ကျန်းမာရေး အရေးပေါ်အခြေအနေ EU သီးခြားကြေညာလို


အရေးပေါ်ကျန်းမာရေး အခြေအနေ ကြေညာ နိုင်ဖို့ EU ဥရောပသမဂ္ဂကို အခွင့်အာဏာ ပေးအပ်ရေးနဲ့ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးတွေကို အမျိုးသားအဆင့် ကိုင်တွယ်ထိန်းချုပ်ရာမှာ ထိန်းကျောင်းပေးနိုင်ရေး အဆိုပြုချက်တွေကို ဥရောပသမဂ္ဂ ကော်မရှင်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန် လိုက်ပါတယ်။

အရေးပေါ် ကျန်းမာရေးအခြေအနေ ကြိုတင်ပြင်ဆင်ထားရှိရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းဖို့ EU က အဆိုပြုသွားမှာဖြစ်ကြောင်း၊ ဒါက ဥရောပသမဂ္ဂ အဖွဲ့တွင်း မဟာဗျူဟာကျတဲ့ ကြိုတင်ပြင်ဆင်မှုဖြစ်သလို အန္တရာယ် ကျရောက်လာ မှာကို ကြိုတင်မှန်းဆနိုင်တဲ့စွမ်းရည် ရရှိရေးနဲ့ တုန့်ပြန်မှုတွေ အားကောင်းစေရေးအတွက် ပြောင်းလဲမှုကြီး တခုဖြစ်ကြောင်းEU ရဲ့ ကျန်းမာရေးဆိုင်ရာ ကော်မရှင်နာ Stella Kyriakides က ပြောပါတယ်။

EU က ဖွဲ့စည်းမယ့် အဲဒီအဖွဲ့ကို HERA လို့ နာမည် ပေးထားတယ်လို့လည်း သူက ပြောပါတယ်။

COVID-19 ကပ်ရောဂါကျရောက်တဲ့ အချိန်မှာ EU အဖွဲ့ဝင် ၂၇ နိုင်ငံက တနိုင်ငံနဲ့ တနိုင်ငံ ညှိနှိုင်းဆောင်ရွက်မှု မရှိတဲ့ အတွက် အခုလို အဖွဲ့ကို ဖွဲ့စည်းဖို့ ဖြစ်လာတာပါ။ ကပ်ရောဂါ အစောပိုင်းကာလတွေမှာ EU နိုင်ငံ တချို့အကြား ဆေးဝါးပစ္စည်းတွေ ပြည်ပကို တင်ပို့မှု ကို ပိတ်ပင်တာတွေနဲ့ အကာအကွယ်ပစ္စည်းတွေအပြိုင်အဆိုင်ရဖို့ ကြိုးပမ်းတာတွေပေါ်ပေါက်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ရောဂါကို ကပ်ရောဂါအဖြစ် ကြေညာဖို့ သိပ်နောက်ကျခဲ့တယ်လို့ဆိုပြီးကျန်းမာရေးအဖွဲ့ WHO က ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရချိန်မှာ EU က အခုအဆိုပြုချက်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အခုအဆိုပြုချက် အရ EU အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား လူထုကျန်းမာရေး အခြေအနေဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာ နိုင်သလို EU အဖွဲ့တွင်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ EU အဖွဲ့အတွင်း ပထမအသုတ် COVID-19 ကာကွယ်ဆေး ကို ၂၀၂၁ ပထမ ၃ လအတွင်း ရနိုင်တဲ့ အခြေအနေ မှာရှိတယ်လို့ EU ကျန်းမာရေး ဌာန အကြီးအကဲ Andrea Ammon က ဗုဒ္ဓဟူးနေ့က AFP သတင်းကို ပြောပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/eu-covid-to-declare-emergency-/5657666.html

ကျန်းမာရေး အရေးပေါ်အခြေအနေ EU သီးခြားကြေညာလို ကျန်းမာရေး အရေးပေါ်အခြေအနေ EU သီးခြားကြေညာလို Reviewed by THITHTOOLWIN on 06:58 Rating: 5

No comments:

Powered by Blogger.