NLD ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တိုင်းရင်းပါတီတချို့ အပြုသဘောနဲ့ တုံ့ပြန်

NLD ပါတီရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေသည့် ထောက်ခံသူများ။ (၉ နိုဝင်ဘာ ၂၀၂၀)

NLD ပါတီအနေနဲ့ ခေတ်အဆက်ဆက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ထားကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်လိုက်သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ကြဖို့ တိုင်းရင်းသားပါတီ တခုချင်းဆီကို စာပေးပို့ထားပြီး ဒီအပေါ်မှာ အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ တုံ့ပြန်လိုက်တဲ့ တိုင်းရင်းသားပါတီတချို့ရဲ့ သဘောထားကို ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့စွဲတပ်ထားတဲ့ ပြည်ထောင်စု အရေးကိစ္စနဲ့စပ်လျဉ်းပြီး ကမ်းလှမ်းလိုက်တဲ့စာကို မနေ့က ရကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာဖို့ လိုလားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မှာ တုံ့ပြန်တဲ့ သဘောထား ထုတ်ပြန်လိုက်တာပါ။

ဒါကြောင့် ဒီကမ်းလှမ်းမှုအပေါ်မှာ အကောင်းမြင်တဲ့ဘက်ကရှိပြီးပူးပေါင်းဆောင်ရွက်မှုကနေ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရှိလာနိုင်ကြောင်း KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဗွီအိုအေကို ပြောပါတယ်။

“ ဖြစ်စေချင်တာကတော့ ဘာလဲဆိုရင် ကျနော်တို့က အခု ငြိမ်းချမ်းရေးက အများကြီး အရေးကြီးနေတယ်၊ ငြိမ်းချမ်းရေး အမြန်ရရှိပြီဆိုရင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ အမြန်ပေါ်ထွန်းလာဖို့ လိုအပ်တယ်၊ အဲဒါကို ကျနော်တို့က အခုလို လမ်းစပေါ်လာတာကနေ စပြီးတော့မှ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာအောင်ရှေ့လုပ်ဆောင်သွားစရာရှိတာတွေ လုပ်ဆောင်သွားချင်တယ်လို့၊ လုပ်ဆောင်သွားဖို့ လိုလားတယ်ဆိုတာကို ပြတာပါ။ အဲဒါက ကျနော်တို့ရဲ့ သဘောထား ဖြစ်တယ်ဗျ။”

NLD ဘက်က ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားတွေနဲ့ အတူဆောင်ရွက်မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း ဒါပေမဲ့ ဒီသဘောထားဟာ လက်တွေ့ ညှိနှိုင်းဆောင်ရွက်ရတဲ့အချိန်မှာ ကိုက်ညီရဲ့လားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဘက်က တုံ့ပြန်လိုက်တာပါ။ ပါတီဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ကျမတို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်လို့၊ အရှေ့ပိုင်းမှာဆိုရင် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ့်အစီအစဉ် မရှိဘူး၊ ဒီလို ပြတ်ပြတ်သားသား ပြောခဲ့တာတွေလည်း ကျမတို့က ကြားပြီးသားဆိုတော့ အခုကျတော့ အားလုံးကို လက်တွဲဆောင်ရွက် ကြလိမ့်မယ်လို့ မျှော်လင့်တယ် ဆိုတဲ့ စာကလေး ထုတ်တယ် ဆိုကတည်းက ပြည်ထောင်စုအရေးမှာ မင်္ဂလာရှိတဲ့ကိစ္စ ကောင်းတဲ့ နိုင်ငံရေး အလားအလာဖြစ်တယ်၊ အဲဒီတော့ အပြောနဲ့ အလုပ်နဲ့လည်း ညီဖို့လိုတယ်။ နောက်တကယ် ညှိနှိုင်းကြတဲ့အခါမှာရော ညှိနှိုင်းတဲ့ ဘောင်တွေပေါ့လေ လုပ်ငန်းစဉ်တွေကိုတော့ ကျမတို့ စောင့်ကြည့်ရမယ့် အနေအထားတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီစာအပေါ်မှာတော့ ကြိုဆိုပါတယ်လို့။”

ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဘာကို အရင်ဦးစားပေးမလဲဆိုတဲ့ ကိစ္စတွေကလည်း နောင်ဆွေးနွေးမှုတွေကနေ တပြိုင်နက်တည်းလုပ်နိုင်ဖို့ မျှော်လင့်ကြောင်း တိုင်းရင်းသား ပါတီတချို့က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် နိုဝင်ဘာ ၁၂ ရက်မှာ ဗဟိုက သဘောထားထုတ်ပြန်ပြီး ကမ်းလှမ်းခဲ့တာလို့ပြီးခဲ့တဲ့ စနေနေ့က သတင်းသမားတွေကို ပြောခဲ့တာပါ။

“ တိုင်းရင်းသားအရေးဆိုရင် ကျနော်တို့ကလည်း စဖွဲ့ကတည်းကိုက ပါတီထူထောင်ကတည်းကိုက တိုင်းရင်းသားပါတီဖြစ်ရမယ်ဆိုတဲ့၊ ပြည်ထောင်စုပါတီ ပေါ့နော် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ထူထောင်ခဲ့တာဆိုတော့ အခု ရည်မှန်းချက်ချင်း တူမှတော့ ဘာလို့ခွဲပြီး လုပ်ကြမလဲဆိုတဲ့ ခံယူချက်မျိုးရှိတယ်၊ အဲဒါကြောင့်မို့လည်း ကမ်းလှမ်းတာပေါ့နော်။”

လက်ရှိ လွှတ်တော်သက်တမ်းမှာလည်း အာဏာရပါတီ၊ တိုင်းရင်းသားပါတီတွေနဲ့ တပ်မတော်ကြား သုံးပွင့်ဆိုင် အပြန်အလှန် ဆွေးနွှေးမှုတွေက တူညီတဲ့ လမ်းကြောင်း မဖော်နိုင်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း မအောင်မြင်ခဲ့သလို ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ က လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခဖြေရှင်းရေးမှာ လုပ်ဆောင်မှုတွေ နှေးကွေးတယ်လို့ ထောက်ပြနေတာလည်း ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကတော့ ရခိုင်ပြည်နယ် အရေးကိစ္စဟာ လက်ရှိအစိုးရရဲ့ ဒုတိယ သက်တမ်းကာလမှာလည်း ဦးစားပေးအနေနဲ့ ရှိနေဦးမယ်ဆိုတာ နိုဝင်ဘာ ၁၅ ရက်ကလုပ်တဲ့ အာဆီယံ- ကုလသမဂ္ဂအစည်းအဝေးမှာ ပြောခဲ့တာပါ။

NLD ပါတီအနေနဲ့ ၁၉၉၀ နဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေထက် ၂၀၂၀ ရွေးကောက်ပွဲမှာ ရာခိုင်နှုန်းအများဆုံးနဲ့ နိုင်ခဲ့ပြီးပြည်ထောင်စု လွှတ်တော်အတွက် အမတ်နေရာ ၃၉၆ နေရာရခဲ့တာပါ။ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ ပြင်သစ်နဲ့ ဩစကြေးလျနိုင်ငံတွေက အနိုင်ရ NLD ပါတီကို ဂုဏ်ပြုကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် ပံ့ပိုးသွားမယ့်အကြောင်း သဘောထား အသီးသီးထုတ်ပြန် ကြိုဆိုခဲ့ပါတယ်။


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/nld-peace-invitation-to-ethnic-parties-react-/5668384.html

NLD ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တိုင်းရင်းပါတီတချို့ အပြုသဘောနဲ့ တုံ့ပြန် NLD ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တိုင်းရင်းပါတီတချို့ အပြုသဘောနဲ့ တုံ့ပြန် Reviewed by THITHTOOLWIN on 09:10 Rating: 5

No comments:

Powered by Blogger.