ရန်ကုန်နဲ့ မန္တလေးမှာ ကိုဗစ်လူနာ တွေ့ရှိမှု ကျဆင်း၊ တစ်နိုင်ငံလုံး တွေ့ရှိမှု ၄ ရာခိုင်နှူန်းအောက် ရောက်လာ

ဒီဇင်ဘာ ၂၇ ရက်နေ့ ရန်ကုန်မှာ ပိုးတွေ့လူနာ ၂၈၅ ဦး တွေ့ရှိ

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နောက်ပိုင်းက စပြီး ဆက်တိုက်ကျဆင်းနေခဲ့ပြီးတေ့ာ အတည်ပြုလူနာ တွေ့ရှိမှု အများဆုံးဖြစ်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေး မြို့တို့မှာလည်း အတည်ပြုလူနာ တွေ့ရှိမှုတွေ ကျဆင်းလာနေပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာတစ်နိုင်ငံလုံးက ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၆၀၇ ဦးကို စစ်ဆေးခဲ့ရာမှာ ၆၀၆ ဦးသာ တွေ့ရတယ်လို့ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စပြီး တစ်နိုင်ငံလုံး ကိုဗစ်လူနာတွေ့ရှိမှုဟာ ၄ ရာခိုင်နှုန်းအောက်ကို စတင်ကျဆင်း လာခဲ့တာဖြစ်ပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ပါဆိုရင် ၄ ရာခိုင်နှုန်းအောက် ၃ ရက်ဆက်တိုက် ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံး ပိုးတွေသူ အရေအတွက် ၇၃၄ ဦးရှိခဲ့ပြီးတော့ ရန်ကုန်က ပိုးတွေ့လူနာ ၂၈၇ ဦးအထိ ကျဆင်းလာခဲ့ပါတယ်။ မန္တလေးမှာလည်း ပိုးတွေ့လူနာ အရေအတွက်ဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ၂၀၀ အောက်ကို ရောက်လာပြီးတော့ စုစုပေါင်း ၁၅၈ ဦးသာ တွေ့ရှိခဲ့ပါတယ်။

မန္တလေးမှာ ကိုဗစ် အသိပညာပေးလုပ်ငန်းတွေ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဆောင်ရွက်စဥ်

ဒီဇင်ဘာလ ၂၇ ရက်နေ့ ကိုဗစ်လူနာ စုစုပေါင်း ၆၀၆ ဦးတွေ့ရှိပြီး စစ်ဆေးတဲ့ လူနာအရေအတွက်ထဲက ကိုဗစ်လူနာ တွေ့ရှိမှုနှုန်းက ၃.၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

သေဆုံးသူ ၂၂ ဦးမှာ ၁၁ ဦးက ရောဂါအခံ ရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပြီး သေဆုံးမှုနှုန်းကတော့ ၂ ရာခိုင်နှုန်းအကျော်မှာပဲ ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ကတည်းက ပိုးတွေ့လူနာတွေရှိမှု ကျဆင်းမှုတွေ စတင်လာခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဘီဘီစီကိုပြောခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က စပြီးတော့ ပိုးတွေ့လူနာတွေရှိမှု နည်းလာတဲ့ တိုင်းနဲ့ ပြည်နယ်ခြောက်ခုက မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို အရင်သတ်မှတ်ထားတဲ့ နေအိမ်မှာ နေထိုင်ရေးကန့်သတ်ချက် Stay at Home ကနေ ပယ်ဖျက်ကြောင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နှစ်သစ်ကူးကာလ ရန်ကုန်မှာ ပန်းခြံတွေပိတ်ထား

အဲဒီအထဲမှာ ရန်ကုန်တိုင်းအတွင်း ဆိပ်ကြီးခနောင်တို၊ တွံတေးနဲ့ ကွမ်းခြံကုန်းတို့က ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု ၃၅ စု ကလွဲလို့ အဲဒီမြို့နယ် ၃ မြို့နယ်အတွင်းက ကျန်နေရာတွေမှာ နေအိမ်နေထိုင်ရေး အစီအစဥ်ဒီဇင်ဘာလ ၂၇ ရက်က စလို့ အကျုံးမ၀င်တော့ဘူးလို့ ဖော်ပြထားပါတယ်။

အလားတူ မွန်ပြည်နယ်မှာ မော်လမြိုင်နဲ့ ဘီးလင်း၊ ပဲခူးတိုင်းမှာ ဆိုရင် ကူးစက်မှု ပြင်းထန်တဲ့ ပဲခူးကို ချန်ပြီးတော့ က၀ နဲ့ သနပ်ပင် ၊ ဧရာ၀တီတိုင်းမှာ ဆိုရင်လည်း ပုသိမ်ကို ချန်လှပ်ကာ ဖျာပုံနဲ့ မအူပင် တို့ကို အိမ်တွင်းနေရေး အစီအစဥ်ကနေ ပယ်ဖျက် ပေးခဲ့ပါတယ်။

မန္တလေးမှာ စက်တင်ဘာ ၂၅ရက်က အိမ်တွင်းနေဖို့ အမိန့်ထုတ်ထားတဲ့ ၃ မြို့နယ်အနက် ၊မဟာအောင်မြေ နဲ့ ချမ်းအေးသာစံကို ချန်ပြီးတော့၊ အမရပူရမှာ ကျေးရွာ ၄၈ ရွာ ကလွဲလို့ ကျန်မြို့နယ်တွင်းက နေရာတွေမှာ နေအိမ်နေထိုင်ရေး အစီအစဥ်တွေကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ၊အောင်မြေသာစံ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် နဲ့ ပုသိမ်ကြီး မြို့နယ်တွေမှာတော့ အိမ်တွင်းနေထိုင်ဖို့ အစီအစဥ်ချမှတ်ခဲ့ပါတယ်။

ရောဂါ ကူးစက်မှုတွေ့ရှိတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ပယ်ဖျက်သင့်တဲ့ မြို့နယ်တွေကို နေအိမ်နေထိုင်ရေး အမိန့်တွေကို လျှော့ချ ပေးသွားဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khing Mg Win

ကိုဗစ် ဒုတိယလှိုင်း အပြင်းအထန် ဖြစ်ခဲ့တဲ့ ရန်ကုန်နဲ့ ရခိုင်လို နေရာကို တော့ ဖြည်းဖြည်းချင်းမှ လျှော့ဖို့ရှိတယ်လို့ သူကပြောပါတယ်။

နေ့စဥ် ပိုးတွေ့နှုန်းကျလာတဲ့ ရန်ကုန်နဲ့ ရွေးကောက်ပွဲအပြီး ကူးစက်မှု တိုးလာတဲ့ မန္တလေးတို့ အခုရက်ပိုင်း ပိုးတွေ့နှုန်း အရေအတွက် မတိမ်းမယိမ်း ဖြစ်လာနေပြီး မန္တလေး တိုင်းမှာတော့ သေဆုံးသူပေါင်း ၂၂၀ နီးပါးနဲ့ စုစုပေါင်း ပိုးတွေ့ထားသူ ၁၂၃၀၀ ကျော်ကာ ရန်ကုန်ကတော့ အတည်ပြု လူနာ စုစုပေါင်း ၇၀၀၀၀ ကျော် ရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/55461308

ရန်ကုန်နဲ့ မန္တလေးမှာ ကိုဗစ်လူနာ တွေ့ရှိမှု ကျဆင်း၊ တစ်နိုင်ငံလုံး တွေ့ရှိမှု ၄ ရာခိုင်နှူန်းအောက် ရောက်လာ ရန်ကုန်နဲ့ မန္တလေးမှာ ကိုဗစ်လူနာ တွေ့ရှိမှု ကျဆင်း၊ တစ်နိုင်ငံလုံး တွေ့ရှိမှု ၄ ရာခိုင်နှူန်းအောက် ရောက်လာ Reviewed by THITHTOOLWIN on 06:55 Rating: 5

No comments:

Powered by Blogger.