မြန်မာယာဉ်မောင်း ၂၃ ဦးကို တရုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေး

မြန်မာယာဉ်မောင်း ၂၃ ဦးကို တရုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေး လားရှိုးမြို့အဝင်မှာ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက်တွေကို ၂၀၂၀ အောက်တိုဘာ ၂ ရက်နေ့ ကျန်းမာရေးစစ်ဆေးနေစဉ်

Photo : Kan Thar / RFA

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ထိန်းချုပ်ဖို့ နယ်စပ်ဂိတ်တွေပိတ်ထားချိန်မှာ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကနေ တရုတ်နိုင်ငံဘက်အခြမ်းကို ကုန်စည်တွေ ခေါက်တိုပြေးဆွဲခွင့်ရထားတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်း ၂၃ ယောက်ကို တရုတ်နိုင်ငံ ဝမ်တိန်မြို့ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂၈ ရက်နေ့ မနေ့ကပဲ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။

ကျင်စန်းကျော့ဂိတ်က မြန်မာယာဉ်မောင်း ၂၉ ယောက်ကို မနေ့က ဝမ်တိန်ကျန်းမာရေးဌာနဆီ ခေါ်သွားပြီး ၂၃ ယောက်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တာလို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံပိုင်ရှင် နန်းခန်းခင်က RFA ကို ပြောပါတယ်။

ကျန်တဲ့ ၆ ယောက်ကတော့ ဆီးချို၊ သွေးချိုရောဂါရှိပြီး အရက်ဘီယာ သောက်ထားသူတွေဖြစ်လို့ ထိုးခွင့်မရခဲ့တာလို့ ဆိုပါတယ်။ အခုဆေးထိုးခွင့်ရတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်းတွေကတော့ ၁၄ ရက်ပြည့်ရင် နောက်ထပ်တစ်ကြိမ် ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးရမှာဖြစ်တယ်လို့လည်း နန်းခန်းခင်က ပြောပါတယ်။

ထိုးပေးတာကတော့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးလို့သိရပြီး နောက်ထပ် ယာဉ်မောင်းတွေကိုလည်း ထပ်ပြီးထိုးပေးမယ့် အစီအစဉ်ရှိနိုင်တယ်လို့ နန်းခန်းခင်က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ကုန်သွယ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားပြီး ကုန်စည်စီးဆင်းမှုအတွက် မြန်မာဘက်အခြမ်းကနေ တရုတ်ဘက်အခြမ်းအထိ ခေါက်တိုပြေးဆွဲဖို့ ခွင့်ပြုထားတဲ့ ဝမ်တိန်ဂိတ်၊ ကျင်စန်းကျော့ဂိတ်နဲ့ မန်ဝိန်းဂိတ် စတဲ့ဂိတ် သုံးဂိတ်မှာ မြန်မာယာဉ်မောင်း ၅၀ နီးပါးရှိပါတယ်။

တရုတ်ကုန်သွယ်ရေးရုံး အစီအစဉ်နဲ့ မြန်မာယာဉ်မောင်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရသူတွေအဖြစ် မှတ်တမ်းဝင်နိုင်ကြောင်းလည်း မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။

မြန်မာ-တရုတ်နယ်စပ်မှာ နှစ်နိုင်ငံကုန်သွယ်ဖို့အတွက် ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ မန်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်ဆိုပြီး ဂိတ် ၅ ဂိတ်ရှိပေမယ့် ကိုဗစ် - ၁၉ ကြောင့် တရုတ်ဘက်ကဂိတ်ထားချိန်မှာ ခေါက်တိုအစားထိုးယာဉ်မောင်းတွေနဲ့သာ တရုတ်ဘက်က အချိန်နဲ့ ဝင်ခွင့်ပြုထားတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/23-burmese-drivers-vaccinated-in-china-12292020031017.html

မြန်မာယာဉ်မောင်း ၂၃ ဦးကို တရုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေး  မြန်မာယာဉ်မောင်း ၂၃ ဦးကို တရုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေး Reviewed by THITHTOOLWIN on 00:03 Rating: 5

No comments:

Powered by Blogger.