COVID-19 ကာကွယ်ရေးအချက်အလက်တွေ Biden အဖွဲ့ကို လွှဲပြောင်းဖို့ သမ္မတ Trump ဟန့်တား

ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ကြောင်း ဝန်ခံပြီး ဂျိုးဘိုင်ဒန်ကို အသိအမှတ်ပြု တာဝန်လွှဲပြောင်းဖို့ သမ္မတ Trump ငြင်းဆန်နေမှုဟာ COVID-19 ကပ်ရောဂါဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုလုပ်ငန်းတွေမှာ အဟန့်အတားဖြစ်နေကြောင်း အမေရိကန် ထိပ်တန်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် Ken Bredemeier ပေးပို့ထားတဲ့ သတင်းလွှာကို ကို အောင်မြတ်သူ က တင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစပ်မှု ပြန်ပြီးမြင့်တက်လာနေချိန် ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူဖြစ်စေဖို့ အနိုင်ရပြီလို့ ကြေညာထားတဲ့ ဒီမိုကရက် Joe Biden ရဲ့ အရာရှိတွေလက်ထဲ အဓိကကျတဲ့ သတင်းအချက်အလက်တွေ ကို သမ္မတ Donald Trump ဘက်က လွှဲပြောင်းပေးအပ်ခြင်းမရှိသေးဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ဘိုင်ဒန်ရဲ့ COVID-19 အကြံပေးတဦးဖြစ်တဲ့ ဒေါက်တာ Atul Gawande က ABC သတင်းဌာနကို ပြောကြားရာမှာ

“ကာကွယ်ဆေးဖြန့်ချီဖို့အစီအစဉ်ကို နားလည်ဖို့၊ သူတို့ကို ဘယ်မှာ သိုလှောင်ထားသလဲဆိုတာတွေ သိဖို့၊ လက်အိပ်နဲ့ နှာခေါင်းစည်းမျက်နှာဖုံးအရေအတွက် ဘယ်လောက်များများရှိလဲ စတာတွေကို transition team လို့ခေါ်တဲ့ ဘိုင်ဒန်ရဲ့ အရာရှိတွေ သိထားဖို့လိုပါတယ်။ဒီအပတ်ထဲအချက်အလက်တွေ မပေးသေးတာဟာ တိုင်းပြည်ရဲ့ အကျိူးစီးပွားကို ခြိမ်းခြောက်တာပါပဲ။ ပေးပို့ရမယ့် အချက်အလက်တွေ အများကြီးပါ။ နောက်ဆုံးအချိန်ထိ ကျနော်တို့စောင့်မနေနိုင်ဘူး။”လို့ ပြောသွားတာပါ။

ပြီးခဲ့တဲ့ နိဝင်ဘာ ၃ ရွေးကောက်ပွဲမှာ သူ့အပေါ် မဲမသမာမှုတွေရှိခဲ့တယ်လို့သမတ Trumps က စွပ်စွဲပြီး တရားဥပဒေကြောင်းအရ နည်းလမ်းရှာနေချိန်မှာ အခုလို ရွေးကောက်ပွဲ ရှုံနိမ့်မှုကို လက်ခံဖို့ငြင်းဆိုထားပြီး သူ့အစိုးရအဖွဲ့နဲ့ ဘိုင်ဒန် ရဲ့ အရာရှိတွေပူးပေါင်းဆောင်ရွက်ဖို့သမ္မတ Trump က တားဆီးထားတာဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ COVID-19 တိုက်ဖျက်ရေးအဖွဲ့ဝင်လည်းဖြစ်၊ ထိပ်တန်း ကူးစပ်ရောဂါ ကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci ကတော့- CNN သတင်းဌာနကို ပြောကြားရာမှာ အခုချိန်ကစပြီး ဘိုင်ဒန်ရဲ့ အဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်တာ ပိုကောင်းတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်လည်း သမ္မတ ခြောက်ဆက်ရဲ့ အာဏာလွှဲပြောင်းရေးဖြစ်စဉ်တွေမှာ ဖြတ်သန်းခဲ့ရသူတဦးဖြစ်ပါတယ်။သူက အာဏာလွှဲ ပြောင်းရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဖြတ်သန်းရမယ့် အာဏာလွှဲပြောင်းရေးဖြစ်စဉ်မှာ သိမ်သိမ်မွေ့မွေ့ နဲ့ သတင်းအချက်အလက်လွှဲပြောင်းပေးရေးဟာ အရေးကြီးပါတယ်။ လက်ဆင့်ကမ်းပြေးပွဲမှာ မီးတုတ်ကိုလွှဲပြောင်းသလို ပါပဲ ။ ပြေးတာ ကိုယ်က မရပ်ချင်သေးဘူး ။ ဒါပေမယ့် တခြားတယောက်ကို လက်ဆင့်ကမ်းလိုက်ရတယ်။ အဓိကက မီးတုတ်ဆက်ရွေ့နေဖို့ပါပဲ “ လို့ပြောသွားတာပါ။

ဒါအပြင် ဒေါက်တာ Fauci က လာမယ့် ရသတ္တပတ်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရမယ်လို့မျှော်လင့်ပြီး နောက်နှစ် ဧပြီ ဒါမှမဟုတ် ဂျူလိုင်လလောက်မှ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိ နိုင်မယ်လို့ခန့်မှန်းပါတယ်။

ဆေးဝါထုတ်လုပ်ရေးကုမ္မဏီတခုဖြစ်တဲ့ Pfizer ကတော့ သူ့ရဲ့ ကာကွယ်ဆေးဟာ ၉၀ % ထိရောက်မှု ရှိတယ်လို ပြီးခဲ့တဲ့အပတ်က ကြေညာပါတယ်။

သမ္မတ Trump က ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားရာမှာ အနည်းဆုံး ကာကွယ်ဆေး သန်း ၂၀ လောက်ကို အစောဆုံး ဒီဇင်ဘာလအတွင်း အဆင်သင့်ဖြစ်မယ်လို့ဆိုပါတယ် ။ နောက်ထပ် သန်း ၂၀ နဲ့ သန်း ၂၅ ကတော့ နောက်ပိုင်းလတွေ အတွက် ဖြစ်လာမယ်လို့ပြောပါတယ်။

မကြာသေးမီရက်တွေအတွင်း အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တနေ့ကို အသစ် တွေ့ရှိမှုပေါင်း၁၈၄ ၀၀၀ တိုးလာတယ်လိုJohns Hopkins တက္ကသိုလ် က ထုတ်ပြန်ထားပါတယ်။ လူပေါင်း ၂၄၅,၀၀၀ ဟာ COVID 19 ရောဂါနဲ့ သေဆုံးခဲ့ပြီး လူပေါင်း ၁၁ သန်းနီးပါး ရောဂါကူးစက်ခံထားရတယ်လို့ဆိုပါတယ်။ သမ္မတ Trump ရဲ့COVID-19 ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုအားနည်းချက်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အဓိကကျတဲ့ ကိစ္စရပ်တွေထဲက တခုဖြစ်ပြီး နိုင်ငံတဝှမ်း စစ်တမ်းတွေအရတော့ မဲပေးသူတွေဟာ ဒီကပ်ရောဂါကို ကိုင်တွယ်ပုံနဲ့ပတ်သက်ရင် သမ္မတ Trump ထက် ဘိုင်ဒန်ကို ပိုကြိုက်ကြတယ်လို့ဆိုပါတယ်။


ကိုအောင်မြတ်သူ/VOA (Burmese)

https://burmese.voanews.com/a/covid-trump-biden-/5665542.html

COVID-19 ကာကွယ်ရေးအချက်အလက်တွေ Biden အဖွဲ့ကို လွှဲပြောင်းဖို့ သမ္မတ Trump ဟန့်တား COVID-19 ကာကွယ်ရေးအချက်အလက်တွေ Biden အဖွဲ့ကို လွှဲပြောင်းဖို့ သမ္မတ Trump ဟန့်တား Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.