မြန်မာ COVID-19 ရောဂါကူးစက်သူ ၈၈,၀၀၀ နီးပါး၊ သေဆုံးသူ ၁,၈၈၇ ဦးရှိပြီ

COVID-19 သံသယလူနာကို ရန်ကုန်မြို့က ကွာရမ်တင်းစင်တာတခုကို လွှဲပြောင်းနေတဲ့ PPE ဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၉၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၄၄ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၂ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ည ထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၈ ဦးက ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၇,၉၂၄ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၁၃၂,၆၂၁ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၈၈၇ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၈၇,၉၇၇ ဦး ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၁,၆၁၆ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၆၇,၅၈၈ ဦး ရှိသွားပြီဖြစ်ပါတယ်။ တရက်အတွင်း ရောဂါပိုးကူးစက်သူ အရေအတွက်ထက် ပျောက်ကင်းသွားသူ အရေအတွက်က ပိုများလာတာ ရက်အတော်ကြာအတွင်း ဒီကနေ့ ပထမဆုံးဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၅ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၇၆.၈ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၁၄ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

ဒီနှုန်းတွေအရဆိုရင် ပိုးတွေ့နှုန်းက အနည်းငယ်လျော့ကျသွားပြီး ရောဂါပျောက်ကင်းသူနှုန်း အနည်းငယ် ပိုတိုးလာပေမယ့် သေဆုံးနှုန်းကတော့ သိသိသာသာ လျော့ကျမသွားသေးတာ တွေ့ရပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update-nov28/5679786.html

မြန်မာ COVID-19 ရောဂါကူးစက်သူ ၈၈,၀၀၀ နီးပါး၊ သေဆုံးသူ ၁,၈၈၇ ဦးရှိပြီ မြန်မာ COVID-19 ရောဂါကူးစက်သူ ၈၈,၀၀၀ နီးပါး၊ သေဆုံးသူ ၁,၈၈၇ ဦးရှိပြီ Reviewed by THITHTOOLWIN on 09:45 Rating: 5

No comments:

Powered by Blogger.