အောက်စဖို့တက္ကသိုလ် နောက်ခံပြု ကိုဗစ်ကာကွယ်ဆေး ပုံစံထုတ်သူ အမျိုးသမီးပါမောက္ခ ဒေါက်တာ ဆာရာဂီးလ်ဘတ်

ငှက်ဖျားရောဂါရဲ့ မျိုးဗီဇကို လေ့လာတဲ့ ပညာရပ်ဆိုင်ရာ အလုပ်တစ်ခုကို လုပ်ကိုင်ရာကနေ ငှက်ဖျားရောဂါ ကာကွယ်ဆေး ထုတ်တဲ့အပိုင်းကို စလုပ်ဖြစ်သွားတဲ့ ဒေါက်တာ ဂီးလ်ဘတ်

ယူကေနိုင်ငံက အောက်စဖို့ တက္ကသိုလ်နဲ့ အက်စရာ ဇနက်ကာ ဆေးကုမ္ပဏီတို့ ပူးပေါင်း ဖော်ထုတ်နေတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပုံစံထုတ်သူတွေထဲမှာ အမျိုးသမီး ပါမောက္ခ ဒေါက်တာ ဆာရာ ဂီးလ်ဘတ်လည်း အပါအဝင် ဖြစ်ပါတယ်။

အောက်စဖို့ ကိုဗစ် ကာကွယ်ဆေးလို့လည်း ယူကေမှာ အလွယ် ခေါ်ဆိုကြတဲ့ ဒီကာကွယ်ဆေးဟာ လတ်တလော လေ့လာစမ်းသပ်မှုအပြီးမှာ ၇၀ ရာခိုင်နှုန်း ထိရောက်မှုရှိတာကို တွေ့ရှိရပြီး ထိုးတဲ့ ပမာဏနဲ့ ကာလအရ ၉၀ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိသွားနိုင်တယ်လို့ ဒီဆေးစမ်းသပ်နေတဲ့ သိပ္ပံပညာရှင်များအဖွဲ့က ဆိုပါတယ်။

ဒေါက်တာ ဆာရာ ဂီးလ်ဘတ်ဟာ အိစ်တန်းဂလီးယား တက္ကသိုလ်မှာ ဇီဝဗေဒ သိပ္ပံပညာ ဘာသာရပ်တွေကို ဘွဲ့ကြို ကျောင်းသူ အဖြစ် တက်ရောက်ခဲ့ပြီး ဟားလ် တက္ကသိုလ်မှာ ပါရဂူရတဲ့အထိ ဆက်လက် တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

သူ ပါရဂူဘွဲ့ရဖို့ လုံးပန်းနေရချိန်မှာ သိပ္ပံအပိုင်းကို စွန့်ခွာပြီး အခြားလေ့လာသင်ယူမှု အသစ်တွေ လုပ်ဖို့ စဉ်းစားခဲ့ဖူးပေမယ့် လက်တွေ့ ဝင်ငွေ လိုအပ်ချက်အရ ဆက်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆာရာ ဂီးလ်ဘတ်ဟာ ၁၉၆၂ ခုနှစ်က ယူကေနိုင်ငံ အင်္ဂလန်နယ် နော်သမ်ပ်တမ်ရှား အရပ်၊ ကက်တရင်း မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ဖခင်ဟာ ဖိနပ်လုပ်ငန်းမှာ လုပ်ကိုင်သူဖြစ်ကာ မိခင်ကတော့ အင်္ဂလိပ်စာသင်တဲ့ ဆရာမတစ်ဦးဖြစ်ပြီး သမဝါယမ အဖွဲ့ငယ်တစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဆာရာ ဂီးလ်ဘတ်ဟာ အိမ်ထောင်သည် ဘဝမှာ သုံးမြွှာပူး မွေးလာတဲ့အတွက် အလုပ်လုပ်ရတာ အခက်အခဲတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ သားသုံးယောက်ကို ဝါသနာပါရာ လုပ်ခွင့်ပေးခဲ့ပေမယ့် အားလုံးက ဇီဝ ဓာတုဗေဒ ဘာသာရပ်ကို ဝါသနာပါတာ သွားတူနေကြပြီး အဲဒီ ဘာသာရပ်နဲ့ပဲ တက္ကသိုလ် တက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆာရာ ဂီးလ်ဘတ် ကနေ ဒေါက်တာ ဆာရာ ဂီးလ်ဘတ်ဖြစ်လာအပြီးမှာ အဖျော်ယမကာ ထုတ်လုပ်ရေး သုတေသန ဌာနတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းကျမှ လူသား ကျန်းမာရေး သုတေသနအပိုင်းဘက်မှာ ပြောင်းလဲ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ဘဝမှာ ကာကွယ်ဆေး ကျွမ်းကျင်သူ ဖြစ်လာဖို့ စိတ်မကူးခဲ့ဖူးပေမယ့် ၁၉၉၅ ပတ်ဝန်းကျင်လောက်မှာ အောက်စဖို့ တက္ကသိုလ်က ငှက်ဖျားရောဂါရဲ့ မျိုးဗီဇကို လေ့လာတဲ့ ပညာရပ်ဆိုင်ရာ အလုပ်တစ်ခုကို လုပ်ကိုင်ရာကနေ ငှက်ဖျားရောဂါ ကာကွယ်ဆေး ထုတ်တဲ့အပိုင်းကို စလုပ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဒေါက်တာ ဂီးလ်ဘတ်ဂ်ဟာ အောက်စဖို့တက္ကသိုလ်မှာ ရာထူးတိုးလာပြီး တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကြီးတဲ့ အက်ဒ်ဝတ်ဒ် ဂျန်နာ ဌာနမှာ ပါမောက္ခ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အက်ဒ်ဝတ်ဒ် ဂျန်နာ ဌာနဟာ ကာကွယ်ဆေးထိုးပြီး ကာကွယ်ကုသတဲ့ နည်းစနစ်ကို ၁၉ ရာစု အစောပိုင်းမှာ ရှေးဦးစတင် အသုံးပြုခဲ့သူ အက်ဒ်ဝတ်ဒ် ဂျန်နာကို အစွဲပြု ထူထောင်ထားတဲ့ ဌာန ဖြစ်ပါတယ်။

ဒေါက်တာ ဂီးလ် ဘတ်ဂ် အခုလို ပါမောက္ခ ဖြစ်လာပြီးနောက်ပိုင်းမှာ အဖျားရောဂါ ပုံစံမျိုးစုံကို ထိရောက်စေတဲ့ အဖျားစွယ်စုံ ကာကွယ်ဆေးတစ်မျိုး ထုတ်ဖော်တဲ့ သုတေသန အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ သူဟာ အီဘိုလာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး စမ်းသပ်မှု ပထမ အဆင့်ကို ဦးဆောင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား တစ်ခုဖြစ်တဲ့ Mers ဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ဖို့အတွက်လည်း ဆော်ဒီ အာရေဗျနိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။

အဲဒီ ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို စမ်းသပ်မှု ဒုတိယအဆင့် ရောက်တဲ့အချိန် ၂၀၂၀ အစောပိုင်းဟာ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များလာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေခဲ့ပြီး ဒေါက်တာ ဂီးလ်ဘတ်ဂ်က ကိုဗစ်-၁၉ အတွက်လည်း တစ်ပါတည်း ကာကွယ်ဆေး ရှာဖွေ ဖော်ထုတ်လို့ရမယ်လို့ အတွေးပေါ်ခဲ့ပါတယ်။

အဲဒီ မားစ် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် အတွက်လည်း ကာကွယ်ဆေးဖြစ်လာအောင် ဓါတ်ခွဲခန်းထဲမှာ ပုံစံထုတ်နိုင်ဖို့ ရက်သတ္တပတ် အနည်းငယ် ကြာခဲ့ပြီး ပထမဆုံးအကြိမ် လက်တွေ့ ဖော်စပ် ထုတ်လုပ်မှုကတော့ ၂၀၂၀ ဧပြီလမှာ စတင်နိုင်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55126187

အောက်စဖို့တက္ကသိုလ် နောက်ခံပြု ကိုဗစ်ကာကွယ်ဆေး ပုံစံထုတ်သူ အမျိုးသမီးပါမောက္ခ ဒေါက်တာ ဆာရာဂီးလ်ဘတ် အောက်စဖို့တက္ကသိုလ် နောက်ခံပြု ကိုဗစ်ကာကွယ်ဆေး ပုံစံထုတ်သူ အမျိုးသမီးပါမောက္ခ ဒေါက်တာ ဆာရာဂီးလ်ဘတ် Reviewed by THITHTOOLWIN on 01:01 Rating: 5

No comments:

Powered by Blogger.