အမ်းမှာ စစ်ဘေးရှောင်ရွာ မီးလောင်၊ လူမနေတဲ့အိမ် ၇ လုံးလောင်ကျွမ်း

ကျေးရွာသားအများစုတို့ဟာ စစ်ဘေးရှောင်အဖြစ်နဲ့ အမ်းမြို့ပေါ်ကို ရောက်ရှိခိုလှုံ နေကြ

ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသ အမ်းမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၆ လုံး နဲ့ အဆောက်အအုံတစ်ခု မီးလောင်ဆုံးရှုံးခဲ့တယ်လို့ အမ်းမြို့နယ်မီးသတ်ဦးစီးဌာနက အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီကျေးရွာဟာ အမ်းမြို့နယ်အနောက်ဘက် မိုင်လေးဆယ်ခန့်အကွာမှာရှိတဲ့ ဒါးလက်ချောင်းအတွင်းက ဒါးလက်ကျေး ရွာအုပ်စု ရှမ်းကုန်းကျေးရွာဖြစ်ပြီး အဲ့ဒီကျေးရွာသားအများစုတို့ဟာ စစ်ဘေးရှောင်အဖြစ်နဲ့ အမ်းမြို့ပေါ်ကို ရောက်ရှိခိုလှုံ နေကြတာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့်ပျက်စီးသွားခဲ့တဲ့ နေအိမ်အဆောက်အအုံတွေမှာ ပျဉ်စီပျဉ်ထောင်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း နှစ်ထပ်အိမ် ခြောက်လုံး နဲ့ လောင်းတူစာပေနှင့်ယဉ်ကျေးမှုရုံးတို့ဖြစ်တယ်လို့ မီးလောင်ခံလိုက်ရတဲ့ နေအိမ်ပိုင်ရှင် ကျေးရွာရာအိမ်မှူး ဟောင်း ဦးမောင်မောင်လတ်က ပြောပါတယ်။

မီးလောင်မှု ဘာကြောင့်ဖြစ်ပွားခဲ့တယ်ဆိုတာ စုံစမ်းဆဲဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၅ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားတယ်ကြောင်း အမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သန်းဌေးကပြောပါတယ်။

ကျေးရွာအတွင်း အိမ်ခြေ ၂၀ ကျော်လောက်မှာသာ လူတွေနေထိုင်လျက်ရှိကာ အခုမီးလောင်သွားခဲ့တဲ့နေရာတွေမှာ လူတွေမနေထိုင်တော့ဘူးလို့ လောင်းတူ ချင်းစာပေနဲ့ယဉ်ကျေးမှုအသင်းက ပြောပါတယ်။

အမ်းမှာ စစ်ဘေးရှောင်ရွာ မီးလောင်၊ လူမနေတဲ့အိမ် ၇ လုံးလောင်ကျွမ်း

"ကျွန်တော်တို့က အခုအမ်းမှာရောက်နေတယ်။ မနေ့ကသတင်းကြားရတာက အကုန်လုံးပြာကျပြီးမှ သိရတာ။ အဲ့ဒီအိမ်တွေက တောင်ပေါ်မှာရှိတာ။ တောင်ပေါ်နဲ့တောင်အောက်မှာနေကြတာ။ တိုက်ပွဲတွေကြောင့် တောင်ပေါ်မှာ မနေရဲလို့ အောက်မှာ အိမ်ငှားနေကြတယ်။ ဘယ်သူတွေရှို့တယ်ဆိုတာကိုလည်း မသိဘူး"လို့ လောင်းတူစာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးသာညွန့်က ပြောပါတယ်။

ရှမ်းကုန်းကျေးရွာဟာ ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ရွာသားတွေ နေရပ်မစွန့်ခွာမီက အိမ်ခြေပေါင်း ၁၅၄ အိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါးလက်ချောင်းအတွင်း အခုနှစ်စပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံကျေးရွာသားတွေဟာ အမ်းမြို့ပေါ်နဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ထွက်ပြေးခိုလှုံနေကြတာဖြစ်တယ်လို့ အမ်းမြို့ခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ၁၀ လခန့်ကနေ နေရပ်စွန့်ခွာလာခဲ့ကြတာဖြစ်ပြီး ဒါးလက်ချောင်းအတွင်းမှာ ယခင်က ကျေးရွာပေါင်း ၄၈ ရွာရှိတဲ့အနက် နေရပ်စွန့်ခွာလာခဲ့ကြတဲ့ ကျေးရွာပေါင်း ၂၀ ကျော် ပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်က ဒါးလက်ချောင်းအတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေ ဆုံးမှုတွေရှိခဲ့ပေမယ့် အခုအပစ်ခတ်ရပ်စဲထားတဲ့အချိန်တွေမှာတော့ တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55476851

အမ်းမှာ စစ်ဘေးရှောင်ရွာ မီးလောင်၊ လူမနေတဲ့အိမ် ၇ လုံးလောင်ကျွမ်း အမ်းမှာ စစ်ဘေးရှောင်ရွာ မီးလောင်၊ လူမနေတဲ့အိမ် ၇ လုံးလောင်ကျွမ်း Reviewed by THITHTOOLWIN on 00:21 Rating: 5

No comments:

Powered by Blogger.