အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက လက်ရှိအောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ်ဆက်ပြီး နောက် ၂ နှစ်သက်တမ်း တာဝန်ယူနိုင်ဖို့ပြန်လည် အဆိုပြုလိုက်ပါတယ်။ ဇန်နဝါရီလမှာ ကျင်းပမယ့် အောက်လွှတ်တော်သက်တမ်းအသစ် စတင်တဲ့အခါဒီအဆိုပြုချက်ကို တရားဝင်အတည်ပြုမှာဖြစ်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ခံသမ္မတ Joe Biden ရည်ရွယ်ထားတဲ့ အစီအစဉ်တွေ အတည်ပြုနိုင်ရေး ပဲ့ကိုင်ရာမှာတော့ ခံယူချက်၊ သဘောထား ကွဲလွဲတာတွေရှိနိုင်တာကြောင့် Nancy Pelosi အနေနဲ့ အများစုထဲက လူနည်းစုကိုဘဲ ဦးဆောင်နိုင်ဖွယ်ရှိပါတယ်။ ဗုဒ္ဓဟူးနေ့က အောက်လွတ်တော် ဒီမိုကရက်အမတ်တွေက ကယ်လီဖိုးနီးယားပြည်နယ်ကိုယ်စားပြု ဒီမိုကရက်လွှတ်တော်အမတ် Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ် ပြိုင်ဘက်မရှိ အဆိုပြုကြေညာလိုက်ကြတာပါ။
Coronavirus ကပ်ရောဂါကြောင့် ဒီမိုကရက်အမတ်တွေက ပထမဆုံးအနေနဲ့ Online ကနေ မဲပေးပြီး ခေါင်းဆောင်ရွေးချယ်ကြတာဖြစ်ပါတယ်။ အောက်လွတ်တော် ဒုတိယဥက္ကဋ္ဌ Steny Hoyer နဲ့ ပါတီ တတိယ ခေါင်းဆောင် Jim Clyburn တို့ကိုလည်း ပြန်လည်ရွေးချယ် အဆိုပြု လိုက်ကြပါတယ်။
အမေရိကန်သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ Nancy Pelosi က ဒီမိုကရက်တစ်ပါတီအတွင်း စည်းလုံးညီညွတ်ကြဖို့ ဆော်သြတဲ့ စာတစောင် ဒီသီတင်းပတ်အတွင်း ပေးပို့ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/nancy-pelosi-house-speaker-/5668412.html

No comments:
Post a Comment