မိုးကုတ်မြို့အနီးမှာ တပ်နဲ့ TNLA တိုက်ပွဲဖြစ်

မိုးကုတ်မြို့ကို တွေ့ရစဉ်

Photo: Khaymani Win/ RFA

မန္တလေးတိုင်း မိုးကုတ်မြို့အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ နိုဝင်ဘာ ၂၄ ရက်နေ့  မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် တပ်မတော်သား တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦး ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ည ၇ နာရီကျော်ကနေ ၉ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြို့နဲ့ သိပ်မဝေးတဲ့ ပိန်းပြစ်ရွာ ဓာတ်တော်တောင်ဘက်မှာ ပစ်ခတ် တိုက်ခိုက်သံတွေ မနေ့ညက ထွက်ပေါ် နေတယ်ဆိုပြီး မိုးကုတ်ဒေသခံ အတော်များများကလည်း လူမှုကွန်ယက်မှာ တင်ခဲ့တာကို တွေ့ရပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က TNLA တပ်တွေ ကျောက်ဝါရွာဘက်ကနေ ဆင်းလာချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်တာလို့ ပြောပေမယ့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ပြောပါတယ်။

မိုးကုတ် ဒေသခံတွေကတော့ မနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထိတ်လန့်နေပြီး ကျောက်ဝါရွာဘက်က ဒေသခံတချို့လည်း တိုက်ပွဲရှောင်ဖို့ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက TNLA တပ်ဖွဲ့တွေ စိမ့်ဝင်နေတဲ့ အဲဒီဘက်ဒေသတွေမှာ   လွန်ခဲ့တဲ့ နှစ်လ သုံးလ ဝန်းကျင်က ရဲတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခေါ်ဆောင် သွားခံရတာတွေလည်း ရှိခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

TNLA အဖွဲ့အပါအဝင် ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်အဖွဲ့  MNDAA တို့က အပစ်ရပ်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာပြီး နောက်ပိုင်းမှာ အဲဒီအဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပါတယ်။

တိုက်ပွဲတွေ ရပ်တန့်သွားတာဟာ ယုံကြည်မှုကို တည်ဆောက်နေတဲ့ ကာလဖြစ်ပြီး အောက်ခြေမှာ သက်ဆိုင် နိုင်သူတွေနဲ့ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်‌နေကြောင်း တပ်မတော်က RFA ကို မနေ့က ပြောထားပါတယ်။

အဲဒီလို အပြန်အလှန် စောင့်ထိန်းမှုအားကောင်းလာရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပိုပြီး အကျိုးဖြစ်ထွန်း နိုင်တယ်လို့လည်း ပြောပါတယ်။

နှစ်ပတ်နီးပါး တိုက်ပွဲတွေမဖြစ်ခဲ့ရာကနေ မနေ့ညကတော့ မိုးကုတ်မြို့အနီးမှာ တပ်မတော်နဲ့ TNLA အဖွဲ့တို့ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/army-tnla-fight-near-mogok-11252020031716.html

မိုးကုတ်မြို့အနီးမှာ တပ်နဲ့ TNLA တိုက်ပွဲဖြစ်  မိုးကုတ်မြို့အနီးမှာ တပ်နဲ့ TNLA တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 02:50 Rating: 5

No comments:

Powered by Blogger.