ရဲတပ်ဖွဲ့ဝင်များ ကြက်ခြေနီတံဆိပ် အမှတ်အသား ဝတ်ဆင်မှု MRC ကန့်ကွက်

မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ - မြန်မာနိုင်ငံကြက်ခြေနီအသင်း)

ရွေးကောက်ပွဲကော်မရှင်ရုံး လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ကြက်ခြေနီတံဆိပ် အမှတ်အသားကို ဝတ်ဆင်ထားတဲ့အပေါ် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သဘောထား ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့ လုံခြုံရေးစောင့်ကြပ် တာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနက်က ရဲတပ်ဖွဲ့ဝင်တချို့ ကြက်ခြေနီအမှတ်အသားပါ အပေါ်ဝတ်ရုံဖြူကို ဝတ်ဆင်ထားတဲ့အပေါ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (Myanmar Red Cross) ဘက်က ကြက်ခြေနီအသင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့တွေများအပ အထူးသဖြင့် လုံခြံုရေးပိုင်းဆိုင်ရာ လုပ်ငန်းများမှာ ကြက်ခြေနီအမှတ်အသားကို အသုံးပြုခွင့် မရှိဘူးလို့ ကန့်ကွက်ခဲ့တာပါ။

ကြက်ခြေနီအမှတ်တံဆိပ်ကို လွဲမှားစွာ အသုံးမပြုဖို့နဲ့ အသုံးပြုခဲ့ရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပွားနိုင်ခြေ ရှိတာကြောင့် အခုလိုမျိုး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"ထုတ်ပြန်ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ ကြက်ခြေနီအမှတ်အသားက ဒီ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ နောက် ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ ဖက်ဒရေးရှင်း၊ နောက် နိုင်ငံတကာ ကြက်ခြေနီအသင်းနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း စသဖြင့်ပေါ့နော် ကျနော်တို့ရဲ့ ဒီဆေးဝန်ထမ်းတပ်ဖွဲ့တို့ကလွဲလို့ မည်သူမျှ သုံးစွဲခွင့်မရှိပါဘူး။ ကျနော်တို့ရဲ့ ဂျီနီဗာ သဘောတူညီချက်အရ စည်းကမ်းတွေရှိပါတယ်။ အဲ့ကြားထဲမှာမှ ရဲတပ်ဖွဲ့ဝင်တွေက ဒီအမှတ်အသားကို ဝတ်ဆင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်က မသင့်တော်ပါဘူးပေါ့နော်။ နောက် အများပြည်သူဘက်က အမြင်မှားနိုင်တဲ့အတွက် ကျနော်တို့က ရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံ ညှိနှိုင်းပြီးတော့ ဒီလိုအပြုအမူမျိုး မလုပ်ဖို့အတွက်ကို ကျနော်တို့က မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်။ ၁၃ ရက်နေ့ကတော့ ရဲချုပ်ကိုလိပ်မူပြီး ကျနော်တို့ သွားပို့လိုက်ပါတယ်။ နောက်ဆုံးအခြေအနေကတော့ ဘာမှ သူတို့ဘက်က တုံ့ပြန်မှု မရှိသေးပါဘူး။"

မြန်မာနိုင်ငံဟာ ဂျီနီဗာသဘောတူချက်တွေကို ၁၉၉၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်သည်နဲ့အညီ စာချုပ်ပါ အချက်တွေထဲက ကြက်ခြေနီအမှတ်အသားကို အကာအကွယ်ပေးနိုင်ရေး နိုင်ငံတွင်းမှာ ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့အတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက ပြောပြပါတယ်။

"ဟုတ်ကဲ့ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းဖို့ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့က ၂၀၂၀ ပြည့်နှစ် ဒီနှစ်ပေါ့နော် မတ်လမှာ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၃ အရ ပြည်သူ့လွှတ်တော်ကို ကျနော်တို့ လိပ်မူပြီး ပို့ထားပါတယ်ခင်ဗျ။ မကြာခင် ဒါကို အသက်ဝင်နိုင်အောင် အတည်ပြုပြဋ္ဌာန်းနိုင်အောင် ကျနော်တို့ လုပ်နေပါတယ်။ အဲ့ကျရင် ဒီဥပဒေက နိုင်ငံတော်မှာ ပြဋ္ဌာန်းဥပဒေတရပ် ဖြစ်လာမှာဖြစ်ပါတယ်။ အဲ့ကျရင် ပြည်သူအပေါင်းက ဒီ ကြက်ခြေနီအမှတ်သားနဲ့ ပတ်သက်ပြီး တိတိကျကျ သဘောပေါက် နားလည်လာကြမယ်ဆိုရင် ဒီအမှတ်အသားအပေါ် Misuse တလွဲသုံးတာတွေ မဖြစ်လာနိုင်တော့ပါဘူး။"

လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြံုရေးအတွက်သက်သက်သာ မဟုတ်ဘဲ အရေးပေါ် ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်လာရင် ကူညီပေးနိုင်ရေးအတွက် ဒီလို ကြက်ခြေနီအမှတ်အသားကို ဝတ်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ ရဲမှူးဟောင်း ဦးတင်ဝင်းက သုံးသပ်ပါတယ်။

"ကျနော်တို့ ပုံမှန်ရဲလုပ်ငန်းမှာတော့ ကြက်ခြေနီဝတ်စုံ မပါပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာလဲ ဆိုတဲ့အခါကျတော့ မှုခင်းတွေ ဖြစ်ပွားလာတဲ့အခါမှာ ဒဏ်ရာရတဲ့ပြည်သူတွေ နောက် ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို ကူညီဖို့ဆိုပြီးတော့ လုပ်တာလေးတွေ ရှိတယ်။ ဆေးသင်တန်းတွေ တက်ရတယ်၊ ရဲတွေကလေ။ ရဲတွေဘက်က တပ်မတော်ဆေးသင်တန်းတွေမှာ သွားတက်ရတယ်။ အဲ့ စစ်မြေပြင် ဆေးသင်တန်းဆင်း ရဲဘော်တွေ ဝတ်တယ်လို့ ကျနော်ထင်တယ်။ အရေးပေါ် ဆေးဝါးကုသမှုတွေ လိုလာရင် သိသာထင်ရှားအောင် ဝတ်တဲ့သဘောတော့ ရှိတယ်။

“အခုနောက်ပိုင်းမှာ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေဘက်က ပြည်သူကို ကူညီပေးရတဲ့ အပိုင်းတွေမှာ တော်တော်များများ ပါလာတာရှိတယ်။ ပါလာတဲ့အခါကျတော့ ပြဿနာတွေ ဖြစ်ပွားလာရင် ဒဏ်ရာဒဏ်ချက်တွေ ရလာရင် ကူညီပေးဖို့ အဓိကရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်လို့ပဲ ကျနော်က ယူဆတယ်။ အဲဒီအမှတ်အသားရှိမှလည်း သူတို့ကူညီပေးတာ ကူညီနိုင်မှာပေါ့။ နို့မို့ ဒီအတိုင်းဆို ရဲလည်း အရိုက်ခံရမှာပေါ့။ ဒါပေမယ့် ညွှန်ကြားချက် ဘယ်လိုရှိခဲ့တယ် ဆိုတာတော့ တရားဝင်ပြောဆိုခွင့်ရှိသူက ပြန်ဖြေရှင်းပါလိမ့်မယ်။ ကျနော်တို့ဘက်ကတော့ နောက်ပိုင်း ရဲတပ်ဖွဲ့ဘက်က ပြောင်းလဲလာတဲ့ အခြေအနေလေးကို ပြောပြပေးတဲ့သဘောပါခင်ဗျ။"

ကြက်ခြေနီအမှတ်အသားကို အသုံးပြုခွင့်ရတဲ့ အဖွဲ့အစည်းတွေလွဲလို့ ကြက်ခြေနီတံဆိပ်ကို လွဲမှားစွာ အသုံးပြုကြမယ်ဆိုရင် လူသားချင်း စာနာထောက်ထားမှု ကူညီပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကြက်ခြေနီအဖွဲ့၊ ကြက်ခြေနီအလံနဲ့ ကြက်ခြေနီအမှတ်တံဆိပ်ပါ အဖွဲ့တွေရဲ့ သွားလာမှုကို ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့ မလိုလားအပ်တဲ့ အခြေအတွေ အကျိုးဆက်တွေ ဖြစ်ပွားလာနိုင်ခြေတွေ ရှိတဲ့အတွက် ကြက်ခြေနီအခြေခံမူ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာအသုံးပြုဖို့နဲ့ ဒီလိုအပြုအမူမျိုး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ထပ်မံမပြုလုပ်စေရေး သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို လိုအပ်တဲ့ ညွှန်ကြားချက်တွေ ပေးပါလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဘက်ကတော့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။


မဆုမွန်/VOA (Burmese)

https://burmese.voanews.com/a/myanmar-red-cross-police/5660693.html

ရဲတပ်ဖွဲ့ဝင်များ ကြက်ခြေနီတံဆိပ် အမှတ်အသား ဝတ်ဆင်မှု MRC ကန့်ကွက် ရဲတပ်ဖွဲ့ဝင်များ ကြက်ခြေနီတံဆိပ် အမှတ်အသား ဝတ်ဆင်မှု MRC ကန့်ကွက် Reviewed by THITHTOOLWIN on 01:04 Rating: 5

No comments:

Powered by Blogger.