ဝူဟန်မှာ ဖြစ်ပျက်သမျှတွေကို တင်ခဲ့သူ အမျိုးသမီး ထောင်လေးနှစ်ကျ

မစ္စဂျန်ဂျန်းဟာ မေလမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က အဖြစ်အပျက်တွေကို သတင်းအဖြစ်တင်ပြ ရေးသားဖော်ပြခဲ့တဲ့ လူထုသတင်းသမား အမျိုးသမီးတစ်ယောက်ကို အာဏာပိုင်တွေက ထောင်ဒဏ်လေးနှစ်ချလိုက်ပါတယ်။

ဂျန်ဂျန်းဟာ "လူတွေကြားခိုက်ရန်ဖြစ်ပွားအောင်နဲ့ ရန်စပြုမူခဲ့မှုတွေအတွက်" အပြစ်ရှိကြောင်းတွေ့ရတယ်လို့ စီရင်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီစွပ်စွဲချက်ဟာ တက်ကြွလှုပ်ရှားသူတွေအပေါ် အာဏာပိုင်တွေ မကြာမကြာသုံးတတ်တဲ့ စွဲချက်တစ်ခုဖြစ်ပါတယ်။

အရင်က ရှေ့နေလုပ်ခဲ့ဖူးတဲ့ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဂျန်ဂျန်းဟာ မေလကတည်းက ထိန်းသိမ်းခံထားရတာပါ။ သူ ဖမ်းခံထားရတုန်း အစာအငတ်ခံ ဆန္ဒပြနေခဲ့တာလည်း လတော်တော်ကြာပြီလို့ သိရပါတယ်။ အခုဆို သူ့ ကျန်းမာရေးက မကောင်းလှဘူးလို့ သူ့ ရှေ့နေတွေက ပြောပါတယ်။

မစ္စဂျန်လိုပဲ ဝူဟန်အကြောင်းသတင်းတွေ တင်ခဲ့တဲ့ တခြား လူထုသတင်းသမား အတော်များများကိုလည်း တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

တရုတ်မှာက လွတ်လပ်တဲ့ သတင်းမီဒီယာမရှိပါဘူး၊ ကိုရိုနာကပ်ရောဂါဖြစ်လာတော့ အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို ဝေဖန်ရေးသားသူ၊ ထုတ်ဖော်ဖွင့်ချသူလို့ ယူဆခံရသူတွေကို အာဏာပိုင်တွေက လိုက်ရှာနှိမ်နင်းခဲ့ပါတယ်။

ဝူဟန်မှာ ဘာတွေ ဘယ်လို ပြောင်းလဲသွားပြီလဲ

"စီရင်ချက်ကို ကြားလိုက်ရတဲ့အချိန်မှာ ဂျန်ဂျန်းအတော်လေး စိတ်ထိခိုက်သွားတယ်" လို့ သူ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရန်ကွမ်နူးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ တရားရုံးမှာ စီရင်ချက်ကို လာနားထောင်နေတဲ့ မစ္စဂျန်းရဲ့ အမေကလည်း အော်ဟစ်ငိုကြွေးခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

'တော်လှန်ချင်စိတ်ရှိသူ'

သူအဖမ်းမခံရခင် ရုပ်သံမှတ်တမ်းသမားတစ်ယောက်ကို ပေးခဲ့တဲ့ အင်တာဗျူးမှာ မစ္စဂျန်းက ဝူဟန်မြို့ခံတစ်ယောက်ရေးတဲ့ ကပ်ရောဂါကာလအတွင်း မြို့ထဲမှာ ဖြစ်နေပုံ၊ သူတို့နေရပုံတွေအကြောင်း ပို့စ်တစ်ခုကို ဖတ်ရအပြီးမှာ ဖေဖေါ်ဝါရီလမှာပဲ ဝူဟန်ကို သွားဖို့ သူဆုံးဖြတ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

အဲဒီကို ရောက်တဲ့အခါ မြို့ထဲက လမ်းတွေပေါ်မှာ တွေ့ရတာတွေ၊ ဆေးရုံတွေမှာ ဖြစ်ပျက်နေတာတွေကို ဂျန်ဂျန်းက မှတ်တမ်းတင်ပြီး စာတွေရေး၊ ဗီဒီယိုတွေ လိုက်ဖ်လွှင့်တာတွေ လုပ်ခဲ့ပါတယ်။ အာဏာပိုင်တွေက ခြိမ်းခြောက်ပေမဲ့ သူ နောက်မဆုတ်ခဲ့ပါဘူး။ သူတင်တဲ့ သတင်းတွေ၊ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာမှာ လူတွေ အများကြီး ဆက်ပြီး ဖြန့်ကြပါတယ်။

တရုတ်က လူ့အခွင့်အရေးကာကွယ်သူများကွန်ရက်အဖွဲ့ကတော့ ဂျန်ဂျန်းရဲ့ တင်ပြချက်တွေထဲမှာ တခြား လွတ်လပ်တဲ့သတင်းသမားတွေအဖမ်းရတာတွေ၊ ဗိုင်းရပ်စ်နဲ့ အသက်ဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေက အာဏာပိုင်တွေကို တာဝန်ခံခိုင်းရင် အဲဒီမိသားစုတွေ ဖိနှိပ် နှောက်ယှက်ခံရတဲ့အကြောင်းတွေ ပါတယ်လို့ ဆိုပါတယ်။

"ကျွန်မက တော်လှန်ချင်တဲ့စိတ်ရှိသူ ဖြစ်နိုင်ပါတယ်၊ ကျွန်မက အမှန်တရားကို မှတ်တမ်းတင်တာပဲလေ၊ အမှန်တရားကို ဘာလို့ ထုတ်ပြလို့ မရရမှာလဲ။" လို့ အင်တာဗျူးထဲမှာ ဂျန်ဂျန်းပြောခဲ့တဲ့ အပိုင်းလေးကို ဘီဘီစီက တွေ့ရပါတယ်။

"ကျွန်မအခုလုပ်နေတာတွေကို ရပ်မှာမဟုတ်ပါဘူး။ ဒီနိုင်ငံဟာ နောက်ပြန်လှည့် သွားလို့ မရပါဘူး" လို့လည်း သူက ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးကာကွယ်သူများအဖွဲ့ရဲ့ အဆိုအရ မစ္စဂျန်ဂျန်းဟာ မေလ ၁၄ ရက်နေ့ကစလို့ ပျောက်သွားတာလို့ ဆိုပါတယ်။ နောက်တစ်နေ့မှာတော့ သူ့ကို မိုင် ၄၀၀ ကျော်ကွာဝေးတဲ့ ရှန်ဟိုင်းမြို့မှာ ဖမ်းထားကြောင်း သိလာရပါတယ်။

သူ့ကို တရားဝင်အမှုစွဲတင်တာကိုတော့ နိုဝင်ဘာလဆန်းမှာ လုပ်ခဲ့ပါတယ်။ စွဲချက်တွေထဲမှာ မစ္စဂျန်ဂျန်းဟာ "သတင်းမှားတွေကို စာသား၊ ဗီဒီယို တခြားမီဒီယာပုံစံတွေနဲ့ ဝီချက်၊ တွစ်တာ၊ ယူကျုတို့က တစ်ဆင့်ပေးပို့ထုတ်ပြန်ခဲ့တယ်" လို့ ရေးထားပါတယ်။

နောက်တစ်ခါ သူဟာ နိုင်ငံခြား မီဒီယာတွေကိုလည်း အင်တာဗျူးတွေပေးခဲ့ပြီး ဝူဟန်က ဗိုင်းရပ်စ်အကြောင်း သတင်းတွေကို "မလိုမုန်းထားစိတ်နဲ့ မမှန်မကန်ဖြန့်ဝေခဲ့တယ်" လို့လည်း စွပ်စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သူ့ကို ထောင်ဒဏ် လေးနှစ်ကနေ ငါးနှစ်အထိ ချမှတ်ဖို့လည်း တရားစွဲဘက်က တောင်းဆိုထားပါတယ်။

လာရောက်လေ့လာမှုတိုင်းကို လမ်းဖွင့်ပေးထားတယ်လို့ ဝူဟန်ဓာတ်ခွဲခန်းက သုတေသီ တုံ့ပြန်

'ထိတ်လန့်စရာ ပြစ်ဒဏ်'

သူ့ကို အခုလို ဖမ်းဆီးတာကို ကန့်ကွက်တဲ့အနေနဲ့ မစ္စဂျန်းက အစာငတ်ခံဆန္ဒပြခဲ့ပြီး သူ့ကျန်းမာရေးဟာ အတော်လေးဆိုးဝါးနေတယ်လို့ ဆိုပါတယ်။

သူ့ရှေ့နေတစ်ယောက်ကတော့ မစ္စဂျန်းဆီ ဒီဇင်ဘာအစောပိုင်းက သူသွားတွေ့တုန်းမှာ အာဏာပိုင်တွေက သူ့ကို အစာပိုက်ကတစ်ဆင့် အတင်းအဓမ္မ အစားအစာတွေထည့်ကျွေးနေတယ်လို့ မစ္စဂျန်းက ပြန်ပြောပြခဲ့တယ်လို့ စီရင်ချက်ချအပြီးမှာ ထုတ်ပြန်ချက်ကို ဖတ်ပြခဲ့ပါတယ်။ မစ္စဂျန်းဟာ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ဗိုက်အောင့်တာ စတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့လည်း ရှေ့နေက ပြောပါတယ်။

"၂၄ နာရီပတ်လုံး ချုပ်နှောင်ခံထားရလို့ မစ္စဂျန်းဟာ ရေချိုးခန်းသွားဖို့ တခြားလူရဲ့ အကူအညီလိုတယ်၊ အိပ်ရင်လည်း အိပ်မပျော်ဘဲ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် ဖြစ်နေတယ်" လို့ ရှေ့နေ ဂျန်ကေကေက ပြောပါတယ်။ မစ္စဂျန်းဟာ "စိတ်ပိုင်းဆိုင်ရာအရ အရမ်း ပင်ပန်းနွမ်းနယ်နေပြီး နေ့တိုင်းဟာ သူ့အတွက် အနှိပ်စက်ခံနေရသလိုပါပဲ" လို့ သူက ဆက်ပြောပါတယ်။

မစ္စဂျန်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် အမှုစီရင်တာကို ရက်ရွှေ့ပေးဖို့ သူ့ရှေ့နေတွေက တောင်းဆိုခဲ့ပါတယ်။

မစ္စဂျန်းဟာ ဟောင်ကောင်က ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ထုတ်ပြောခဲ့တာကြောင့် ၂၀၁၉ ခုနှစ်တုန်းကလည်း ထိန်းသိမ်းခံခဲ့ရပါသေးတယ်။

တရုတ် လူ့အခွင့်အရေးကာကွယ်သူများကွန်ရက်အဖွဲ့က လီယိုလန်ကတော့ မစ္စဂျန်းကို အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ "ထိတ်လန့်စရာကောင်းတယ်" လို့ ဆိုပါတယ်။

"ပြစ်ဒဏ်က ပြင်းထန်လွန်းပါတယ်။ တရုတ်အစိုးရက သူ့ကိုလည်း အသံတိတ်သွားအောင်လုပ်ချင်တယ်၊ ဝူဟန်မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတဲ့ တခြားပြည်သူတွေကိုလည်း ကြောက်သွားအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရပါတယ်" လို့ လီယိုလန်က ဘီဘီစီကို ပြောပါတယ်။

"ကပ်ရောဂါအကြောင်း သတင်းတွေကို ထုတ်ဖော်ရေးသားပြီး အခု အဖမ်းခံထားရတဲ့ တခြားသူတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီးလည်း ကျွန်တော် စိုးရိမ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဝူဟန်ကနေ သတင်းတွေ ရေးပြီးတင်ခဲ့ကြတဲ့ တခြား လူထုသတင်းသမားတွေဖြစ်ကြတဲ့ လီဂျေဟွား၊ ချန်ကျူရှီ နဲ့ ဖန်ဘင်းတို့လည်း ဒီနှစ်အစောပိုင်းတုန်းက ရုတ်တရက် ပျောက်သွားကြပါတယ်။နောက်ပြီးမှာ လီက ပြန်ပေါ်လာပြီး သူ့ကို အာဏာပိုင်တွေက အတင်းအကျပ် ကွာရန်တင်းဝင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ချန်ကတော့ အစိုးရက စောင့်ကြည့်ခံနေရပြီး မိသားစုနဲ့အတူပြန် နေနေတယ်လို့ သိရပါတယ်။ ဖန်ဘင်းကတော့ အခုအထိ ဘယ်ရောက်နေတယ်ဆိုတာ မသိရပါဘူး။ 


BBC Burmese

https://www.bbc.com/burmese/world-55446672

ဝူဟန်မှာ ဖြစ်ပျက်သမျှတွေကို တင်ခဲ့သူ အမျိုးသမီး ထောင်လေးနှစ်ကျ  ဝူဟန်မှာ ဖြစ်ပျက်သမျှတွေကို တင်ခဲ့သူ အမျိုးသမီး ထောင်လေးနှစ်ကျ Reviewed by THITHTOOLWIN on 00:36 Rating: 5

No comments:

Powered by Blogger.