ပါကစ္စတန်က ဆေးရုံတစ်ရုံမှာ လူနာတွေကို ပေးနေတဲ့ အောက်စီဂျင် ပြတ်လပ်သွားတဲ့အတွက် ကိုဗစ်လူနာ ခြောက်ယောက် သေဆုံးခဲ့ရပါတယ်။
ပါရှာဝါမြို့မြောက်ပိုင်းက အစိုးရဆေးရုံတစ်ရုံမှာ လူနာတွေကို ပေးနေတဲ့ အောက်စီဂျင် ပြတ်သွားတာနဲ့ကြုံပြီး သူတို့တွေ အရမ်းထိတ်လန့်ပြီး အကူအညီ တောင်းခံခဲ့ရတယ်လို့ လူနာတွေရဲ့ ဆွေမျိုးတွေက ရှင်းပြကြပါတယ်။
အဲ့ဒီဆေးရုံကို ရောက်လာရမယ့် အောက်စီဂျင်ဘူးတွေ ကြန့်ကြာခဲ့တာကြောင့် လူနာနှစ်ရာကျော် အောက်စီဂျင် အလုံအလောက် မရတာနဲ့ ကြုံခဲ့ရပါတယ်။
ဒီကိစ္စကို ဆေးရုံတာဝန်ရှိတဲ့သူတွေက အောက်စီဂျင်ဘူး ပေးသွင်းတဲ့ကုမ္ပဏီကို အပြစ် တင်ခဲ့ကြပေမယ့် ဆေးရုံဝန်ထမ်း အများအပြားကိုလည်း အလုပ်က အနားပေးထားပါတယ်။
ပါကစ္စတန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု လှိုင်းအသစ်နဲ့ ရင်ဆိုင်နေရပြီး လူလေးသိန်းကျော် ရောဂါပိုး ကူးစက်ခံထားရကာ လူရှစ်ထောင်ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ကီဘာဆေးရုံကို နေ့စဥ်ပို့ပေးနေတဲ့ အောက်ဆီဂျင်ဘူးတွေ စနေနေ့ညနေက ရောက်လာရမှာဖြစ်ပြီး ရောက်မလာတဲ့အတွက် ပြဿနာတွေကြုံခဲ့ရတာလို့ ဒေသတွင်းမီဒီယာတစ်ခုရဲ့ အပြောအရ သိရပါတယ်။
အသက်ရှုစက်တွေ အတွက် လိုအပ်တဲ့ အရန် အောက်စီဂျင်ဘူး သုံးရာ အချိန်မီ မရောက်လာလို့ အခုလို ပြဿနာတွေနဲ့ ကြုံရတာဖြစ်ပါတယ်။
လူနာတွေကို ကယ်ဖို့ ဆေးဝန်ထမ်းတွေကို ဆေးရုံတစ်လျှောက် ပြေးလွှားပြီး တောင်းပန်ခဲ့ရတယ်လို့ ကိုဗစ်လူနာတစ်ယောက်ရဲ့သား မူရက်အာလီက ပြောပါတယ်။
တချို့လူနာတွေကို အောက်စီဂျင် ဆက်ရနေသေးတဲ့ အရေးပေါ်အခန်းကို ရွှေ့လာရတယ်လို့ သူရှင်းပြချက်အရ သိရပါတယ်။
ဒါပေမဲ့ အဲ့ဒီမှာလည်း အောက်စီဂျင်နည်းလာလို့ လူနာတွေ အများကြီးသေပြီး အများစုက အသည်းအသန် အခြေနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အောက်စီဂျင်ပြတ်သွားမှာကို စိုးရိမ်မှုတွေ တိုးလာနေလူနာရှင်တွေကိုယ်တိုင် အောက်စီဂျင်ဘူးတွေ ဝယ်ကြဖို့ ဆေးရုံဝန်ထမ်းက လူနာတွေရဲ့ ဆွေမျိုးတွေကို တိုက်တွန်းခဲ့ပေမယ့် တချို့ကပဲ ဝယ်ဖို့ တတ်နိုင်ကြတယ်လို့ မစ္စတာ အလီက ပြောပါတယ်။
အထူးကြပ်မတ်ကုသဆောင် အိုင်စီယူက တစ်ယောက်နဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာဆောင်က ငါးယောက် သေဆုံးခဲ့တယ်လို့ အဲ့ဒီအစိုးရဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောခဲ့ပါတယ်။
တာဝန်ရှိတဲ့သူတွေ အပြောအရတော့ အောက်စီဂျင်ပြတ်လို့သေရတဲ့ လူနာအားလုံးက အရွယ်ရောက်တဲ့သူတွေလို့ သိရပါတယ်။
ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက် လေးနာရီမှာ နောက်ကျနေတဲ့ အောက်စီဂျင်ဘူးတွေ ဆေးရုံကို ရောက်လာပါတယ်။
ဒီကိစ္စဟာ ဥပဒေကို ချိုးဖောက်ပြီး မထီမဲ့မြင်ပြုတာလို့ ဆေးရုံတာဝန်ရှိတဲ့ သူတွေက ပြောပါတယ်။
စစ်ဆေးတွေ့ရှိချက်တစ်ခုမှာတော့ ဆေးရုံမှာတာဝန်ကျတဲ့ အောက်စီဂျင် ထောက်ပံ့ရေးဌာနက ဝန်ထမ်းတွေ တာဝန်ချိန်မှာ မရောက်လာလို့ အခုလိုဖြစ်ရတာလို့ သိရပါတယ်။
လတ်တလောမှာလည်း ပြဿနာဖြစ်တဲ့ဆေးရုံရဲ့ ဒါရိုက်တာနဲ့ အခြားဝန်ထမ်းအများအပြားကို အလုပ်ကရပ်ဆိုင်းပြီး အနားပေးထားပါတယ်။
BBC Burmese

No comments:
Post a Comment