မြန်မာနိုင်ငံမှာ လာမယ့် သီတင်းပတ်တွေအတွင်း COVID-19 ကူးစက် ပျံ့နှံ့မှုတိုးလာမယ့် အခြေအနေရှိပေမယ့် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့ COVID -19 အခြေအနေ ပြည်သူကို အစီရင်ခံတင်ပြတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော် စီးပွားရေး ဆက်ပြီးထိခိုက်မှုမရှိအောင် အသွားအလာ ကန့်သတ် တားမြစ်ချက်တွေကို ဖြေလျှော့နိုင်ရေး ကြိုးပမ်းသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့ပါတယ်။
“ ဖြေလျှော့ပေးနိုင်တာတွေကို ဖြေလျှော့ပေးချင်တယ်။ စီးပွားရေးကြောင့်ရော၊ ပြည်သူလူထုတွေအတွက် စိတ်ဖိစီးမှုသက်သာဖို့ အတွက်ရော။ အဲဒီတော့ သွားရေးလာရေး စီးပွားရေးလုပ်ဖို့၊ လုပ်နိုင်တဲ့ အခွင့်အရေး ပေါ်ပေါက်ရေး ဒါတွေကို ကျမတို့ အထူးဂရုစိုက်ပြီးတော့ အမြန်ဆုံးအခြေအနေကောင်းလာအောင် ကြိုးစားပါမယ်။ ”
ဒါအပြင် ပြည်သူတွေကြားထဲ ရောဂါ ကာကွယ်ရေး ထိရောက်မှုရှိအောင် ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပိုမိုသိရှိနိုင်ရေး အစိုးရအနေနဲ့ ဆောင်ရွက်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့ နောက်ဆုံးရ စာရင်းတွေ အရ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြု လူနာ ၈၀, ၅၀၅ ယောက် ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၃ တနင်္လာနေ့ည ၈ နာရီထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာသစ် ၁,၂၅၉ ယောက်တိုးပြီး သေဆုံးသူ ၂၆ ယောက် ရှိတာကြောင့် သေဆုံးသူ စုစုပေါင်း ၁,၇၆၅ ယောက်ရှိပါတယ်။ ဆေးရုံဆင်းခွင့်ရသူ ၆ သောင်း နီးပါး ရှိတာကြောင့် COVID 19 လူနာ ၂၀,၀၀၀ လောက် ဆေးရုံတက် ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 စစ်ဆေးပြီးသူပေါင်း ၁ သန်းကျော် ရှိပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-daw-aung-san-suu-kyi-burma/5674201.html

No comments:
Post a Comment