NLD အနိုင်ရ အမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ


ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် မနေ့ညက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ် ခံရတာဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ကန့်ကွက်ရှုတ်ချနေကြပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့က နေအိမ်မှာရှိနေချိန် မနေ့က သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလုပ်ကြံမှုဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နိုင်တယ်လို့ သံသယရှိတာကြောင့် NLD အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံရေးသတိနဲ့ သွားလာကြဖို့ NLD ပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

"ကျနော်တို့ ဘယ်သူကိုမှမစွပ်စွဲပါဘူး၊ လုပ်ရပ်ကိုပဲ ရှုတ်ချတာပါ၊ ဒီလုပ်ရပ်က နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့လို့ ကျနော်တို့ သံသယရှိပါတယ်၊ ဒါကြောင့် NLD အဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံရေးသတိနဲ့ သွားလာကြဖို့၊ တစ်ချိန်တည်းမှာပဲ အကြမ်းဖက်လုပ်ရပ်ကို အကြမ်းဖက်တဲ့နည်းတဲ့ ပြန်လည်မတုံ့ပြန်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ဥပဒေအရသာ တုံ့ပြန်ဖို့ ကျနော်တို့ သတိပေးချင်ပါတယ်။"

ဦးထိုက်ဇော်ကို လုပ်ကြံသတ်ဖြတ်သွားတာ ဘယ်သူဆိုတာ လက်ရှိအချိန်ထိ မသိရသေးသလို အထောက်အထားတွေလည်း မရှိသေးကြောင်းနဲ့ ကျောက်မဲမြို့ဟာ နဂိုကတည်းက လုံခြုံရေးအရ အားနည်းပြီး ဒီလို ပစ်ခတ်သတ်ဖြတ် ခံရတာတွေ ရှိကြောင်းလည်း ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားသူကို လက်နက်အားကိုးနဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်းလည်း NLD ပါတီက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လုပ်ကြံသတ်ဖြတ်သူကို အရေးယူ အပြစ်ပေးနိုင်ရေး တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖော်ထုတ်ပေးဖို့လည်း တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်.။

ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့နယ် ပင်တိန်ရွာက သူ့နေအိမ်ရှေ့မှာ ဖွင့်ထားတဲ့ ကုန်စုံဆိုင်မှာ မနေ့က ညခြောက်နာရီလောက်က ရှိနေချိန် သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို သေနတ်ကျဉ်ဆံထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ ဦးထိုက်ဇော်ကို ကျောက်မဲဆေးရုံကို ပို့ဆောင်ခဲ့ကြပေမယ့် ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။

ဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကလည်း အကြမ်းဖက် လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုနေကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကလည်း ဦးထိုက်ဇော် လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်ကျူးလွန်သူကို ရှုတ်ချကြောင်း ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

SNLD အနေနဲ့ နိုင်ငံရေးနည်းလမ်းကလွဲပြီး အခြားနည်းလမ်းတွေကို အယုံအကြည်မရှိဘူးလို့ SNLD  တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။

"ကျနော်တို့ SNLD အနေနဲ့က စားပွဲဝိုင်းပေါ်ကနိုင်ငံရေးကို ယုံကြည်လို့လည်း ကျနော်တို့ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်၊ ရွေးကောက်ပွဲအနိုင်အရှုံးကအစ မှန်မှန်ကန်ကန်လုပ်တယ်ဆိုရင် လက်ခံပြီးသားပါ၊ ဒီကနေ နိုင်ငံရေးနည်းလမ်းကနေ ကျော်လွန်တဲ့စစ်ရေးနည်းလမ်းတို့ ဘာတို့ကို ကျနော်တို့ မယုံကြည်ပါဘူး၊ အဲဒါတော့ ပြောချင်ပါတယ်။"

ကျောက်မဲမြို့ အပါအဝင် သီပေါ၊ နမ္မတူမြို့နယ်တွေဟာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံရှိနေပြီး တိုက်ပွဲမကြာခဏဖြစ်လေ့ရှိပြီး အရပ်သားတွေ သတ်ဖြတ်ခံရတာလည်းရှိတာကြောင့် သတိထား သွားလာနေထိုင်ရတဲ့ နေရာတွေဖြစ်တယ်လို့လည်း စိုင်းကျော်ညွှန်က ပြောပါတယ်။

ဦးထိုက်ဇော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူကို အရေးယူအပြစ်နိုင်ရေး အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ ကျောက်မဲဒေသအတွင်း အလားတူ အကြမ်းဖက်လုပ်ရပ်တွေ နှစ်စဉ်ဖြစ်ပေါ်နေတာကိုလည်း ထိထိရောက်ရောက် ဟန့်တားအရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းလည်း SNLD ကြေညာချက်မှာ ပြောထားပါတယ်။

ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကလည်း ဒီလိုလုပ်ကြံမှုမျိုးဟာ ပါတီစုံဒီမိုကရေးစီစနစ်မှာ မဖြစ်သင့်ကြောင်း ပြောပါတယ်။

"ကျနော်တို့အနေနဲ့ ဘယ်သူကိုဖြစ်ဖြစ် ဒီလို့အကြမ်းဖက်ပစ်ခတ်မှုကိုတော့ များစွာ စိတ်မကောင်းဖြစ်မိပါတယ်၊ ဒီလို့ဖြစ်ရပ်မျိုး ပါတီစုံဒီမိုကရေစီစနစ်မှာ မဖြစ်သင့်ဘူးလို့ပဲ မြင်ပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တအာင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်ကလည်း အကြမ်းဖက် လုပ်ရပ်မျိုးတွေကို ရှုတ်ချကြောင်းနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးမရှိတာကြောင့် တရားဥပဒေစိုးမိုးရေး အများကြီး လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

"ဒီအကြမ်းဖက်လုပ်ရပ်မျိုးတွေ၊ လုပ်ကြံမှုတွေကို ကျနော်တို့က ရှုတ်ချတယ်၊ ဒီလိုလုပ်ရပ်မျိုးကို အားလည်းမပေးဘူး၊ ဖြစ်သွားတဲ့အတွက်လည်း စိတ်မကောင်းပါဘူး၊ ဥပဒေစိုးမိုးမှုအားနည်းတဲ့အပိုင်းတွေလည်း ရှိမှာပေါ့ဗျာ၊ ဒေသတွင်းမှာလည်း ငြိမ်းချမ်းရေးကလည်း အဓိကဖြစ်ပါတယ်၊ အဲဒါကြောင့် ဒီလိုမျိုးတွေဖြစ်နေရတာ၊ ကြုံနေရတာပေါ့၊ တရားဥပဒေစိုးမိုးရေးက အများကြီးလိုသေးတယ်လို့ သုံးသပ်ပါတယ်။"

အဲဒေသမှာ လှုပ်ရှားနေတဲ့ RCSS နဲ့ TNLA လက်နက်ကိုင် အဖွဲ့တွေကတော့ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ သူတို့မသက်ဆိုင်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေက သူတို့နဲ့မဆိုင်ကြောင်း ပြောဆိုထားတာကြောင့် ဖြစ်နိုင်ခြေဟာ ရွေးကောက်ပွဲပြိုင်ဆိုင်မှုအပေါ် အကြောင်းပြုပြီး လုပ်ကြံတာဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အဲ့နေရာမှာဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း သူတို့နဲ့မသက်ဆိုင်ဘူးဆိုတာ ပြည်သူတွေ အမြင်ရှင်းအောင် ကြေညာထုတ်သင့်တယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ထောက်ပြပြောဆိုပါတယ်။

"ကြည့်ရတာတော့ ရွေးကောက်ပွဲပြိုင်ဆိုင်မှုအပေါ် အကြောင်းပြုပြီးတော့ ဖြစ်တယ်လို့သိရပါတယ်၊ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ ဖြေရှင်းတာလား၊ ဒါမှမဟုတ် အဲဒီမှာရှိနေတဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားလားဆိုတာ ဆက်ပြီးလေ့လာဖို့ လိုတာပေါ့ဗျာ၊ ဒီလို့ဖြစ်သွားတဲ့ အနေအထားအောက်မှာတော့ အဲဒေသမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေအနေနဲ့တော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သဘောထားတွေ၊ ဆက်ပြီး ထုတ်ပြန်ပေးဖို့ လိုမယ်လို့ထင်တယ်။ အဲဒါမှ ဘယ်အဖွဲ့အစည်းကဖြစ်နိုင်တဲ့ဆိုတဲ့ ဘာညာနဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ပြည်သူလူထုကြားထဲမှာ အမြင်ရှင်းလင်းသွားမှာဖြစ်ပါတယ်။"

(၂၀၂၀) ရွေးကောက်ပွဲကို ကျောက်မဲခရိုင်မှာ နိုင်ငံရေးပါတီ (၁၀) ပါတီက ဝင်ပြိုင်ခဲ့တာပါ။

ကျောက်မဲခရိုင်တွင်းမှာ နောင်ချိုမြို့နယ်ကလွဲပြီး သီပေါ၊ နမ္မတူ၊ ကျောက်မဲမြို့နယ်တွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က နေရာအများဆုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက်ကိုတော့ NLD ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်က မဲပေါင်း (၅၀) ကျော်အသာနဲ့ SNLD ပါတီကိုယ်စားလှယ်ကို အနိုင်ရခဲ့တာပါ။

ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၅) ရက်နေ့ကလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ နေအိမ်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။

အဲဒီပစ်ခတ်မှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့ နေအိမ်မှန်တွေ ပျက်စီးခဲ့တာပါ။

NLD ကိုယ်စားလှယ် လုပ်ကြံသတ်ဖြတ်ခံရတာ၊ ကျောက်မဲဒေသ တရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်ကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/htikezaw-nld-dead-11222020033247.html

NLD အနိုင်ရ အမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ NLD အနိုင်ရ အမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ Reviewed by THITHTOOLWIN on 02:30 Rating: 5

No comments:

Powered by Blogger.