အေအေ ဖမ်းထားတဲ့ တောင်ကုတ်အမတ်လောင်းသုံးဦး အမြန်ဆုံးပြန်လွှတ်ပေးဖို့ NLD တောင်းဆို

ဒီသုံးဦးမှာ အခုဆို အေအေလက်ထဲမှာ တစ်လကျော် ရှိနေတာဖြစ်ပါတယ်။

အေအေက ဖမ်းဆီးသွားတဲ့ တောင်ကုတ်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ NLD ပါတီက တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် တစ်လအလို မဲဆွယ်စည်းရုံးရေးကာလ အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးခံရတဲ့ ဒီသုံးဦးမှာ အခုဆို အေအေလက်ထဲမှာ တစ်လကျော် ရှိနေတာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးနောက်တစ်ရက်မှာ ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ အေအေက ကြေညာချက်ထုတ်ထားပေမယ့် ဒီအမတ်လောင်း သုံးဦး ပြန်လွှတ်မလွှတ် ဆိုတဲ့ကိစ္စကိုတော့ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပါဘူး။

NLD ပါတီက နိုဝင်ဘာ ၁၈ ရက်စွဲနဲ့ထုတ်ပြန်ချက်မှာတော့ ပါတီစည်းရုံးရေးလုပ်ရာမှာ အထူးအခက်အခဲများကို ကြုံတွေ့ခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ အောင်နိုင်ရေးကော်မတီအားလုံးရဲ့ တာဝန်သိစိတ်နဲ့ ရဲစွမ်းသတ္တိတို့ကို အလေးထားဂုဏ်ပြုအပ်တယ်လို့ ပါရှိပါတယ်။

အထူးသဖြင့် အန္တရာယ်များကြား ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အေအေ အဖွဲ့(ပါတီမူရင်းကြေညာချက်တွင် အေအေ အကြမ်းဖက်အဖွဲ့ ဟု သုံးနှုန်းထား) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို အထူးချီးမွမ်းဂုဏ်ပြုအပ်တယ်လို့ ပါရှိပါတယ်။

ရွေးကောက်ပွဲစည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းတွေကို အန္တရာယ်ပြုတာဟာ ဒီမိုကရေစီရဲ့ရေသောက်မြစ်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေ ဖြစ်မြောက်ရေးကိုအထိနာစေတယ်လို့ လည်း ဆိုပါတယ်။

ဒါကြောင့် တောင်ကုတ်ကိုယ်စားလှယ်လောင်းများကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဦးမင်းအောင်ဟာ ယခင် စည်ပင်ဝန်ကြီးဟောင်းဖြစ်ပြီး ဒေသတွင်းပါတီစည်းရုံးရေးအားကောင်းသူလို့ လူသိများပါတယ်။

ဒီအမတ်လောင်းသုံးဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ထားပြီး တောင်ကုတ်မှာ လွှတ်တော်သုံးရပ်လုံးကို ANP ရခိုင်အမျိုးသားပါတီက နိုင်ခဲ့တာဖြစ်ပါတယ်။

အေအေ ဘက်ကတော့ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာ ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နေရာတွေမှာ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးပြန်လည်ကျင်းပပေးဖို့ တပ်မတော်နဲ့ NLD အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပြီး ဒေသတည်ငြိမ်အေးချမ်းဖို့ကို အေအေက ပံ့ပိုးဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။

ဒီကြေညာချက်မှာ အေအေ က ဖမ်းထားတဲ့အမတ်လောင်းသုံးဦးကို ပြန်လည်လွှတ်ပေးရေးကိစ္စတော့မပါဝင်တာကိုတွေ့ရပါတယ်။

တပ်မတော်ကလည်း အေအေရဲ့ ကြားဖြတ်ရွေးကောက်ပွဲပြန်ကျင်းပဖို့ တောင်းဆိုချက်ကို ထောက်ခံထားပါတယ်။

NLD ပါတီရဲ့ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ရွေးချယ်ခြင်းမခံရတဲ့ NLD ကိုယ်စားလှယ်လောင်းတွေရဲ့ ကြိုးပမ်းမှုကို ပါတီက ကျေးဇူးတင်အသိအမှတ်ပြုပြီး ဒီမိုကရေစီရွေးကောက်ပွဲတွေရဲ့ သဘောတရားအရ ၊ လောကဓမ္မတာအရ၊ အရှုံးအနိုင်၊ အနိမ့်အမြင့်တို့ကို ရင်ဆိုင်ပြီး သင်ခန်းစာရယူရမယ်လို့လည်း ဆိုပါတယ်။

မဲဆွယ်စဉ်ဖမ်းဆီးခံရတဲ့ NLD အမတ်လောင်းသုံးဦးထဲမှာ ဒေါ်ချစ်ချစ်ချောဟာ အသက်အငယ်ဆုံးဖြစ်ပြီး ၂၈ နှစ်ခန့်သာရှိပါသေးတယ်။

ပါတီကို ဦးဆောင်သူတွေအနေနဲ့လည်း ဒီသင်ခန်းစာတွေကို နှလုံးသွင်းကြရမယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ NLD ပါတီက ဖိတ်ခေါ်ထားပါတယ်။

NLD ပါတီဟာ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၉၂၀ ကို အနိုင်ရခဲ့ပြီးပြည်ထောင်စုလွှတ်တော်မှာ စုစုပေါင်း ၃၉၆ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ ၅၀၁ နေရာနဲ့ တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်မှာ ၂၃ နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကြီးတစ်ခုလုံးမှာ NLD တစ်ပါတီတည်းက အမတ်နေရ ၃၉၆ ဦးရရှိခဲ့တာကြောင့် အစိုးရဖွဲ့ဖို့နဲ့ တစ်ပါတီတည်းက သမ္မတ တင်မြှောက်ဖို့ အရေးကြီးတဲ့ အမတ်အရေအတွက်ဖြစ်တဲ့ ၃၂၂ နေရာထက် အရေအတွက်များများ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် NLD ဝင်ပြိုင်ခဲ့တဲ့အထွေထွေရွေးကောက်ပွဲ သုံးခုလုံးမှာလည်း ၂၀၂၀ ရွေးကောက်ပွဲဟာ ထောက်ခံမှုအများဆုံးနဲ့ နေရာအများဆုံး အနိုင်ရခဲ့တဲ့ရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54984871

အေအေ ဖမ်းထားတဲ့ တောင်ကုတ်အမတ်လောင်းသုံးဦး အမြန်ဆုံးပြန်လွှတ်ပေးဖို့ NLD တောင်းဆို  အေအေ ဖမ်းထားတဲ့ တောင်ကုတ်အမတ်လောင်းသုံးဦး အမြန်ဆုံးပြန်လွှတ်ပေးဖို့ NLD တောင်းဆို Reviewed by THITHTOOLWIN on 00:03 Rating: 5

No comments:

Powered by Blogger.