အစိုးရသစ်ကို ဘယ်လိုရွေးမယ်ဆိုတာကို NLDပြော

ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်း အစည်းအဝေးကို ဘာရောက်စဥ်

ရွေးကောက်ပွဲမှာ ၈၃ ရာခိုင်နှုန်းကျော် နဲ့ ပြည်ထောင်စုလွှတ်တော်နေရာ အများစု အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီဟာ အစိုးရသစ်ကို ပြည်သူတွေရဲ့အသံကို နားထောင်ပြီး စွမ်းဆောင်ရည် ထက်မြက်တဲ့ ဝန်ကြီးတွေကို ရွေးချယ်သွားဖို့ ရှိတယ်လို့ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ‌( ၂ ) ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာတွေကို ပြောပါတယ်။

၂၀၁၅ ခုနှစ်ကလည်း အခုလို ရွေးချယ်ခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့နဲ့ ၂၀၂၀ အစိုးရသစ်ဟာ ထပ်တူကျမှာ မဟုတ်ဘူးလို့ လည်း သူကပြောပါတယ်။

"အကုန်လုံးပြန်ပါတာလည်းမဖြစ်နိုင်ဘူး၊ အရင်အတိုင်း ပြန့်ခန့်တာလည်း မဖြစ်နိုင်ဘူး"လို့လည်း သူက ပြောပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အစိုးရအဖွဲ့က ခန့်အပ်ခဲ့တဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေထဲက တချို့ဟာ နောက်ပိုင်းမှာ ရာထူး အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။

အစိုးရက ခန့်အပ်ခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦးဟာ အဂတိ တိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားခဲ့ရပြီး မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာ ဝန်ကြီးချုပ်တွေ ခန့်အပ်ပြီးမှ နောက်ပိုင်းမှာ အပြောင်းအလဲ လုပ်ခဲ့တာတွေရှိသလို ကယားပြည်နယ် ဝန်ကြီးချုပ်ဟာလည်း လွှတ်တော်က စွပ်စွဲပြစ်တင်မှုကြောင့် နုတ်ထွက်ပေးခဲ့ရတာ ရှိပါတယ်။

လာမယ့် အစိုးရသစ်ဖွဲ့စည်းရာမှာ အရင်အစိုးရလက်ထက် တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေအရ တတ်နိုင်သမျှ ပိုကောင်းအောင် ကြိုးစားသွားပါမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးတစ်ခုမှာတွေ့ရတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ ပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးတွေကိုတော့ ပါတီ ထိပ်ပိုင်း တခြားခေါင်းဆောင်တွေက မေးမြန်းမှုတွေ လုပ်ခဲ့ကြောင်းနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်ရမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တွေ့ဆုံမေးမြန်းတာတွေ လုပ်ဖို့ ရှိနိုင်တယ်လို့လည်း ‌ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့ သတင်းမီဒီယာ အများစုက အွန်လိုင်းက တစ်ဆင့် လက်ခံတွေ့ဆုံရာမှာ သတင်းဌာန တစ်ခုကို မေးခွန်း ၅ခု ခန့်စီ မေးမြန်းခွင့်ရခဲ့ ပြီး အစိုးရသစ်ဖွဲ့စည်းမယ့် အခြေအနေ နဲ့ ပတ်သက်ပြီး အများစုက မေးမြန်းခဲ့ကြပါတယ်။

သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မူလတာဝန်များအတိုင်း ဆက်တာဝန် ယူဖို့ ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့တော့ သူအနေနဲ့ မပြောနိုင်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံတော်သမ္မတ ခန့်အပ်ရာမှာ အခြေခံဥပဒေအရ ကန့်သတ်ထားတဲ့ ၅၉ စ နဲ့ ငြိစွန်းမှုရှိတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး မန္တလေးမြို့မှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုပန်းချီကား

ပုဒ်မ ၅၉(စ)ဟာ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ပိတ်ပင်ထားတယ်လို့ နာမည်ကြီးတဲ့ပုဒ်မဖြစ်ပြီး နိုင်ငံခြားသား၊ နိုင်ငံခြားသူနဲ့ လက်ထပ်ထားသူ၊ နိုင်ငံခြားသား သားသမီးဆွေမျိုးရှိသူများကို သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မဖြစ်ပါတယ်။

အခြေခံဥပဒေအရ သမ္မတ မဖြစ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ပြဌာန်းပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အစိုးရ စတင်ဖွဲ့စည်းစဥ်က ဝန်ကြီးဌာန ၂၁ ခုနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ ဝန်ကြီးဌာနတွေ ထပ်မံ တိုးချဲ့တာတွေ ရှိခဲ့ပါတယ်။ဒါအပြင် အစိုးရအဖွဲ့နဲ့ လွှတ်တော် ခေါင်းဆောင်ပိုင်းအတွင်းမှာ တိုင်းရင်းသားအချို့ ပါဝင်တာရှိပြီး ပြည်ထောင်စုဝန်ကြီး နေရာအချို့မှာ ယခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က တာဝန်ထမ်းဆောင်ခဲ့သူတွေလည်း ပါဝင်ခဲ့ပါတယ်။

"ပြည်သူ့ အသံတွေ ညံနေအောင် ကြားနေရပါတယ်။ ကျွန်တော်တို့ အကုန်မှတ်ထားပါတယ်။ ဘယ်သူတော့ ပြန်မခန့်ပါနဲ့ တို့ ဘာတို့၊ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ပေးမှာပေါ့ဗျာ" ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

အခုအစိုးရသစ်ဟာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးဌာန တွေကြားပိုမိုပြီး ချိတ်ဆက်မှု အားကောင်းအောင် ကြိုးစားသွားမယ်လို့ လည်း သူက ပြောပါတယ်။


ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ဦးဆောင်မယ့် ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေဟာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ရမယ်လို့ ၂၀၀၈ အခြေခံဥပဒေအရ ပြဌာန်း ထားပါတယ်။

ပြည်နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးရမှာလည်းNLD ပါတီဘက်ကတင် မဟုတ်ဘဲ အရပ်ဘက်က နိုင်ငံရေးအတွေ့အကြုံရှိသူတွေ၊ သြဇာရှိသူတွေဆီက အကြံညဏ် ယူထားပြီးတော့ ၊နိုင်ငံရေး သြဇာရှိသူ၊ ဆက်ဆံရေးကောင်းသူ ၊စွမ်းဆောင်ရည်ရှိသူတွေကို ရွေးချယ်ထားတာကြောင့် ဒါတွေက အထောက်အပံ့ ဖြစ်မှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ ခန့်အပ်ရာမှာ၂၀၁၅ တုန်းကတော့ ပါတီဝင်တွေကိုပဲ ခန့်အပ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ရာမှာလည်း တိုင်းရင်းသား ပါတီတွေဘက်က ဝန်ကြီးချုပ်အဖြစ် ပါဝင်လာရေးအတွက် တိတိကျကျ ဆုံးဖြတ်ထားတာ မရှိဘဲ ဗဟိုကော်မတီ အစည်းအဝေးအရ ဆုံးဖြတ်ရဖို့ ရှိကြောင်းလည်း သူကပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာ မှာ လက်ရှိဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အနားယူသွားပြီဖြစ်တဲ့ အတွက် ရန်ကုန်ဝန်ကြီးချုပ်ဟာ အသစ်ဖြစ်မယ်လို့ သူက ပြောပါတယ်။

ရန်ကုန်ဟာ နိုင်ငံရေးအရ အရေးကြီးသလို စီးပွားရေးအရလည်း အရေးကြီးပြီး လွှတ်တော်ဘက်မှာလည်း ဆက်ဆံရေးကောင်းသူ၊ ပါတီဘက်မှာလည်း ထင်ရှားသူကို ဝန်ကြီးချုပ်အဖြစ် ရွေးဖို့ရှိတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ရန်ကုန်မှာ လူဦးရေ ၆သန်းကျော်နေထိုင်

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေထဲက ရွှေးချယ်ရမှာ ဖြစ်ပြီး ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ကျန်မြို့နယ် ၄၄ မြို့နယ်စလုံး NLD ပါတီက အနိုင်ရထားပါတယ်။

"ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ကိုယ်စားလှယ်တွေထဲက ရွေးရမယ်။ နိုင်ငံ‌ရေးအရ စီမံခန့်ခွဲနိုင်သူ ၊ အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးမှာ စီမံခန့်ခွဲနိုင်သူ ၊စီးပွားရေး အမြင်ရှိသူစတဲ့ သတ်မှတ်ချက် သုံးမျိုးစလုံးပြည့်စုံတဲ့သူ ကို ဦးစားပေး ရွေးသွားမယ်" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၂၅၈ နေရာ၊အမျိုးသားလွှတ်တော်မှာ ၁၃၈ နေရာနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ၅၀၁ နေရာအ နိုင်ရခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်နေရာပေါင်း ၉၂၀နေရာနဲ့ ၈၃ ရာခိုင်နှုန်းကျော်ခန့် အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54974434

အစိုးရသစ်ကို ဘယ်လိုရွေးမယ်ဆိုတာကို NLDပြော အစိုးရသစ်ကို ဘယ်လိုရွေးမယ်ဆိုတာကို NLDပြော Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.