NLD အစိုးရသစ် ဘာတွေကို ဦးတည် ဖွဲ့စည်းမလဲ

NLD ဟာ နေရာအများဆုံးနဲ့ ရာခိုင်နှုန်းအားဖြင့် ၈၀ ကျော်အနိုင်ရရှိထား

လက်ရှိအစိုးရအဖွဲ့နဲ့ နောက်သက်တမ်း ၅ နှစ်ကို ဦးဆောင်မယ့် အစိုးရအဖွဲ့က တစ်ထပ်တည်းမတူနိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ဘီဘီစီကို နိုဝင်ဘာ ၁၅ ရက်နေ့ကပြောခဲ့ပါ တယ်။

"တစ်ထပ်တည်းတော့ မတူနိုင်ဘူးပေါ့ဗျာ၊ သို့သော်ဘာတွေကွဲပြားမယ်ဆိုတာကို အသေးစိတ်ဆွေးနွေးရဦး မှာဖြစ်လို့ မှတ်ချက်မပေးလိုသေးပါဘူး" လို့သူကပြောပါတယ်။

အစိုးရအသစ်အဖွဲ့နဲ့ လက်ရှိအစိုးရအဖွဲ့အကြား ပြုပြင်ပြောင်းလဲမှုတွေက ဘယ်လိုအပိုင်းတွေ၊ ဘယ်ဝန်ကြီး ဌာနတွေမှာ ဖြစ်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ပါတီအနေနဲ့ အစိုးရအဖွဲ့အသစ်ဖွဲ့စည်းနိုင်ရေး စဉ်းစားပြင်ဆင်နေတာကြောင့် အတိအကျကိုတော့မသိရပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်တဲ့ နယ်မြေအလိုက်အနိုင်ရရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်စာရင်းတွေအရဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ NLD က ၃၉၆နေရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃၃နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၃နေရာနဲ့ အခြားတိုင်းရင်းသားပါတီအချို့လည်း ပါဝင်ပါတယ်။

နေရာအများဆုံးနဲ့ ရာခိုင်နှုန်းအားဖြင့် ၈၀ ကျော်အနိုင်ရရှိထားတဲ့ NLD က လွှတ်တော်ဥက္ကဋ္ဌ တွေ၊ ဒုတိယ သမ္မတ ၂ဦးနဲ့ အဲဒီကတဆင့် ထပ်မံရွေးချယ်မယ့် သမ္မတကို တင်သွင်းကာ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် NLD က ခန့်အပ်မယ့် သမ္မတကတဆင့် နောက် ၅နှစ်ကိုဦးဆောင်မယ့်အစိုးရအဖွဲ့ကိုဖွဲ့မှာလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကို ပြည်ထောင်စုလွှတ်တော်သက်တမ်းကုန်မယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ လက်ရှိအစိုးရအဖွဲ့သက်တမ်းကတော့ ၂၀၂၁ခုနှစ် ဖေဖော် ဝါရီလမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

နောက်သက်တမ်း ၅နှစ်အတွက် တာဝန်ထမ်းဆောင်မယ့် အစိုးရအဖွဲ့က လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေအပြင်၊ ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေးကိစ္စတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ဖို့ လိုတဲ့အတွက် အခုအစိုးရထက် အင်တိုက်အားတိုက် အလုပ်လုပ်နိုင်မယ့် အစိုးရအဖွဲ့မျိုးဖြစ်သင့်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ဘီဘီစီကိုပြောပါတယ်။

"သမ္မတအပြောင်းအလဲရော၊ အစိုးရအဖွဲ့အပြောင်းအလဲရောဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်၊ တိုင်းပြည်ရဲ့လိုအပ်ချက်အရပဲလည်း အစိုးရအဖွဲ့အတွင်းမှာ စွမ်းဆောင်ရည်အားနည်းတဲ့ ဝန်ကြီးတွေကို ပြောင်းလဲတာဝန်ပေးအပ်ဖို့လိုမယ်လို့လည်း ထင်တယ်" လို့သူကပြောပါတယ်။

အသစ်ဖွဲ့စည်းမယ့်အစိုးရအဖွဲ့ကတော့ တာဝန်ယူမှုရှိတဲ့ အခွန်ကောက်ခံမှု၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ ခေတ်မီဖွံ့ဖြိုးရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိ၊ ရေရှည်တည့်တံ့တဲ့ နိုင်ငံတကာရင်းနှီးမြှပ်နှံမှု၊ ဂေဟစနစ်မပျက်စီးစေဘဲ ဒေသခံတွေ သဘောတူလက်ခံတဲ့ သယံဇာတထုတ်တဲ့လုပ်ငန်းတွေ၊ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ ငြိမ်းချမ်းတဲ့ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်နိုင်ရေးအတွက် အခြေခံဥပဒေပြုပြင်ရေး တို့ကို တညီတညွတ်လုပ်ဆောင်ဖို့ ရည်မှန်းထားကာ တချိန်တည်းမှာပဲ လူမှုဘဝဖွံ့ဖြိုးရေးအတွက်လည်း ဌာနပေါင်းစုံနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အဖွဲ့မျိုးကိုဦးတည်ထားတယ်လို့ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54956321

NLD အစိုးရသစ် ဘာတွေကို ဦးတည် ဖွဲ့စည်းမလဲ  NLD အစိုးရသစ် ဘာတွေကို ဦးတည် ဖွဲ့စည်းမလဲ Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.