NLD အမတ်လောင်းနဲ့ မောင်းမကန်ကော်မရှင် အငြင်းပွားနေ

NLD လောင်းလုံးမြို့နယ်ရဲ့ မဲရုံကိုယ်စားလှယ်သင်တန်းမှာ တိုင်းဒေသကြီးလွှတ်တော် အမတ်လောင်း ဦးဗိုလ်ထွေး ကို ၂၀၂၀၊ အောက်တိုဘာ ၁၄ ရက်နေ့ကတွေ့ရစဉ်

Photo: U Bo Htwe's FB

အသက် ၆၀ နှစ်ပြည့် ဆန္ဒမဲပေးမှုကိစ္စမှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်း ဦးဗိုလ်ထွေးက မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုင်ငံရေးပါတီမဲရုံကိုယ်စားလှယ်တွေကို ရှင်းလင်းပြောဆိုလိုက်ပါတယ်။

အမတ်လောင်း ဦးဗိုလ်ထွေးက အသက် ၆၀ ပြည့်မဲဆန္ဒရှင်တွေ မဲပေးရာမှာ အဖော်ခေါ်ခွင့်ပြုဖို့နဲ့ မဲဆန္ဒရှင်တွေ တောင်းဆိုပါက ကော်မရှင်အဖွဲ့ခွဲက မဲစည်းထုပေးဖို့ တောင်းဆိုချက်ကို မလုပ်ပေးရင် တရားစွဲမယ်လို့ မလျှော် သြဇာအသုံး ဖိအားပေးတာကြောင့် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားသွားမယ်လို့ မောင်းမကန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဇော်ဖြိုးက နိုဝင်ဘာ ၃ ရက်နေ့က RFA ကို ပြောပါတယ်။

“အဲလို ဥပဒေနဲ့ မညီညွှတ်တဲ့ကိစ္စတစ်ခုကို ဒီရွေးကောက်ခံကိုယ်စားလှယ်အနေနဲ့ လာရောက်ဖိအားပေးမှု ရှိတယ်၊ ဖြစ်စဉ်ကတော့ ၃၁ ရက်နေ့ မနက် ၈ နာရီခွဲ မဲရုံစဖွင့်တဲ့အချိန်မှာ မဲဆန္ဒရှင်တွေလည်း လက်ရှိ အနေအထားမှာ မဲလာပေးနေပြီး၊ အဲအချိန်မှာ သူက ဝင်ရောက်လာတယ်၊ သူလိုချင်တဲ့အချက်ကို လာရောက် တောင်းဆိုတယ်ပေါ့၊ မဲဆန္ဒရှင် အသက် ၆၀ အထက် အကူခေါ်လာရင် ကျွန်တော်တို့က အကူကို ခွင့်ပြုပေး ရမယ်၊ ပြီးလို့ အဲဒီလူက တောင်းဆိုရင် လျှို့ဝှက်ဆန္ဒပြုခန်းထဲဝင်ရောက်ပြီးတော့ ကော်ရှင်အဖွဲ့ခွဲကနေ ပြီးတော့ သူတောင်းဆိုတဲ့နေရာကို စည်းထုပေးရမယ်၊ သူ အဲဒီနှစ်ချက်ကို အဓိကတောင်းဆိုတယ်၊ အဲဒီ နှစ်ချက်ကို မလုပ်ပေးဘူးဆိုရင် အမိန့်သံနဲ့ သြဇာသံနဲ့ ကော်မရှင်အဖွဲ့ခွဲကိုလည်းကောင်း လာရောက် စောင့်ကြည့်တဲ့ပါတီကိုလည်းကောင်း တရားစွဲမယ်၊ အဲဒီအချက်လက်ကို သေခြားမှတ်ထားဆိုပြီးတော့ သူ့ရဲ့ပါတီက ကိုယ်စားလှယ်ကို ညွှန်ကြားတယ်”

အမတ်လောင်းတစ်ယောက်အနေနဲ့ ဥပဒေနဲ့အညီလုပ်ဖို့ ပြောဆိုခဲ့ခြင်းအပေါ် မောင်းမကန်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဘက်က မလျှော်သြဇာသုံးတယ်လို့ မြင်သွားတယ်ထင်တယ်လို့ လောင်းလုံးအမတ်လောင်း ဦးဗိုလ်ထွေးက RFA ကို မှတ်ချက်ပြုပါတယ်။

မောင်းမကန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဘက်က မရိုးမသားလုပ်တယ်လို့ ပြောဆိုမှုမရှိခဲ့ခြင်းအပေါ်  ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကနေ မေးမြန်လာပါက ဖြေရှင်သွားမှာလို့ သူက ပြောပါတယ်။

“မလျှော်သြဇာသုံးတယ်ဆိုတာက  ခုနက ကျွန်တော်ပြောသလိုပေါ့ ဥပဒေနဲ့အညီလုပ်ပါ၊ ကျွန်တော် အဲလိုပြောတယ်၊  ပြောတဲ့နေရာမှာတော့ အနေထားလေးတွေတော့ ကွာရင်တော့ ကွာမှာပေါ့နော် သူတို့  အယူအဆနဲ့၊ သူတို့ကို ဆူပူဖို့ ကြိမ်းမောင်းဖို့ ရောက်လာတယ်ဆိုပြီး  ယူဆရင်တော့ ဖြစ်သွားနိုင်တာပေါ့၊ အဲလိုမြင်တယ်၊ ကျွန်တော်မြင်တာကတော့နော်၊  ကျွန်တော်ကတော့ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေ မဆုံးရှုံးရ အောင်၊ ပြီးတော့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီ တစ်ခွန်းမှ ပါတာမဟုတ်ဘူး၊ အဲလိုမျိုးဖြစ်အောင်  ကျွန်တော် သိတဲ့ဟာကို သွားပြောတာပဲရှိပါတယ်”

မောင်းမကန်မှာတော့ အသက် ၆၀ နဲ့အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် ၈၀၀ ဦးဝန်းကျင်ရှိတဲ့အနက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိ ဆန္ဒမဲပေးသူအရေအတွက်မှာ ၅၀၀ ဦးဝန်းကျင်ထိရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/maungmagan-commission-argue-nld-candidate-election-11042020001512.html

NLD အမတ်လောင်းနဲ့ မောင်းမကန်ကော်မရှင် အငြင်းပွားနေ  NLD အမတ်လောင်းနဲ့ မောင်းမကန်ကော်မရှင် အငြင်းပွားနေ Reviewed by THITHTOOLWIN on 21:18 Rating: 5

No comments:

Powered by Blogger.