နိရဥၥရာ၊ ဒီဇင္ဘာ ၁/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ရပ်ကွက်တစ်ခုမှ ၄ ရက်ကြာ ပျောက်ဆုံးနေသည့် စိတ်မနှံ့သူအမျိုးသားတစ်ဦး၏ အလောင်းကို ယနေ့နေ့လယ် ၁ နာရီခန့်က ချောင်းတစ်ခုအတွင်း သေဆုံးလျက်တွေ့ရှိကြောင်း သတင်းရရှိသည်။
၎င်းသူမှာ ကိုသက်ပိုင်ထွန်း(ခ) ကိုကုလား (၃၂)နှစ်ဖြစ်သည်။
၎င်းသည် လွန်ခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်က ငပလီမြို့ နတ်ရေကန်ရပ်ကွက်ရှိနေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်ကာ ယနေ့တွင် သေဆုံးလျက်တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်း၏အစ်မ ဒေါ်ကေသီကျော်က နိရဥ္စရာသတင်းဌာနအားပြောသည်။
“ သူက စိတ်မနှံ့တာ ၁၅ နှစ်လောက်ရှိပါပြီ။ ဒီလိုပဲ အိမ်က ပျောက်သွားတတ်ပါတယ်။ ရန်ကုန်မြို့က စိတ္တဇ ဆေးရုံမှာ သွားကုနေရတာပါ။ သံတွဲမှာ အလောင်းတစ်လောင်းတွေ့တယ်လို့ သတင်းရလို့ လိုက်သွား ကြည့်တော့ သူဖြစ်နေတာပါ။ ရဲကအလောင်းမှာ တစ်စုံတစ်ရာ ဒဏ်ရာမတွေ့ရဘူးလို့ပြောတယ်” ဟု သူမပြောသည်။
၎င်းအလောင်းအား သံတွဲမြို့ဆေးရုံကြီးသို့ သယ်ဆောင်ပြီးနောက် ယနေ့ ညနေခန့်တွင် သင်္ဂြိုလ်လိုက်ကြောင်း သူမကပြောသည်။
သေဆုံးသူအား ချောင်းကမ်းစပ်မှ ဆော့ကစားနေသည့် ကလေးငယ်တချို့မှ တွေ့ရှိခဲ့ပြီး ဒေသခံများက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုဇွဲထက်မန်က ပြောသည်။
“ ကျွန်တောတို့ ရောက်သွားတော့ ရဲတပ်ဖွဲ့က အလောင်းကို ဆယ်ယူနေပါပြီ။ စိတ်မနှံ့တဲ့သူလို့ သိရတယ်။ အလောင်းက ပုပ်နေပါပြီ” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့မရဲစခန်းသို့ ဆက်သွယ်ရာ တစ်စုံတစ်ရာဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။
အိမ်စိုးဖြူ
Narinjara

No comments:
Post a Comment