ဟွာချွန်ယင်းက တုံ့ပြန်ခဲ့ပါတယ်။

တရုတ်နဲ့ သြစတြေးလျ ဆက်ဆံရေး ဘာကြောင့်ဆိုးလာတာလဲ

ကိုရိုနာဗိုင်းရပ်စ် စဖြစ်ခဲ့တဲ့နေရာတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ သြစတြေးလျက ဦးဆောင်တောင်းဆိုခဲ့တာ၊ သြစတြေးလျ နိုင်ငံတွင်းကိစ္စတွေကို တရုတ်က ဝင်စွက်နေတယ်လို့ စွပ်စွဲခဲ့တာတွေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးတွေက ရုတ်တရက် ထိုးကျသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းကလည်း မုယောစပါး၊ဝိုင်နဲ့ အမဲသားတွေ ပါဝင်တဲ့ သြစတြေးလျရဲ့ သွင်းကုန်တွေကို တရုတ်ဘက်က အခွန်တွေ အများကြီး တိုးကောက်ခဲ့ပါတယ်။

အဲ့ဒါကို သြစတြေးလျဘက်က တရုတ်ရဲ့ စီးပွားရေးအရ အကျပ်ကိုင် အနိုင်ထက်ပြုမှုလို့ အမည်တပ်ခဲ့ပါတယ်။

ဆက်ဆံရေးတွေ ဆိုးရွားလာအောင်လုပ်တဲ့ သြစတြေးလျရဲ့ လုပ်ဆောင်ချက် ၁၄ ချက်ဆိုပြီး ဒီလ အစောပိုင်းတုန်းကလည်း သြစတြေးလျမှာရှိတဲ့ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ အချက်တွေထဲမှာ တရုတ်အစိုးရရဲ့ ရင်း​နှီး​မြုပ်နှံမှု စီမံကိန်းတွေကို သြစတြေးလျက တားဆီးပိတ်ပင်တာ၊ တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ 5G တင်သွင်းတပ်ဆင်မှုကို တားမြစ်တာနဲ့ တိုင်ဝမ်၊ရှင်ကျန်းနဲ့ ဟောင်ကောင် ကိစ္စတွေမှာ မလိုအပ်ဘဲ အကြောင်းမဲ့ ဝင်ပါတာတွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ သြစတြေးလျကတော့ သူတို့ရဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ပြီးတော့ ဝါရင့်တရုတ်ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သြစတြေးလျဘက်က တောင်းဆိုထားတာကလည်း အခုထိ လက်ခံအတည်ပြုချက် မရသေးဘူးလို့ ဝန်ကြီးချုပ် မော်ရစ်ဆင်က အတည်ပြုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55137375

ဆိုရှယ်မီဒီယာပေါ် ပုံအတု တင်တဲ့ကိစ္စ တောင်းပန်ဖို့ တရုတ်ကို သြစတြေးလျ တောင်းဆို  ဆိုရှယ်မီဒီယာပေါ် ပုံအတု တင်တဲ့ကိစ္စ တောင်းပန်ဖို့ တရုတ်ကို သြစတြေးလျ တောင်းဆို Reviewed by THITHTOOLWIN on 22:34 Rating: 5

No comments:

Powered by Blogger.