ပိုးကူးစက်မှု လျော့လာပေမယ့် ကုသရေးပုံစံ ပြောင်းလဲဖို့ အစီအစဉ်မရှိသေး


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအားလုံး ဆေးရုံတက်ကုသစေတဲ့ ပုံစံမျိုးမဟုတ်ဘဲ တကယ်လိုအပ်မှ ဆေးရုံတက်စေဖို့ ပုံစံပြောင်းဆောင်ရွက်မယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ  ပျံ့နှံ့နေတာဟာ ဝန်ကြီးဌာနရဲ့ သဘောထားမဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာတွေကို ကုသရာမှာ အဆင့် ၅ ဆင့် သတ်မှတ်ပြီး တစ်ဆင့်ချင်းစီ ဆုတ်ခွာတဲ့ ပုံစံနဲ့ ပြောင်းလဲကုသမယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျန်းမာရေးဝန်ထမ်း တချို့က ဒီရက်ပိုင်းထဲ ရေးသားထားတာကို လူအများက တဆင့်ပြန်လည် မျှဝေနေကြရာကနေ ဒီလိုသတင်းတွေ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

အဆင့် ၅ ဆင့်ဆိုရာမှာ ပိုးကူးစက်ခံရသူတိုင်းကို ဆေးရုံတက်ကုသတာ၊  ပိုးကူးခံရသူတွေထဲကမှ အသက်အရွယ် ကြီးရင့်သူတွေကိုသာ ဦးစားပေးအနေနဲ့ ဆေးရုံတက်ကုသခွင့်ပြုတာ၊ အသက် ၆၀ အထက်တွေကိုသာ ဦးစားပေးကုသတာ၊ ဖျားရင် အိမ်မှာပဲနေထိုင် ဆေးသောက်ကုသဖို့ လမ်းညွှန်ချက်ပေးပြီး၊ ဆေးရုံတက်ဖို့ လိုအပ်မှ ဥပမာအားဖြင့် အသက်ရှူကြပ်လာတာလိုဖြစ်မှ ဆေးရုံကိုခေါ်ယူကုသတာ၊ ပြန်ကောင်းနိုင်ခြေ မရှိသူတွေကို ကုသမှုမပေးတော့တာ စသဖြင့် အခြေအနေအရ အဆင့်ဆင့် ကုသမှုကို လျှော့ချသွားဖို့ စီစဉ်နေတယ်ဆိုပြီး ရေးသားနေကြတာပါ။ 

ဒါဟာ ဆရာဝန်ကြီးတစ်ဦးရဲ့ ရေးသားချက်ဖြစ်ပြီး ကူးစက်မှု လုံးဝမနိုင်တော့ရင် အဲဒီလို လျှော့ချလို့ရနိုင်တယ်ဆိုတာမျိုး ဆိုလိုတာလို့ ရန်ကုန်မြို့က အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းက ပြောပါတယ်။

" စပြီးသတင်းထွက်လာတာက မြို့ကြီးတစ်မြို့ရဲ့ ဆရာဝန်ကြီးတစ်ယောက်ကရေးတာ သူတို့ရဲ့ ဝန်ကြီးချုပ်က အဲလိုပုံစံသွားချင်တယ်ဆိုတော့ သူက ပညာရှင်အနေအထားနဲ့ သွားချင်ရင် တိုက်ရိုက်သွားလို့မရဘူး အဲလိုအဆင့်တွေနဲ့ သွားလို့ရတယ်ဆိုပြီး သူ့ဖေ့ဘုတ်မှာ ရေးလိုက်တာ ဒါ MOHS ရဲ့တရားဝင်လမ်းညွှန်ချက်မဟုတ်ဘူး။ သူ့ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာရေးတာကို ရှဲလ်ရင်းနဲ့ ပြန့်သွားတာ ဆရာဝန်တော်တော်များများက အဲဒါကို လက်ခံတဲ့သဘောပေါ့"

ဒီလိုပြောဆိုချက်တွေဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မူဝါဒမဟုတ်ဘဲ တစ်ဦးချင်းစီရဲ့ သဘောထားသာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှုး ဒေါက်တာ ခင်ခင်ကြီးက တုံ့ပြန်ပါတယ်။ 

" ခွာစစ်တွေဘာတွေ လိုင်းပေါ်မှာရှိနေတာ MOHS ရဲ့ အာဘော်မဟုတ်ဘူး MOHS အနေနဲ့ ရောဂါရှာဖွေရေးကို တိုးချဲ့လုပ်နေတယ်။ ထိရောက်စွာကုသမှုပေးနေတယ်။ သူတို့ရဲ့ ကွန်တက်တွေကို ရှာဖွေတယ်။ ဒါက ရေးတဲ့သူတစ်ဦးချင်းစီရဲ့ သဘောထားဖြစ်ပါတယ်။ MOHS အာဘော်မဟုတ်ပါဘူး။ ဒါကိုအတည်ယူလို့မရပါဘူး။"

လက်ရှိမှာ ပိုးတွေ့လူနာ လျော့ကျလာတဲ့အတွက် စောင့်ကြည့်စင်တာတွေကို ပိတ်သိမ်းနေတယ်၊ ကုသရေးစင်တာတွေကိုတော့ နဂိုအတိုင်းထားရှိပြီး ကုသရေးကို ပုံမှန် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကဆိုရင် ပိုးကူးစက်ခံရသူဟာ နေ့စဉ် တစ်ထောင်ကျော်ရှိခဲ့ပြီး ဒီဇင်ဘာလ အလယ်ပိုင်းအထိ နေ့စဉ် ၉၀၀ ဝန်းကျင် ရှိနေခဲ့တာပါ။ 

ဒီဇင်ဘာလကုန်ပိုင်း ဒီရက်ပိုင်းမှာ ပိုးကူးခံရသူ အရေအတွက် သိသိသာသာ လျော့ကျလာနေပြီး အတည်ပြုလူနာဟာ တစ်ရက်ကို ၆၀၀ နဲ့ ၇၀၀ ဝန်းကျင်သာ ရှိပါတော့တယ်။

ရန်ကုန်မှာ ကုသရေးစင်တာအနေနဲ့ ဖောင်ကြီး၊ ဧရာဝတီ၊ ဝေဘာဂီ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ ရန်ကုန်ဆေးရုံကြီး တွေရှိနေတာပါ။

တစ်ဖက်မှာလည်း ပိုးတွေ့လူနာတွေ့ရှိမှုက အရင်ကထက် သုံးပုံတစ်ပုံသာ ကျန်တော့တာကြောင့် စင်တာတွေ ပိတ်သိမ်းတယ်ဆိုပေမယ့် တတိယလှိုင်းအတွက်လဲ ကြိုတင်ပြင်ဆင်နေတယ်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဆေးကုဌာန ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။

"တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း တတိယလှိုင်းအတွက် ကြိုပြင်နေတယ်။ စင်တာတွေကို ဖြုတ်သိမ်းတယ်ဆိုတာ အကုန်ဖျက်ပစ်တာမဟုတ်ဘူး ဝန်ထမ်းတွေကိုနားရအောင် ဗော်လံဒီယာတွေကို အနားပေးဖို့ စင်တာတွေပေါင်းလိုက်တာ။ ကုသမှုရှိတဲ့စင်တာတွေကို တောက်လျှောက်ဖွင့်ထားမှာ လူနာအရေအတွက် နည်းသွားပေမယ့် ရောဂါဆိုးဝါးတဲ့လူနာတွေက တောက်လျှောက်လာနေဆဲပဲ။ ပိုးတွေ့လူနာကနည်းသွားတယ် အခုဆို နဂိုကထက် သုံးပုံတစ်ပုံလောက်ပဲရှိတော့တယ်။"

မြန်မာတစ်နိုင်ငံလုံးမှာ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီ နောက်ဆုံးထုတ်ပြန်ထားချက်အရ ပိုးတွေ့လူနာသစ် ၆၁၉ ဦး၊ ပိုးကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းနှစ်သောင်းသုံးထောင်ကျော်၊ ဆေးရုံဆင်းခွင့်ရရှိသူ တစ်သိန်းငါးထောင်ကျော် ရှိနေပြီဖြစ်ပြီး သေဆုံးလူနာက ၂၆၃၇ ဦးရှိပြီဖြစ်ပါတယ်။    

ဒီလိုအခြေအနေကိုရောက်ဖို့ သုံးလကြာတိုက်ထုတ်ခဲ့ရပြီး ဒီအခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ကုသရေးတွေနဲ့ ထိန်းချုပ်ရေးတွေကို မလျှော့ဘဲ ဆက်ပြီးဆောင်ရွက်သွားဖို့လိုတယ်လို့ ဖောင်ကြီးကျန်းမာရေးစင်တာမှာ ကုသရေးပိုင်းကို ဆောင်ရွက်ပေးနေတဲ့ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပြောထားပါတယ်။ 

"နယူးနော်မယ်လိုက်ဖ်မှာနေထိုင်ရင်း ဆထက်တစ်မပိုးကြိုးစားသွားရမှာပါ။ ရောဂါပိုးရှိနိုင်သူ၊ သယ်ဆောင်လာနိုင်သူတွေကို ရှာဖွေ၊ ကာကွယ်၊ထိန်းသိမ်း၊ ကုသ ၊ ဖေးမကူညီစောင့်ရှောက်တာတွေကို မလျှော့ပဲ အသိသတိနဲ့ ထာဝရ စက္ကန့်မလပ် နာရီမလပ် အားစိုက်ဆောက်ရွက်ကြရဦးမှာဖြစ်ပါတယ်။"

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားမှာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ရာသီတုပ်ကွေးရောဂါလို ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ရောဂါကာကွယ်ဆေးကလည်း စမ်းသပ် ထိုးနှံနေဆဲဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်မခံရအောင် နေ့စဉ် လူနေမှုဘဝတွေမှာ နှာခေါင်းစည်းကို တပ်ဆင်ဖို့၊ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအခွာနေကြဖို့၊ လက်ကို မကြာခဏ ဆေးဖို့၊ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို စနစ်တကျ လိုက်နာကြဖို့ အမြဲမပြတ် တိုက်တွန်းနေပါတယ်။ 


RFA Burmese

https://www.rfa.org/burmese/news/covid-treatment-not-changing-12302020041709.html

ပိုးကူးစက်မှု လျော့လာပေမယ့် ကုသရေးပုံစံ ပြောင်းလဲဖို့ အစီအစဉ်မရှိသေး ပိုးကူးစက်မှု လျော့လာပေမယ့် ကုသရေးပုံစံ ပြောင်းလဲဖို့ အစီအစဉ်မရှိသေး Reviewed by THITHTOOLWIN on 00:58 Rating: 5

No comments:

Powered by Blogger.