နှင်းဆီပါတီ UDP ဥက္ကဋ္ဌ အမှု- ထောင်ပြေးမှု ချပြီးနောက် ဦးကျော်မြင့် ဘာအမှုတွေ ကျန်သေးလဲ

ဦးကျော်မြင့်ကို ချမ်းအေးသာစံတရားရုံးမှာ နိုဝင်ဘာ ၁၂ ရက်က ရုံးထုတ်လာစဥ်

ထောင်ပြေးမှုနဲ့ အဖမ်းခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီခေါ် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီကနေ့မှာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ဒါဟာ သူ့အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေထဲက တစ်ခုဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ ထောင်ပြေးမှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၀ ခုနှစ်ဆန်းပိုင်းက မန္တလေးတိုင်း အိုဘိုထောင်ကထွက်ပြေးခဲ့ပြီးနောက် အခုနှစ် စက်တင်ဘာ ၂၉ ရက် မှာ ပြန်လည်အဖမ်းခံရပြီး ပုဒ်မ ၂၂၄ နဲ့တရားစွဲဆိုခံထားရတာပါ။

ထောင်ကထွက်ပြေးသူတွေအနေနဲ့ သူတို့ရဲ့အသိစိတ်ဓာတ်နဲ့လာရောက်အဖမ်းခံပါက အမြင့်ဆုံးပစ်ဒဏ် ၂ နှစ်မချမှတ်ဘဲ တရားရုံးက လျော့ပေါ့ချမှတ်လေ့ ရှိပါတယ်။

အခုချမှတ်လိုက်တဲ့ပြစ်ဒဏ်ဟာ ထောင်ကထွက်ပြေးတဲ့အတွက် ချမှတ်လိုက်တဲ့ပြစ်ဒဏ်ဖြစ်ပြီး မူလချထားတဲ့ ပြစ်ဒဏ်လည်း ကျခံရမှာဖြစ်တယ်လို့ ဥပဒေအကြံပေး ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ပြောပါတယ်။

ဦးကျော်မြင့်ကို ချမ်းအေးသာစံတရားရုံးမှာ နိုဝင်ဘာ ၁၂ ရက်က ရုံးထုတ်လာစဥ်

ဦးကျော်မြင့်ဟာ တပ်မတော်အစိုးရလက်ထက်က ပုဒ်မ ၅ ညနဲ့ထောင်ဒဏ် ၉ နှစ်ကျခံဖို့အမိန့်ချခံခဲ့ရပြီး ထောင်ထဲမှာတစ်နှစ်ခန့်ကျခံပြီးနောက် အိုးဘိုထောင်က ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ပြစ်ဒဏ်ကို အရင်ကျခံပြီးတဲ့နောက် ဒီကနေ့ချမှတ်လိုက်တဲ့ ပြစ်ဒဏ် ၂ နှစ်ကိုဆက်လက်ကျခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ထောင်ကထွက်ပြေးထားသူဖြစ်တဲ့အတွက် ထောင်ကျခဲ့စဉ်က ရရှိခဲ့တဲ့ လွတ်ရက်တွေ ကို ခံစားခွင့်မရှိသလို ကျန်ရှိနေတဲ့ ပြစ်ဒဏ်မှာလည်း တစ်နှစ်စာအတွက် လွတ်လပ်ခံစားခွင့်မရှိတော့ဘူးလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

အခုချမှတ်လိုက်တဲ့အမှုအပြင် တရားမဝင်ငွေသွင်း၊ငွေထုတ်တာတွေလုပ်ခဲ့တာနဲ့ ပတ်သက်လို့ ငွေကြေးခဝါချမှု ဥပဒေအပြင် ငွေကြေးနဲ့ဆိုင်တဲ့အမှုတွေနဲ့ပါ ဆက်လက်တရားဆွဲဖို့ရှိတယ်လို့ ဦးကျော်မြင့်နဲ့ပတ်သက်လို့ သမ္မတ ရုံးက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူကပြောဆိုထားပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်

သူ့ကို စွဲဆိုထားတဲ့ နောက်ထပ် အမှု တစ်ခု ဖြစ်တဲ့ မှတ်ပုံတင် အတုပြုလုပ်မှု လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ စွဲဆိုမှုနဲ့ ပတ်သက်ပြီး လျှောက်လဲချက် တင်သင့်၊ မတင်သင့်ကို နောက်တပတ်ရုံးချိန်း နိုဝင်ဘာ ၂၅ ရက်မှာ ပြုလုပ်မယ်လို့ တရားရုံးကလည်း ပြောပါတယ်။

ဦးကျော်မြင့် အခုလို ဖမ်းဆီး တရားစွဲခံရပြီးနောက် သူရဲ့ ပါတီလည်း ဖျက်သိမ်းခံရပြီး ပါတီက အမတ်လောင်းတွေလည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။

နှင်းဆီပါတီဟာ ကိုယ်စားလှယ်လောင်း အများဆုံး ယှဥ်ပြိုင်တဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီပြီးရင် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးနဲ့ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံး ယှဥ်ပြိုင်ဖို့ စာရင်းတင်သွင်းခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။

သူ့ရဲ့ ပါတီဟာ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ တစ်နေရာမှ အနိုင်မရခဲ့ဘဲ ၂၀၂၀ မှာ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54920860

နှင်းဆီပါတီ UDP ဥက္ကဋ္ဌ အမှု- ထောင်ပြေးမှု ချပြီးနောက် ဦးကျော်မြင့် ဘာအမှုတွေ ကျန်သေးလဲ  နှင်းဆီပါတီ UDP ဥက္ကဋ္ဌ အမှု- ထောင်ပြေးမှု ချပြီးနောက် ဦးကျော်မြင့် ဘာအမှုတွေ ကျန်သေးလဲ Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.