ကိုဗစ် - မြန်မာ အိန္ဒိယဆီက ဝယ်တဲ့ ကိုဗစ် ကာကွယ်ဆေး ဘယ်အချိန် အစောဆုံးရမလဲ

ကာကွယ်ဆေးကိုစောင့်ရင်း ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ပြီး လုပ်ငန်းတွေ ပြန်စဖို့ အစိုးရက တိုက်တွန်းထား

အိန္ဒိယကနေ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးဝယ်မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးရဖို့ မြန်မာက သံတမန်နည်းလမ်းနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ Serum Institute of India က COVID-19 ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံက ဝယ်ယူလိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယ သံအမတ်ကြီးနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ဝင်နိုင်ငံဖြစ်လို့ WHO ရဲ့ ကာကွယ်ဆေးအဖွဲ့ ကိုဗက်စ်ကနေ လူဦးရေ ၂၀ ရာခိုင်နှုန်း အတွက် ကိုဗစ်ကာကွယ်ဆေး အခမဲ့ရဖို့ရှိပါတယ်။

မြန်မာနိုင်ငံက ဆေးဝယ်ယူမယ့် အစီအစဥ်နဲ့ ပတ်သက်ပြီး "ဧပြီလလောက်မှာ အစောဆုံး ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ကိုဗက်စ်ကို စောင့်မနေပါဘူး။ ကိုဗက်စ်က အချိုးကျ ဖြန့်ဝေပေးနေတာနဲ့ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး ဝယ်ယူဖို့ ရှိပါတယ်"လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ ရုရှား၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေကနေလည်း ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ လုပ်နေတာပါ။

ယူကေအတည်ပြု ကိုရိုနာကာကွယ်ဆေး ဘယ်လောက်စိတ်ချရလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးအမြန်ရဖို့လိုအပ်သလို အဲဒီကာကွယ်ဆေးတွေရလာရင် သိုလှောင်ထိန်းသိမ်းရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဖြူးရေးအတွက်ကလည်း အဓိကအရေးကြီးကြောင်း ဆေးပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေက ထောက်ပြကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးအမျိုးအစားတချို့ဟာ အလွန်အမင်းအေးတဲ့ အအေးခန်းစနစ်နဲ့ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးရရင် ဖြန့်ဖြူးသိုလှောင်ရမယ့်အပိုင်းအတွက် ပြင်ဆင်ထားရမှာနဲ့ ပတ်သက်လို့ Logistic and supply chain ကုမ္ပဏီတစ်ခုဖြစ်တဲ့ EFR က အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဟန်က ကာကွယ်ဆေးထိုးမယ့်သူဆီ သတ်မှတ် အပူချိန်နဲ့ ဆေးရောက်သွားဖို့က အရေးကြီးတယ်။ ဆေးပို့ဆောင်တဲ့ လမ်းတစ်လျှောက် အပူချိန်ကိုလည်း တောက်လျှောက် စောင့်ကြည့်နေဖို့ လိုတယ်။ ဒါမှ ကာကွယ်ဆေး အာနိသင် ထိရောက်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာကိုဗစ်ကာကွယ်ဆေးရရင် ကျန်းမာရေးဝန်ထမ်းတွေ၊သက်ကြီးရွယ်အိုတွေကိုဦးစားပေးအနေနဲ့ အရင်ဆုံးထိုးပေးမယ်လို့ အစိုးရကပြောထားပါတယ်။


အခု အစောဆုံးလာမယ့်နှစ် ဧပြီလောက်မှာ ရမယ့် ကိုဗစ်ကာကွယ်ဆေးကိုစောင့်ရင်း ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ပြီး လုပ်ငန်းတွေပြန်စဖို့ အစိုးရက ဒီဇင်ဘာ ၂၂ ရက်မှာ ကြေညာချက်ထုတ်ပြန်တိုက်တွန်းထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ကာကွယ်ဆေးအပြင် ကိုဗစ်-၁၉ လူနာတွေ ရောဂါ ပြန်သက်သာချိန် မြန်ဆန်စေတဲ့ဆေး ရမ်ဒက်စ်ဆီဗီယာ Remdesivir ကို ထုတ်လုပ်ဖို့ အမေရိကန်ဆေးကုမ္ပဏီကြီးတစ်ခုနဲ့ သဘောတူ စာချုပ် ချုပ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။

အဲဒီဆေးတွေ ထုတ်လုပ်တဲ့ အိန္ဒိယ ဆေးကုမ္ပဏီကြီးတွေမှာ ဒေါ်လာ ဘီလျံနဲ့ ချီလည်ပတ်လုပ်ကိုင်နေပြီး ဆေးအမျိုးအစား ရာပေါင်းမျာစွာကို ကမ္ဘာ့အနှံ့ဖြန့်ချိနေတဲ့ ကုမ္ပဏီတွေ ပါရှိပါတယ်။

Serum Institute of India က အိန္ဒိယ၊ အလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေအတွက် ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ကာကွယ်ဆေး သန်းရာချီ တိုးထုတ်သွားမယ်လို့လည်း ကြေညာထားပါတယ်။

အခုလက်ရှိ ယူကေနဲ့ အမေရိကန် နိုင်ငံတို့မှာ စတင်ထိုးနှံနေပြီ ဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ မကြာခင် ထွက်လာမယ့် ဆေးတချို့က နှစ်ကြိမ်စီ ထိုးနှံရမှာ ဖြစ်ပြီး ဆေး တစ်ကြိမ်ကို ဒေါ်လာ ၃၀ နဲ့ ၂၀ ဝန်းကျင် စီ ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55427629

ကိုဗစ် - မြန်မာ အိန္ဒိယဆီက ဝယ်တဲ့ ကိုဗစ် ကာကွယ်ဆေး ဘယ်အချိန် အစောဆုံးရမလဲ  ကိုဗစ် - မြန်မာ အိန္ဒိယဆီက ဝယ်တဲ့ ကိုဗစ် ကာကွယ်ဆေး ဘယ်အချိန် အစောဆုံးရမလဲ Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.