စင်္ကာပူနိုင်ငံကို ဖိုင်ဇာ-ဘိုင်ယွန်တက်ခ် က ထုတ်တဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရောက်ရှိလာပါတယ်။
ယူကေ မှာတွေ့ရတဲ့ မျိုးဗီဇ အသွင်ပြောင်းပိုးသစ်ကြောင့် ဥရောပ နိုင်ငံတွေက ပိတ်ဆို့မှုတွေ မလုပ်ခင် အချိန်မီလေးမှာ စင်္ကာပူအနေနဲ့ ကာကွယ်ဆေးတွေ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် စင်္ကာပူအနေနဲ့ ပို့ဆောင်ရေး လမ်ကြောင်းတွေ ပြတ်တောက်တာမျိုး စတဲ့ အခြေအနေမျိုးတွေကြုံလာရင်လည်း ဖြေရှင်းနိုင်အောင် ပြင်ဆင် ထားတယ်လို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကြီးကြပ်ကွပ်ကဲရေး အဖွဲ့က ပြောပါတယ်။
ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို ၂ ပတ်၊ သုံးပတ် အတွင်းမှာ စတင်မယ်လို့လည်း ကျန်းမာရေး ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
စင်္ကာပူနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေသလို ကာကွယ်ဆေးတွေလည်း ရောက်နေပြီ ဖြစ်တာကြောင့် ကိုဗစ်ကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အဲဒီက မြန်မာတွေက ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင် စင်္ကာပူဟာ မြန်မာတွေသွားရောက်အလုပ်လုပ်ကိုင် အခြေချတာများတဲ့ နိုင်ငံတစ်ခုပါ။
ကိုဗစ် ၁၉ ကာကွယ်ဆေးကို နိုင်ငံတွင်းမှာ ရှိနေတဲ့ လူတိုင်းကို အခမဲ့ထိုးပေးမယ့် ဆေးထိုးလုပ်ငန်းစဉ်ကို သုံးလအတွင်းအပြီးဆောင်ရွက်မယ်လို့ အစိုးရကပြောထားပါတယ်။
ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့ စင်္ကာပူရောက် နိုင်ငံခြားသားအလုပ်သမားတွေကိုတော့ အလုပ်သမား မှတ်ပုံတင်ကတ်နံပါတ်တွေနဲ့ စိစစ်ပြီး ဦးစားပေးအလိုက် ထိုးနှံပေးဖို့ရှိနေပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် အဆင့်လိုက် ဦးစားပေး လျာထားချက်တွေက တော့ ကိုယ်ခံအားနည်းတဲ့ ရောဂါ ဝေဒနာရှင်တွေနဲ့ အသက် ၇၀ နဲ့ အထက် အဘိုး၊အဘွားတွေကို ပထမ ဦးစားပေး ထိုးနှံသွားမှာ ဖြစ်ပါတယ်။
အဲဒါပြီးရင်တော့ ကျန်းမာရေး ဝန်ထမ်းတွေ နဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေက ၀န်ထမ်းတွေကို ကာကွယ်ဆေး ဦးစားပေး ထိုးပေးမှာ ဖြစ်တယ်လို့ အဲဒီနိုင်ငံက သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး ဂေဟာ တစ်ခုမှာ သူနာပြု အဖြစ်အလုပ်လုပ်ကိုင်နေတဲ့ မသင်းစိုးက ဘီဘီစီကို ပြောပါတယ်။
ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်ကို သုံးလအတွင်းအပြီးဆောင်ရွက်မယ်။လူ (၅)သန်းကျော်နေထိုင်တဲ့ စင်္ကာပူမှာ မြန်မာလူမျိုး(၂)သိန်းခွဲနီးပါးရှိပါတယ်။ ဒီထဲမှာ Work Permit နဲ့ လုပ်ငန်းခွင်အမျိုးမျိုးမှာအလုပ်လုပ်ကိုင်နေသူတွေ၊ နောက် စင်ကာပူနိုင်ငံသား ခံယူထားတဲ့ မြန်မာနွယ်ဖွားတွေ နဲ့ အမြဲတမ်းနေထိုင်ခွင့် PRရရှိထားတဲ့ မြန်မာတွေဆိုပြီး ရှိပါတယ်။
ဒီလို မြန်မာတွေ အတွက် ကာကွယ်ဆေး ရနိုင်မယ့် အခြေအနေ ကတော့ နောက်လာမယ့် ရက် သတ္တပတ် အတွင်းမှာ ဖြစ်နိုင်တယ်လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ မအေးအေးမာက ဆိုပါတယ်။
လောလောဆယ်မှာတော့ အလုပ်သမားတွေ စုပေါင်းနေထိုင်ရာ အိမ်ရာ တွေကနေ စပြီး ကာကွယ်ဆေးထိုး လုပ်ငန်း အစီအစဥ် တွေကို စတင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကို ရှေ့လာမယ့် ရက်တွေမှာ အစိုးရ က ကြေညာနိုင်တယ်လို့ သူက ပြောပါတယ်။
သက်ကြီးရွယ်အို စင်္ကာပူနိုင်ငံသားတွေ၊ အခြေချနေထိုင်ခွင့် ရထားသူတွေကို ဦးစားပေးပြီး ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် လီရှန်လွန်းက ပြောဆို ခဲ့ဖူးပါတယ်။
နိုင်ငံတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်သူတွေကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့လည်း စီစဉ်ထားပြီး အရွယ်ရောက်သူ အားလုံး ကာကွယ်ဆေး ထိုးသင့်တယ်လို့လည်း သူက တိုက်တွန်း ထားပါတယ်။
အလုပ်သမားနဲ့ အခြေချနေထိုင်ခွင့်ရသူတွေရဲ့ အထောက်အထား ကတ်ပြားတွေကို စိစစ်ပြီး လူစုလူဝေး မဖြစ်အောင် သက်ဆိုင်ရာ နေရာအလိုက် ကာကွယ်ဆေးထိုးမယ့် လုပ်ငန်းကို အစိုးရက စီစဉ် နေတယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။
စင်္ကာပူအစိုးရကတော့ နိုင်ငံတွင်းမှာရှိနေတဲ့လူတိုင်းကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းပေမယ့် အတင်းအကျပ် ထိုးခိုင်းတာမျိုးတော့မရှိဘူးလို့ဆိုပါတယ်။
အစိုးရအနေနဲ့ ဖိုင်ဇာ ကုမ္ပဏီက ထုတ်တဲ့ ကာကွယ်ဆေးကို ဘယ်လောက် မှာယူထားတယ်ဆိုတာ ကို အရေအတွက် အတိအကျ ထုတ်ပြန်တာမရှိပေမယ့် အများအပြား မှာယူထားတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးဝယ်ယူမှုမှာ သုံးစွဲဖို့ စင်္ကာပူ ဒေါ်လာ ၁ ဘီလီယံလောက် လျာထားတယ်လို့လည်း အစိုးရက အရင်က ထုတ်ပြန်ခဲ့ဖူးပါတယ်။ မက်ဒါးနား ကုမ္ပဏီက ထုတ်တဲ့ ကာကွယ်ဆေး နဲ့ တရုတ် ရဲ့ ဆိုင်နိုဗက် ကာကွယ်ဆေးတွေကိုလည်း မှာယူသွားမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဉ်ပြီးတဲ့နောက်မှာလည်း ကာကွယ်ဆေးရဲ့ ထိရောက်မှုတွေ၊ ဆေးအာနိသင် တွေနဲ့ ပတ်သက်လို့ ဆက်လက် စောင့်ကြည့်လေ့မှာမှုတွေ လုပ်ဖို့လည်း စီစဉ်ထားပါတယ်။
ယူကေနဲ့အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးတွေ စထိုးတဲ့ ရက်သတ္တပတ်မှာပဲ မျိုးရိုးဗီဇအသွင်ပြောင်းပိုး ထပ်တွေ့ထားပြန်ပါတယ်။
ဒီလိုအခြေအနေတွေကြားမှာပဲ စင်္ကာပူအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့အာရှနိုင်ငံအချို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စတင်ပြင်ဆင်လာနေတာ ဖြစ်ပါတယ်။
BBC Burmese

No comments:
Post a Comment