ကိုဗစ်- ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် တောင်အာဖရိကမှာလည်းတွေ့

ကူးစက်မှု ရုတ်တရက် မြင့်တက်လာစေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် တောင်အာဖရိကမှာတွေ့

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်ကို တွေ့ရတာ ယူကေနိုင်ငံတစ်ခုတည်း မဟုတ်တော့ပါဘူး။

နိုင်ငံရဲ့ နေရာအတော်များများမှာ ကိုဗစ် ကူးစက်မှု ရုတ်တရက်တိုးလာစေတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးကို တောင်အာဖရိက သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ စူးစမ်းလေ့လာနေတယ်လို့ အဲဒီနိုင်ငံက တာဝန်ရှိသူတွေက ကြေညာပါတယ်။

501.V2 ဆိုတဲ့ ဗိုင်းရပ်စ်မျိုးကွဲကို ကွာဇူလူ-နက်တယ် သုတေသနအဖွဲ့က ဦးဆောင်တဲ့ မျိုးဗီဇသုတေသန အဖွဲ့တစ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာပါ။

ဒီဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ အရင်တစ်ခေါက် ကူးစက်စဥ်ကထက် လူငယ်တွေမှာ ပိုကူးစက်ပုံရတယ်လို့ ဒီဇင်ဘာ ၁၈ ရက်မှာ တောင်အာဖရိက ကျန်းမာရေး ဝန်ကြီး ဇွယ်လီ မက်ခီဇီက ပြောပါတယ်။

တောင်အာဖရိကက သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကို ပုံမှန် စောင့်ကြည့်လေလာနေတုန်းမှာ မျိုးဗီဇပြောင်းလဲမှုတချို့ကို သတိထားမိရာက ဒီဗီဇမျိုးကွဲသစ်ကို အခု ဒီဇင်ဘာ အစောပိုင်းက တွေ့ခဲ့တာ ဖြစ်ပါတယ်။

အခုထိ သေဆုံးသူ ၂၄၀၀၀ ကျော် ရှိပြီ ဖြစ်ပြီး၊ အခု သီတင်းနှစ်ပတ်အတွင်းမှာ ကူးစက်သူ နှစ်ဆမက တိုးလာ

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ဒီဇင်ဘာလ ၂၁ ရက်အထိ တောင်အာဖရိကမှာ ကိုဗစ်ကူးစက်သူ ၉၂၁,၀၀၀ရှိပြီး သေဆုံးသူ ၂၄,၀၀၀ ကျော်ရှိပါတယ်။

တောင်အာဖရိကမှာတွေ့ရတဲ့ ဗီဇပြောင်း 501.V2 ဟာ ယူကေမှာ တွေ့ရတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်သစ်နဲ့ ပတ်သက်ဖွယ်မရှိဘူးလို့ ဘီဘီစီ တောင်အာဖရိက သတင်းထောက် ပမ်ဇာ ဖီဟာနီက ပြောပါတယ်။

ဒါပေမဲ့ နှစ်ခုစလုံးမှာ အဓိက တူညီတဲ့ ဗီဇပြောင်းလဲပုံက လူတွေရဲ့ ဆဲလ်ကို ချိတ်တွယ်နိုင်တဲ့ နေရာမှာ ဖြစ်ပြီး အဲဒါက ဗိုင်းရပ်စ် ပိုမြန်မြန်ပျံ့သွားစေတဲ့ အကြောင်း ဖြစ်မလားလို့ သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။

ဗီဇပြောင်းတိုင်း အင်အားမပြောင်း

ဗီဇပြောင်းသွားတာက ဗိုင်းရပ်စ်က ပိုပြင်းထန်လာတော့ မဟုတ်ဘူးလို့ ယူကေ အောက်စဖို့ဒ် တက္ကသိုလ် ကမ္ဘာ့ကျန်းမာရေး ဌာနက ပါမောက္ခ ထရူဒီလန်းက ပြောပါတယ်။

ဗိုင်းရပ်စ်တွေမှာ ဗီဇပြောင်းတာတွေ ပုံမှန် ဖြစ်လေ့ရှိပြီး အဲဒီလိုပြောင်းသွားတာတွေကြောင့် ဗိုင်းရပ်စ်က ပိုပြင်းထန်လာတော့မဟုတ်ဘူးလို့ ဆိုပါတယ်။

မျိုးကွဲသစ် 501.V2 ကို နိုင်ငံထဲက ကူးစက်မှု အသစ်တွေမှာ အများဆုံးတွေ့ရတယ်လို့ တောင်အာဖရိက အစိုးရ အကြံပေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဆလင်း အဘ်ဒူ ကာရင်က ပြောပါတယ်။

အရင်တစ်ခေါက်ကထက် လူငယ်တွေမှာ ကူးစက်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထား

ဒုတိယလှိုင်းမှာ သေဆုံးသူ ပိုများမယ်၊နည်းမယ်ဆိုတာ သေချာမသိရသေးပါဘူး။ အခု သေဆုံးမှု အချက်အလက်တွေအရ စိုးရိမ်ရတာမျိုး မတွေ့ရသေးပါဘူးလို့ သူက ပြောပါတယ်။

ယူကေက သုတေသီတွေကတော့ မျိုးကွဲဗိုင်းရပ်စ်ဟာ အရင်ဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ပိုပြီး ကူးစက် ပြန့်ပွားနိုင်တယ်လို့ ဆိုပါတယ်။

တောင်အာဖရိကက ကျွမ်းကျင်သူတွေက အဲဒါနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို စုဆောင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နေ့စဥ် ပိုးကူးစက်မှုနှုန်းက ဒီဇင်ဘာ ၆ ရက်ကနေ ၂၀ ရက်ကြားမှာ နှစ်ဆမက ရှိလာတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အစိုးရက WHO နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အစီအစဥ်အရ တောင်အာဖရိကမှာ ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ် အစောပိုင်းမှာ စထိုးနိုင်ဖွယ်ရှိတယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ ကြေညာပါတယ်။

ဗိုင်းရပ်စ်ပျံ့နှံ့တာ နှေးကွေးစေဖို့ စည်းကမ်းအသစ်တွေ ချမှတ်ရာမှာ အဓိက ကမ်းခြေကြီးတချို့ ပိတ်ထားလိုက်ရဖို့လည်း ပါဝင်ပါတယ်။

တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇကွဲဗိုင်းရပ်စ်စ်ကို အရှေ့ကိပ်ခရိုင်မှာ စတွေ့ရပေမဲ့ အဲဒီနောက် တခြားနေရာ နှစ်ခုဖြစ်တဲ့ အနောက်ကိပ်ခရိုင်နဲ့ ကွာဇူလူ-နက်တယ်တို့မှာလည်း ပျံ့နေပါပြီ။

တောင်အာဖရိကဟာ လက်ရှိမှာ ကိုဗစ် ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့တာ နှေးကွေးစေဖို့ စည်းကမ်းအသစ်တွေ ချမှတ်ရဖို့ ဖြစ်လာပြီး အဲဒါတွေထဲမှာ အဓိက ကမ်းခြေကြီးတချို့ ပိတ်ထားလိုက်ရတာတွေလည်း ပါဝင်ပါတယ်။

အခုအခါမှာ တောင်အာဖရိကက လာတဲ့ လေယာဥ်တွေကို ပိတ်လိုက်တဲ့ နိုင်ငံတွေ ပိုတိုးလာပါပြီ။ ဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရတဲ့ ယူကေနိုင်ငံလည်း ဒီလို အဖြစ်မျိုး ကြုံနေရပါတယ်။

အဲဒီလို ပိတ်လိုက်တဲ့ နိုင်ငံတွေထဲမှာ ဂျာမနီနဲ့ ဆွစ်ဇာလန်တို့ ပါဝင်ပါတယ်။

အယ်ဆာဗေးဒိုးနိုင်ငံကတော့ တောင်အာဖရိကမှာ ရက် ၃၀ ရှိခဲ့တဲ့ ဘယ်ခရီးသွားကိုမဆို ဝင်ရောက်ခွင့် ပိတ်ထားလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55412938

ကိုဗစ်- ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် တောင်အာဖရိကမှာလည်းတွေ့  ကိုဗစ်- ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် တောင်အာဖရိကမှာလည်းတွေ့ Reviewed by THITHTOOLWIN on 01:16 Rating: 5

No comments:

Powered by Blogger.