အစိုးရကို ဝေဖန်ရေးသားမှုတွေ Facebook ကနေ ဖယ်ရှားခံနေရ


Facebook အင်တာနက် လူမှုကွန်ရက်က အစိုးရနဲ့ အာဏာရအဖွဲ့အစည်းကို ဝေဖန်ထောက်ပြတဲ့ Post တွေ၊ စာသားတွေ ဆင်ဆာဖြတ်ခံနေရတယ်လို့ ထင်ရှားတဲ့ ဥပဒေပညာရှင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ သတင်း မီဒီယာသမားတချို့က ကန့်ကွက်နေကြပါတယ်။

အစိုးရက ကျပ်ငွေ သန်းခြောက်ထောင်ကျော်သုံးပြီး လုပ်ကိုင်နေတဲ့  လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေး အဖွဲ့က ဒီဆင်ဆာဖြတ်မှုရဲ့နောက်ကွယ်မှာ ရှိနေပုံရတယ်လို့ တချို့က ယူဆနေကြတာပါ။

အခုရက်ပိုင်းတွေအတွင်း  Facebook စာမျက်နှာမှာတင်တဲ့ အစိုးရနဲ့အာဏာပိုင်အဖွဲ့အစည်းတွေကို ဝေဖန် ထောက်ပြတဲ့ ရေးသားမှုတွေကို  Facebook ကုမ္ပဏီက ဖြုတ်ချမှုတွေ သိသိသာသာ လုပ်လာနေပါတယ်။

အခုလိုဖြုတ်ချရခံသူတွေထဲမှာ ရန်ကုန်မြို့က အထင်ကရ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်လည်း ပါဝင်ပါတယ်။

“တင်လာတာဗျာ၊ ဆောင်းပါးအမှတ် ၃၄ အထိရောက်ပြီ အဲဒီ ၃၄ ကို တင်လိုက်တဲ့အချိန်မှာ ဖြုတ်ချလိုက် တာပဲ။ ကျွန်တော်ပင်ပင်ပန်းပန်းနဲ့ လုပ်ပြီးတော့ ပြန်တင်တော့လည်း ဖြုတ်ချတယ်ဗျာ။ စာပိုဒ်တစ်ပိုဒ်မှာ သူတို့ကို ဝေဖန်သလိုတော့ ဖြစ်သွားတာပေါ့ဗျာ။ အဲဒီစာပိုဒ်ပေါ်မှာ သူတို့က မကျေနပ်ဘူးနဲ့တူတယ်။ အဲဒါနဲ့ ဒီစာပိုဒ်ကြောင့်လားဆိုပြီး ဖြုတ်လိုက်တော့ အဲဒီကျမှ တင်ပေးတယ်ဗျာ၊ အဲဒါကိုလည်း ထပ်ဖြတ်သေးတယ်။ ကျွန်တော် ပထမရေးခဲ့တဲ့ အပိုဒ်တော့ မပါတော့ဘူးဗျ”

ရှေ့နေဦးကြီးမြင့်ဟာ ရှစ်လေးလုံး အရေးတော်ပုံနဲ့ ယနေ့မြန်မာနိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လူမှုကွန်ရက် Facebook ပေါ်မှာ အခန်းဆက် ဆောင်းပါးတွေ ရေးသားတင်ပြနေတာပါ။

၈၈ မှာ မမွေးသေးတဲ့ လူငယ်တွေ၊ မွေးခါစ လူငယ်တွေနဲ့ ၈၈ သမိုင်းကို ထဲထဲဝင်ဝင်မသိတဲ့ သာမန်လူတွေအတွက် သမိုင်းအမှန်တွေ ရေးတင်နေတာဖြစ်ပြီး သမိုင်းအမှန်ကို ရင်မဆိုင်ရဲလို့ ဖြုတ်ချတယ်လို့ ယူဆကြောင်းလည်း ဦးကြီးမြင့်က မှတ်ချက်ပြုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ့် မြန်မာနိုင်ငံမှာ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပြဿနာဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေနဲ့ အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးတဲ့ အမုန်းစကားတွေ မပြန့်ပွားအောင် ထပ်မံ တင်းကျပ်လိုက်တယ်လို့ Facebook က ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီလို ပြဿနာဖြစ်စေမယ့် ပြောဆိုမှုတွေကို နည်းပညာနဲ့ ဖော်ထုတ်သွားမှာဖြစ်ပြီး လိုအပ်ရင် ဖယ်ရှား သွားမယ်လို့ လည်းFacebookက ပြောထားပါတယ်။

ရန်ကုန်မြို့က နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းကလည်း ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ကာကာဆာဝါ ယိုဟီ မြန်မာနိုင်ငံကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လာရောက်မယ်ဆိုတဲ့ သူ့ရဲ့ရေးသားချက်ဟာ  Facebook က အကြိမ်ကြိမ် ဖြုတ်ချတာခံခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီရေးသားချက်မှာ ကပ်ဘေးကာလ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအစိုးရ၊ တိုင်းရင်းသားပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဦးတည်တဲ့ ခြေလှမ်းတွေ သွက်လာနေတယ်လို့ သုံးသပ်ထားပြီး၊ ကပ်ဘေးကာလ အလုပ်သဘော အလည်အပတ်လာရောက်တာဖြစ်တာကြောင့် တရုတ်နိုင်ငံ ကိုယ်စားလှယ်ထက် ခြေတစ်လှမ်း သာသွားပြီလို့ မှတ်ချက်ပြုထားတာ ပါဝင်ပါတယ်။

Facebook မှာ တင်တာတွေကို စောင့်ကြည့်တာ၊ သုံးသပ်တာတွေကို လက်ခံပေမယ့် အမြင်သဘောထား ကွဲပြားခြားနားတဲ့ သဘောထားတွေဖြစ်နေရုံနဲ့ ဖြုတ်ချတာ၊ ပိတ်ပင်တာတွေလုပ်တာဟာ ကောင်းတဲ့ ခြေလှမ်းမဟုတ်ဘူးလို့ ဒေါက်တာရန်မျိုးသိန်းက ပြောပါတယ်။

“ပို့စ်တွေကို စောင့်ကြည့်မယ်၊ Review လုပ်မယ် ဒါကျွန်တော်လက်ခံတယ်။ သို့သော်လည်းပဲ ဒီရေးသားချက် တွေဟာ မတူကွဲပြားခြားနားတဲ့ အမြင်သဘောထားတွေ ဖြစ်နေရုံနဲ့ တစ်နည်းအားဖြင့် အာဏာရအသိုင်း အဝိုင်းကို ဝေဖန်တဲ့မှတ်ချက်၊ ကောက်ချက်ပြုတဲ့ ပို့စ်တွေဖြစ်နေရုံနဲ့ ဖြုတ်ချတာမျိုး၊ ပိတ်ပင်တာမျိုး လုပ်တာဟာ ကျွန်တော့အမြင့်ကတော့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း၊ လွတ်လပ်တရားမျှတမှုကို ဦးတည်တဲ့ လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့ခြေလှမ်းမဟုတ်ဘူးလို့ မြင်တယ်။ တချိန်တုန်းက အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့စနစ်ဘက်ကို ဦးတည်သယောင်ရှိတဲ့ ခြေလှမ်းတွေ ဖြစ်တာကြောင့် အမြန်ဆုံးပြန်သုံးသပ်ပြီးတော့ လိုအပ်သလို ပြုပြင်ထိန်းကျောင်းမှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မြင်ပါတယ်”

အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော် သုံးပြီး ဖွဲ့စည်းထားတဲ့ လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေး အဖွဲ့  Social Media Monitoring Team – SMMT ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက စတင် ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက SMMT အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့က မူချ ဆောင်ရွက်နေတာလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပေမယ့် ဘယ်သူ ဦးဆောင် ကိုင်တွယ်နေတယ် ဆိုတာ တိတိကျကျ ပြောဆိုမသွားပါဘူး။

SMMT က Facebook လှုမှုကွန်ရက် စံနှုန်းနဲ့ မကိုက်ညီတဲ့ ပို့စ်တွေ၊ သတင်းတု သတင်းမှား ဖြန့်ဝေနေတဲ့ အကောင့်၊ စာမျက်နှာ စုစုပေါင်း သုံးထောင်ကျော် ဖြုတ်ချနိုင်ခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။

ဒီအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှု အလွန်နည်းနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုတွေ ပွင့်လင်းမြင်သာရေး ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားတွေနဲ့ လူမှုကွန်ရက် စောင့်ကြည့်လေ့လာ သူတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အာဏာရအသိုင်းအဝိုင်းကို ဝေဖန်တဲ့ အကောင့်တွေ အပိတ်ခံရတာ၊ ပို့စ်တွေ ဖြုတ်ချခံရတာ၊ မျှဝေလို့မရတာတွေဟာ SMMT အဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုကြောင့် ဖြစ်နိုင်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။

အဲဒီထဲမှာ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာလည်းဖြစ်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်လည်းဖြစ်တဲ့ ဦးဇေယျာလှိုင်လည်း ပါဝင်ပါတယ်။

ဒီအဖွဲ့က ကျပ်သန်းပေါင်း ၆၄၀၀ ကျော် သုံးစွဲဆောင်ရွက်နေတဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးကို ဦးဇေယျာလှိုင်က Facebook မှာ မျှဝေဖို့ ကြိုးစားပေမယ့် မျှဝေခွင့် မရခဲ့ဘူးလို့  ပြောပါတယ်။

“အစိုးရက Social Media Monitoring Team ဖွဲ့ပြီးတော့မှ သူတို့ကိုယ်တိုင် ဝန်ခံတာရှိတယ် မဟုတ်လား။ Facebook စာမျက်နှာနဲ့ အကောင့်ပေါင်း သုံးထောင်ကျော် ဖယ်ရှားလိုက်တယ်ပေါ့လေ။ ဒါပေမဲ့ Facebook က သူတို့ အစိုးရနဲ့ မပတ်သက်ဘူးလို့ ပြောတယ်။ မပတ်သက်ဘဲနဲ့ ဘယ်လို ဖယ်ရှားသလဲ။ ဒါတွေက ရှေ့နောက် ဟနေတာလေးတွေပေါ့လေ။ ကျွန်တော်လည်း အခုနောက်ပိုင်း ပို့စ်တွေ၊ တချို့မျှဝေချင်တာတွေ မျှဝေပြီးမှ ပျောက်ပျောက်သွားတာမျိုးတွေ ဖြစ်နေတာဆိုတော့။ ပြဿနာက ဘယ်ဟာ ဘာလဲ တိကျတဲ့ အချက်အလက် ကတော့ နှစ်ဖက်စလုံးက မပြသေးတာပေါ့။ နည်းနည်းတော့ ပွင့်လင်မြင်သာရှိဖို့လိုတယ်”

ကျပ်သန်းပေါင်း ခြောက်ထောင်ကျော်ငွေဟာ လူထုငွေကြေးဖြစ်ပြီး လူထုကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေက မေးတာတောင် ဖြေကြားမှု မရှိတဲ့အပြင် ပြည်သူ့ငွေစာရင်း ကော်မတီကတောင် အဲဒီအဖွဲ့ရဲ့ အသုံးစရိတ်တွေ စိစစ်တာမျိုးတွေ မလုပ်ခဲ့ရတာဟာ အစိုးရကောင်းတွေရဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ အဂတိကင်းစင်မှု ဆိုတဲ့ ပေတံတွေနဲ့ တိုင်းမယ် ဆိုရင် စံလွှဲနေတာ တွေ့ရတယ်လို့ ဦးဇေယျလှိုင်က ဝေဖန်ပါတယ်။

အစိုးရက ဖွဲ့စည်းထားတဲ့ လူမှုကွန်ရက်စောင့်ကြည့် ထိန်းကျောင်းရေးအဖွဲ့နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတဲ့အပေါ်  နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က သမ္မတအိမ်တော်သတင်းသမားများ Facebook စာမျက်နှာကနေ ဆက်သွယ် မေးမြန်းထားပေမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

SMMT နဲ့ Facebook Team တို့က လူမှုကွန်ရက်အသုံးပြုတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအပေါ်  တရားမျှတမှု မရှိတာကြောင့် ဘယ်လိုဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း မူဝါဒတွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာ ဆွေးနွေးဖို့ သြဂုတ်လ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မဲဆန္ဒနနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆိုတင်သွင်းခဲ့ပါတယ်။

“ကျွန်တော်တို့က ဒီဟာတွေကို ပြောပေးပါ၊ ပြပေးပါ၊ ဘယ်သူတွေနဲ့ဖွဲ့ပြီး ဘာလုပ်နေမှန်းမသိဘူး။ ဘယ်မူဝါဒကို ကိုင်စွဲနေမှန်းမသိလို့ ကျွန်တော် လွှတ်တော်ထဲမှာ အဆိုတင်ခဲ့တာပဲလေ။ ဒါကို လုပ်ခြင်း၊ မလုပ်ခြင်းက ဒီအစိုးရရဲ့ စိတ်သဘောထား သူတို့ရဲ့ ခံယူကျင့်သုံးမှု ဒီအပေါ်မှာ ကျွန်တော်တို့က ကြည့်ရ မှာပဲပေါ့။ ဘယ်အပေါ်မှာ ရပ်တည်နေသလဲဆိုတာ သူ့ကိုယ်အကျိုးစီးပွားအပေါ်မှာပဲ ရပ်တည်နေတဲ့ပုံစံမျိုး ဖြစ်နေတာကိုတော့ အားလုံးထင်ထင်ရှားရှားတွေ့နေရတဲ့သဘောပဲလေ”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသွားတာပါ။

လက်ရှိအစိုးရက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဖြစ်တာကြောင့် SMMT ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ ယူဆကြောင်းနဲ့ အစိုးရက သူ့အတွက် ဖွဲ့စည်းထားတဲ့ သဘောမျိုးဖြစ်နေတယ်လို့လည်း ဦးသောင်းအေးကပြောပါတယ်။

SMMT ဖွဲ့စည်းရတဲ့အကြောင်းက နိုင်ငံတော်အတွက် အင်မတန်အရေးကြီးတဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် နိုင်ငံတော် အကြီးအကဲတွေရဲ့ မူအရ သင့်လျော်တဲ့အချိန်၊ အတိုင်းအတာမှာသာ လွှတ်တော်ကိုအသိပေးသွားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ရှင်းလင်းပြောကြားထားပါတယ်။

ဒါပေမဲ့ ဘယ်ဝန်ကြီးဌာနလက်အောက်မှာရှိပြီး ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ထုတ်ဖော်ပြောကြား ထားတာ မရှိသေးပါဘူး။

Facebook ကုမ္ပဏီနဲ့ ပူးပေါင်းပြီး သတင်းမှားတွေကို စိစစ်ဆောင်ရွက်ပေးနေတဲ့ Fact Crescendo Myanmar ကို ဆက်သွယ်ရာမှာလည်း Post တွေ ဖယ်ရှားတဲ့ကိစ္စဟာ Facebook ကုမ္ပဏီနဲ့သာ သက်ဆိုင်ကြောင်းပြောပါတယ်။

အစိုးရ ဝေဖန်တဲ့ရေးသားတင်ပြချက်တွေကို ဖြုတ်ချနေတယ်၊ တင်ခွင့်မပြုဘူး ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက် ပြီး Facebook ကုမ္ပဏီကို RFA က ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူတစ်ဦးက Facebook ပေါ်မှာ ဘယ်အရာ တွေကို ခွင့်ပြုတယ်၊ ဘယ်အရာကိုတော့ ခွင့်မပြုဘူးဆိုတဲ့ လူမှုစံနှုန်း သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိကြောင်းပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်၊ ဒေါက်တာ ရန်မျိုးသိမ်းနဲ့ သတင်းမီဒီယာ ကောင်စီဝင် ဦးဇေယျာလှိုင် တို့ပြောဆိုတဲ့ အကြောင်းအရာတွေဟာ Facebook ရဲ့ စံနှုန်းတွေကို ချိုးဖောက်ထားတာ မရှိသလို ကုမ္ပဏီအနေနဲ့ ဖြုတ်ချခဲ့တာမရှိကြောင်း Facebook ကုမ္ပဏီက ပြောပါတယ်။ အဲဒီတင်ထားတာတွေကို လက်ရှိအချိန်မှာ အများပြည်သူ ကြည့်ရှုလို့ရနေကြောင်းလည်း ပြောပါတယ်။

လူမှုစံနှုန်းချိုးဖောက်တဲ့ အကြောင်းအရာဆိုရင် ဘယ်သူတင်တာပဲဖြစ်ဖြစ် ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။ လူမှုစံနှုန်းချိုးဖောက်တယ်ထင်ရင် ဘယ်သူမဆို တိုင်ကြားနိုင်ကြောင်းနဲ့ ဘယ်နှစ်ကြိမ်တိုင်ကြားခံရတယ်ဆိုတာကို မကြည့်ဘဲ အားလုံးတန်းတူ စစ်ဆေးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ်အတွင်း အမုန်းစကားဖြန့်ချီမှု ငါးသောင်း တစ်ထောင်ကို အရေးယူ ခဲ့ရာမှာ ဒုတိယ သုံးလပတ်မှာ နှစ်သိန်း ရှစ်သောင်းကျော်ကို အရေးယူခဲ့ရတာကြောင့် လူမှုစံနှုန်းဖောက်ဖျက်တဲ့ မြန်မာနိုင်ငံ အကြောင်းအရာပါ အရေအတွက် သိသိသာသာမြင့်တက်လာကြောင်းလည်း Facebook ကုမ္ပဏီက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/facebook-removed-government-critizes-posts-11032020041912.html

အစိုးရကို ဝေဖန်ရေးသားမှုတွေ Facebook ကနေ ဖယ်ရှားခံနေရ  အစိုးရကို ဝေဖန်ရေးသားမှုတွေ Facebook ကနေ ဖယ်ရှားခံနေရ Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.