NLD အနိုင်ရပြီး ဒီမိုကရေစီရေးရှေ့တိုးနိုင်ဖို့ ကန်အထက်လွှတ်တော်အမတ် Mitch McConnell မျှော်လင့်

မှတ်တမ်းဓါတ်ပုံ- ၂၀၁၂ ဇန်နဝါရီတုန်းက အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပါပလင်ကန် အမတ် Mitch McConnell ရဲ့ မြန်မာပြည်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်

နိုဝင်ဘာလ (၈)ရက်နေ့မှာကျင်းပတဲ့ မြန်မာရွေးကောက်ပွဲ ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ထပ်ခြေလှမ်းအဖြစ် မျှော်လင့်ကြောင်း အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပါပလင်ကန် အမတ် Mitch McConnell က မနေ့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

”တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီနဲ့ ပိုမိုသာယာဝပြောတဲ့ အနာဂတ်ဆီကို ဦးတည်တဲ့နောက်ထပ်ခြေလှမ်းတခုဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ဒါအပြင် နှစ်ပေါင်းများစွာပြည်သူတွေကို ဖိနှိပ်ခဲ့တဲ့ စစ်အုပ်ချုပ်မှုဟာ ဒီကနေ့အချိန်ထိ မြန်မာနိုင်ငံမှာ လွှမ်းမိုးနေဆဲဖြစ်ပြီး တိုးတက်မှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ Kentucky ပြည်နယ် ရီပါပလင်ကန်အထက်လွှတ်တော်အမတ် McConnell က အထက်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

” လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ နိုင်ငံအကြောင်းပြောနေရတာပါ။ ဒါဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အတားအဆီးတခုဖြစ်ပါတယ်။”

လက်ရှိမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့အတူ အခြားစိန်ခေါ်မှုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့မပြီးဆုံးသေးတဲ့ ပဋိပက္ခတွေ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ ခရိုနီစီးပွားရေးလုပ်ငန်းတွေ နဲ့ ပတ်သက်လို့လည်း Mitch McConnell က ထောက်ပြပြောဆိုသွားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့နဲ့ စီးပွားရေးအရ နောက်ထပ်ပြုပြင်ပြောင်းလဲရေးတွေလိုအပ်နေကြောင်းလည်း အမေရိကန်အထက် လွှတ်တော်အမတ်က ပြောကြားခဲ့ပါတယ်။

တရုတ်သြဇာလွှမ်းမိုးမှုကိုလည်း မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဖို့လိုကြောင်းလည်း သူက ဆိုပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့လည်း ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှု တာဝန်ယူမှုရှိဖို့လိုအပ်ကြောင်းလည်း Mitch McConnell က တိုက်တွန်းသွားပါတယ်။

နှစ်ပေါင်းအတန်ကြာကတည်းက ရင်းနှီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကို တစိုက်မတ်မတ် ဆောင်ရွက်သွားမယ်လို့ မျှော်လင့်မိကြောင်း Mitch McConnell ကပြောကြားခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/mitch-mcconnell-welcome-the-nld-election-/5656272.html

NLD အနိုင်ရပြီး ဒီမိုကရေစီရေးရှေ့တိုးနိုင်ဖို့ ကန်အထက်လွှတ်တော်အမတ် Mitch McConnell မျှော်လင့် NLD အနိုင်ရပြီး ဒီမိုကရေစီရေးရှေ့တိုးနိုင်ဖို့ ကန်အထက်လွှတ်တော်အမတ် Mitch McConnell မျှော်လင့် Reviewed by THITHTOOLWIN on 08:01 Rating: 5

No comments:

Powered by Blogger.