လေးရှင်းတောင်(မီးပြတိုက်)သို့ အပျော်ခရီးထွက်ရာမှ ပျောက်ဆုံးနေသည့် အင်ဂျင်နီယာတစ်ဦးအား ၅ ရက်ကြာမှ သေဆုံးလျှက်ပြန်တွေ့


နိရဥၥရာ၊ ဒီဇင္ဘာ ၃/ ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လေးရှင်းတောင် (မီးပြတိုက်)သို့ ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့က အပျော်ခရီးစဉ်ထွက်၍ ပျောက်ဆုံးနေသူ အင်ဂျင်နီယာတစ်ဦးအား ၅ ရက်ကြာပြီးနောက်  ယနေ့ နံနက်ပိုင်းက အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။

၎င်းသေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှ အသက် ၂၇ နှစ်အရွယ် အင်ဂျင်နီယာ ကိုထွန်းကျော်ကျော်ဖြစ်ပြီး စစ်တွေမြို့ရှိ လကမ္ဘာသစ် ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သူဟု သိရသည်။

၎င်းမှာ ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့က သူငယ်ချင်းများနှင့်အတူ လေးရှင်းတောင် (မီးပြတိုက်) ကျွန်းသို့ အပျော်ခရီးစဉ်ထွက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ကိုကျော်လင်းထွန်းက ပြောသည်။

“လပြည့်နေ့က ကျွန်တော်အပါအဝင် သူ့ရဲ့ တခြားသူငယ်ချင်းတွေနဲ့ သူ့ရဲ့ အလုပ်ကလူ စုစုပေါင်း ၉ ယောက် သွားကြတာ။ အဲဒီမှာ ထမင်းချက်ဖို့ တစ်ယောက်တစ်ခု ဝိုင်းကူနေကြတာ။ သူလည်း ဗူးသီးကို အခွံခွာနေတယ်။ အဲဒီမှာပဲ သူဘယ်ကိုသွားလို့ သွားမှန်းမသိဘူးပေါ့နော်။ အဲဒီအနားက သူ ထ သွားတာကိုလည်း ဘယ်သူမှ မမြင်လိုက်ဘူး။ ပျောက်နေတာက ဒီနေ့ဆို ၅ ရက်ရှိပြီ။ ဒီနေ့မှ အလောင်းကို တွေ့တာ” ဟု နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ ကိုထွန်းကျော်ကျော်ပျောက်ဆုံးသည့်နေ့မှစ၍ စက်လှေများဖြင့် ယင်းလေးရှင်းတောင်ကျွန်း အနီးတစ်ဝိုက်တွင် သူငယ်ချင်းဖြစ်သူများက ရှာဖွေခဲ့ကြကြောင်း၊ ယနေ့ နံနက် ၁၀ နာရီခန့်က ယင်းကျွန်းသို့ ငါးရှာရန်ရောက်နေသည့် အမျိုးသားတစ်ဦးက ယင်းကျွန်း၏ ကမ်းခြေ တစ်နေရာတွင် လူတစ်ဦးလဲနေသည်ကို တွေ့မြင်ခဲ့ကြောင်းကို ပြောဆို၍ သွားကြည့်စဉ် အလောင်းအား တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ကိုကျော်လင်းထွန်းက ဆက်ပြောသည်။

“ကျွန်တော်တို့က အဲဒီကျွန်းကို နေ့တိုင်းသွားရှာတယ်။ ရှာမတွေ့လို့ ညနေကျရင် ပြန်လာတယ် အဲလိုပေါ့။ ဒီနေ့ မနက် စက်လှေနဲ့ ထပ်ရှာဖို့ သွားတော့ ငါးရှာဖို့ရောက်နေတဲ့ လူတစ်ယောက်က ဟိုနားမှာ လူတစ်ယောက် ကမ်းစပ်မှာ လဲနေတယ် ပြောလို့ သွားကြည့်တော့ သူဖြစ်နေတယ်။ အလောင်းက ရုပ်ပျက် ဆင်းပျက် ဖြစ်နေပါပြီ။ ရေနစ်သလို မျိုးပေါ့နော်။ ဒဏ်ရာတွေတော့ မပါဘူး။ သူ့မှာ အစ်ကိုတစ်ယောက်လည်း ဂျပန်မှာ။ မိဘတွေကလည်း ကျန်းမာရေးမကောင်းတော့ မလာနိုင်ကြဘူး” ဟု သူက ပြောသည်။

အလောင်းအား ယနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ စက်လှေဖြင့် တင်ဆောင်ကာ စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ယင်းအလောင်းအား ဒီဇင်ဘာ ၄ ရက်နေ့ စစ်တွေသချႋုင်းတွင် သင်္ဂြိုလ် သွားမည်ဖြစ်ကြောင်းလည်း သေဆုံးသူ၏ သူငယ်ချင်းများပြောပြချက်အရ သိရသည်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီး တည်ရှိသော အဆိုပါ လေးရှင်းတောင် (မီးပြတိုက်) သို့ ရခိုင်ပြည်နယ်အရပ်ရပ်မှ ကျောင်းသား/သူများ၊ လူငယ်များသည် အခါကြီးရက်နေ့များတွင် အပျော်ခရီး ထွက်လေ့ရှိကြကြောင်း သိရသည်။


ဆောင်းဇာခြည်

Narinjara

https://www.facebook.com/narinjara.info

လေးရှင်းတောင်(မီးပြတိုက်)သို့ အပျော်ခရီးထွက်ရာမှ ပျောက်ဆုံးနေသည့် အင်ဂျင်နီယာတစ်ဦးအား ၅ ရက်ကြာမှ သေဆုံးလျှက်ပြန်တွေ့ လေးရှင်းတောင်(မီးပြတိုက်)သို့ အပျော်ခရီးထွက်ရာမှ ပျောက်ဆုံးနေသည့် အင်ဂျင်နီယာတစ်ဦးအား ၅ ရက်ကြာမှ သေဆုံးလျှက်ပြန်တွေ့ Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.