မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၆၁၉ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၂၃,၁၅၃ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID - 19 ကြောင့် သေဆုံးသူက ၁၉ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၆၃၇ ယောက်ရှိပြီဖြစ်ပါတယ်။ သေဆုံးသူ ၁၉ ယောက်မှာ ရောဂါအခံရှိသူ ၁၁ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၁၈,၀၉၈ ခု စစ်ဆေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၁.၇ သန်းကျော် စစ်ဆေးပြီးခဲ့ပြီဖြစ်ပါတယ်။ အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၀၅,၂၇၉ ယောက်ရှိပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုနှုန်း အများဆုံးဖြစ်နေပြီး မန္တလေးတိုင်းက ကူးစက်မှုနှုန်း ဒုတိယနေရာမှာရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့COVID - 19 ရောဂါဖြစ်ပွါး သေဆုံးမှု စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆၈ နေရာမှာရှိပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက အဆင့် ၂၀ မှာရှိပါတယ်။
ကပ်ရောဂါကြောင့် မတ်လကတည်းက ပျံသန်းခွင့်ပိတ်ထားတဲ့ ပြည်ပခရီးစဉ်တွေကို လာမယ့် ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းကစပြီး ပြန်လည်ခွင့်ပြုဖို့ တာဝန်ရှိသူတွေ ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။ ပြည်ပလေကြောင်းခရီးစဉ်တွေနဲ့ လိုက်ပါမယ့်သူတွေအတွက် ကျန်းမာရေး လမ်းညွှန်ချက်တွေကို မကြာခင်ထုတ်ပြန်ပေးမှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-cases/5717259.html

No comments:
Post a Comment