ကန်ရွေးကောက်ပွဲ မြန်မာနိုင်ငံရေးသက်ရောက်မှု (ဒေါက်တာတင်မောင်သန်းနှင့်မေးမြန်းခြင်း)


အမေရိကန်ရွေးကောက်ပွဲရလဒ်ကနေ မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်တဲ့အခြေအနေတွေကို ကြည့်ရအောင်ပါ။ လက်ရှိအသံလွှင့်နေချိန်အထိ အမေရိကန် ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေ တရားဝင်ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့သက်ရောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးတင်မောင်သန်းက ခုလိုသုံးသပ်ပြပါတယ်။

ဦးတင်မောင်သန်း။ ။ ယေဘူယျအားဖြင့်တော့ Trump က နိုင်ငံခြားရေးကိုတော့ သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ တရုတ်ကိုတော့ စိတ်ဝင်စားတယ်။ တခြားနိုင်ငံတွေကိုလည်း ဒီမိုကရေစီဖြစ်ပေါ် တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားမှုနည်းတယ်။ အဲဒီတော့ ဒီမိုကရက်ပါတီက Biden တို့ကတော့ ကမ္ဘာမှာ ဒီမိုကရေစီဖြစ်ပေါ်ရေးကလည်း အလားတူ အရေးပေးတဲ့ ကိစ္စတခု ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုအတွက်ဆိုလို့ရှိရင်တော့ ဒီမိုကရက်ပါတီသမ္မတလောင်း ဖြစ်တဲ့ Biden တက်လာတာကတော့ မြန်မာ့ဒီမိုကရေစီအရေးကို အများကြီး အထောက်အကူပြုလိမ့်မယ်လို့ ထင်တယ်။ လူ့အခွင့်အရေးကိစ္စတွေမှာလည်း အထောက်အကူ ပြုလိမ့်မယ်လို့ထင်တယ်။

မစုမြတ်မွန်။ ။ အဲဒီတော့ တကယ်လို့ ဆရာပြောခဲ့သလိုပဲ ဒီမိုကရက်တစ်သမ္မတလောင်း Joe Biden သာ သမ္မတဖြစ်လာပြီး အမေရိကန်မှာ အစိုးရသစ် ဖြစ်လာမယ်ဆိုရင် ဒီ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒ အပြောင်းအလဲတွေက ဘယ်လို အပြောင်းလဲတွေ ဖြစ်လာမယ်လို့ ဆရာသုံးသပ်ပါလဲရှင့်။

ဦးတင်မောင်သန်း။ ။ ယေဘူယျအားဖြင့်တော့ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ ကိစ္စက တရုတ်နဲ့ ဆက်ဆံရေးကိစ္စတခုရှိမယ်... ဒေသတွင်း မဟာဗျူဟာအရပေါ့။ နောက်တခုက ရခိုင်မြောက်ပိုင်း ကိစ္စ တခုရှိမယ်ပေါ့။ ဒေသတွင်း မဟာဗျူဟာအရ ပြောရလို့ရှိရင်တော့ တရုတ်ကို ပြန်ပြီး ဟန်ချက် ချိန်ညှိဖို့ဆိုတာက ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ကြားမှာ သိပ်တော့ အကွာဟရှိလှမယ်မထင်ဘူး။ နှစ်ခုစလုံးက များသောအားဖြင့် မြန်မာနိုင်ငံဟာ တရုတ်ဘက် တရုတ်ရင်ခွင်ထဲကို ရောက်သွားမှာစိုးကျတဲ့အတွက်ကြောင့်မို့လို့ အဲဒါကို တနည်းနည်းနဲ့ ပြန်လည် ချိန်ညှိဖို့ လုပ်ကြတာတွေရှိတယ်။ အထူးသဖြင့် တရုတ်ရဲ့ ဒီ ပတ်လမ်းပေါ့နော်... ပြန်ပြီး ထိန်းညှိဖို့အတွက် အိန္ဒိယနဲ့ မြန်မာ၊ ထိုင်း ဆက်သွယ်ဆက်ဆံရေးပိုပြီးကောင်းအောင် ဆောင်ရွက်ဖို့ လမ်းကြောင်းတွေ ပြန်လည်ချိန်ညှိဖို့လည်း စဉ်းစားနေတာ၊ စီစဉ်တာတွေရှိတယ်လို့ သိရတယ်ပေါ့နော်။ ဒါကတော့ တရုတ်နဲ့ ပတ်သက်ပြီး ပြန်လည်ဟန်ချက် ထိန်းညှိဖို့ပေါ့နော်။

မြန်မာနိုင်ငံကိုတော့ တရုတ်ဘက်ကို ပါမသွားအောင် အတတ်နိုင်ဆုံး ပြန်လည်ပြီးတော့ လုပ်ငန်းအစီအစဉ်တွေ ချပြီးဆောင်ရွက်လိမ့်မယ်လို့ ယူဆရတယ်။ ဒါက Trump နဲ့ Bidem နှစ်ယောက်စလုံးကြားမှာ သိပ်အကွာအဟ ရှိလှမယ် မထင်ဘူး။ ယေဘူယျအားဖြင့် ပြောရင် Trump ဟာ နိုင်ငံကြီးတွေရဲ့ ပါဝါကိုပဲ အဓိကထားတယ်။ နိုင်ငံငယ်တွေရဲ့ အနေအထားကို သိပ်ပြီးတော့ ထည့်တွက်လေ့မရှိဘူး။ နောက်ပြီးတော့ သူ့လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သြဇာသက်ရောက်မှု၊ ဌာနတွေရဲ့ သြဇာသက်ရောက်မှုက ယေဘူယျအားဖြင့် မရှိဘူး။ သူလုပ်ချင်တာ လုပ်တယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ Trump တက်လာတာနဲ့ တရုတ်ကို ဆန့်ကျင်ပြီး မြန်မာကိုပဲ ပုံပြီးအောတော့မလို မျှော်လင့်ကြီးနေတာတွေက ဒီဘက်မှာ ကျနော်တို့ တွေ့နေရတာနဲ့ သိပ်ပြီး မကိုက်ဘူးလို့ ပြောရလိမ့်မယ်။ နောက်ရခိုင်မြောက်ပိုင်းကိစ္စမှာ လူ့အခွင့်အရေးနဲ့ ဖြစ်ပေါ်တိုးတက်မှု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါက လူ့အခွင့်အရေးထောင့်ကနေ ပိုပြီး ကြည့်လိမ့်မယ်။ အဲဒီအတွက်လည်း ပံ့ပိုးမှု ပိုပြီး ပေးနိုင်စရာ အကြောင်းရှိတယ်။

မစုမြတ်မွန်။ ။ အဲဒါက ဆရာ.... တကယ်လို့ Biden တက်လာခဲ့မယ်ဆိုရင်။

ဦးတင်မောင်သန်း။ ။ Biden တက်ရင်။ တကယ်လို့ ဒီမိုကရက်တစ် သမ္မတလောင်းတက်လာခဲ့မယ်ဆိုရင်။ Biden တက်လာခဲ့မယ်ဆိုလို့ရှိရင်။ ဒါပေမဲ့ Biden တို့ဟာ ပထဝီနိုင်ငံရေးကို ပိုပြီးတော့ စဉ်းစားတယ်။ နောက်ပြီးတော့ ဒီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဌာနတွေရဲ့ သက်ရောက်မှုကိုလည်း ပိုပြီး အလေးထားတတ်တယ်။ ဒါကြောင့်မို့ ဒါကိုလည်း တရုတ်ရဲ့ ဆက်ဆံရေးနဲ့ ချိန်ညှိပြီးတော့ ဆက်ဆံလိမ့်မယ်လို့ ထင်ရတယ်။ နောက်ပြီးတော့ ကြိုပြီးတော့ နည်းနည်း Biden တို့က ပြောလို့ရတယ်။ ဥပမာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဌာနတွေက ဘယ်လိုစဉ်းစားတယ်၊ သူတို့ စဉ်းစားဖို့ ဘယ်လိုရှိလဲ၊ သူတို့ ချိန်ကြည့်တာ ဘယ်လိုရှိလဲဆိုတာ ကြိုပြီး စဉ်းစားလို့၊ ကြိုပြီး ပြောလို့ရနိုင်တဲ့အတွက်ကြောင့်မို့လို့ တစုံတရာ လုပ်လို့ Biden က ရနိုင်တယ်။ Trump က ခက်လိမ့်မယ်။ အလုပ်လုပ်ရတာလည်း ခက်လိမ့်မယ်၊ ဒီနေရာမှာ သူဘယ်လိုရပ်တည်မလဲဆိုတာလည်း ပြောဖို့ခက်လိမ့်မယ်။ ယေဘူယျအားဖြင့်တော့ Trump က အထူးသဖြင့် ဒီ မူဆလင်တွေကို ဆန့်ကျင်တဲ့စိတ် တစုံတရာ ရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒီပေါ်မှာ ချိန်ခွင်လျှာပြောင်းသွားမလားဆိုတဲ့ စဉ်းစားချက်တွေတော့ရှိတယ်။ ဒါပေမဲ့ တဘက်မှာကျတော့ ပုဂ္ဂိုလ်ရေးအားဖြင့် ပြောလို့ရှိရင် ဆော်ဒီအာရေဗျတို့ သူဌေးကြီးတွေနဲ့ ဆက်ဆံရေးကလည်း Trump က တော်တော်ကောင်းကောင်းမွန်မွန် ရှိနေပြန်တယ်။ ဆိုတော့ အဲဒီ နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေကို ပြန်ကြည့်လို့ရှိရင် အဲဒီပုဂ္ဂိုလ်ရေး ဆက်ဆံမှု၊ ချမ်းသာ ကြွယ်ဝမှုရဲ့ သြဇာဂယက်တွေက ပိုပြီးတော့ အနောက်နိုင်ငံဆုံးဖြတ်ချက်တွေပေါ်မှာ သက်ရောက်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် Trump လို လူမျိုးပေါ်မှာ သက်ရောက်တယ်လို့ ထင်တယ်။ ဒါကြောင့်မို့လို့ ပြန်ပြီး ချိန်ကြည့်ရင်တော့ ဒီမိုကရက်သမ္မတလောင်းက မြန်မာနိုင်ငံအတွက် ပိုပြီးတော့ သင့်တော်ကောင်းမွန်လိမ့်မယ်လို့ ထင်တယ်။ နောက်တချက် ဆက်နွယ် စဉ်းစားဖို့က မြန်မာနိုင်ငံရဲ့ အရွေ့အပြောင်းဟာ ပြီးခဲ့တဲ့ အတိတ်ကို အခြေခံပြီး စဉ်းစားမယ်၊ တပ်မတော်ရဲ့ အနေအထားတွေကိုသာ ပြန်ထည့်တွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ နောက်ဆုတ်သွားဖို့ အလားအလာမရှိဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့်မို့ အားလုံးကို ခြုံပြီးပြောမယ်၊ အချက် သုံးချက်ကို ခြံုပြီး ပြောမယ်။ မြန်မာ့ ဒီမိုကရေစီ အရွေ့ အထူးသဖြင့် တပ်မတော်ရဲ့ အနေအထား၊ နံပတ် နှစ် တရုတ်ရဲ့ အနေအထား၊ ရခိုင်မြောက်ပိုင်းကိစ္စတွေ အားလုံး သုံးချက်လုံး ချိန်ပြောမယ်ဆိုလို့ ရှိရင်တော့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းတက်လာတာ မြန်မာနိုင်ငံအတွက် ပိုပြီး ကောင်းလိမ့်မယ်လို့ ထင်တယ်။

မစုမြတ်မွန်။ ။ ဟုတ်ကဲ့ပါ ဆရာ။ နောက်တချက် ထပ်မေးချင်တာက အခု အမေရိကန်မှာ လုပ်နေတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲအပေါ် မြန်မာတွေရဲ့ စိတ်ဝင်စားမှုပေါ့နော်... ဆရာ့အနေနဲ့ ဒီရွေးကောက်ပွဲပေါ်မှာ မြန်မာပြည်ကနေပြီး ဘယ်လောက် စိတ်ဝင်စားတယ်လို့ ဆရာ့အနေနဲ့ မြင်လဲ။ နောက်တခုက အခု ဒီ အမေရိကန်သမ္မတရွေးကောက်ပွဲကနေ မြန်မာပြည်မှာလည်း မကြာခင်မှာ နိုဝင်ဘာ ၈ ရက်နေ့ဆိုရင် ရက်ပိုင်းအတွင်းမှာပဲ ဒီ ရွေးကောက်ပွဲ ကျင်းပတော့မယ်လေ။ ဆိုတော့ အခု ဒီအမေရိကန်သမ္မတရွေးကောက်ပွဲကနေရော ဘယ်လိုမျိုးအတုယူစရာတွေ ရှိတယ်လို့ ဆရာ့အနေနဲ့ မြင်ပါလဲရှင့်။

ဦးတင်မောင်သန်း။ ။ ယေဘူယျအားဖြင့်တော့ အတုယူစရာထက်ပေါ့နော်... ကျနော်တို့က နိုင်ငံတွေကို အတုယူရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အရေးကြီးတာကတော့ ရွေးကောက်ပွဲ တခုကို ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်၊ မျှမျှတတနဲ့ ဖြတ်သန်းဖို့ပါပဲ။ ဒီအချက်တွေ လုပ်ဆောင်တဲ့ နေရာမှာတော့ တော်တော်လေးကောင်းမွန်တာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို လုပ်ဆောင်ခဲ့တာ ကောင်းပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုရင် ရွေးကောက်ပွဲမှာ တော်တော် မျှမျှတတ တော်တော်လုပ်ဆောင်သွားတာနော်။ သို့သော်လည်း လုပ်ကိုင်ကြတဲ့ လူတွေမှာ အုပ်ချုပ်ရေးအတွေ့အကြုံမရှိသေးတာကြောင့်မို့လို့ကလည်း တကြောင်းပေါ့နော်၊ နိုင်ငံရေးအမြင်အရလည်း ရွေးကောက်ပွဲ ကော်မရှင်ကို ကြည့်ရရင် နိုင်ငံရေးအမြင် အားနည်းတယ်ဆိုတာ အထူးသဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ အခြားသော ပါတီကို ဆင်ဆာ ဖြတ်ချင်တာ။ ကျနော်တို့ အရင်တုန်းက စာပေသမားတယောက်အနေနဲ့ ပြောရင် စာပေ ကင်ပေတိုင်လို့ခေါ်တာပေါ့။ အခုဟာက ကော်မရှင်က ကင်ပေတိုင်လို လုပ်ချင်တဲ့ဟာတွေကို ကျနော်တို့ ကြားရတယ်။ စိတ်မကောင်းဘူး။ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်တဲ့ လုပ်ငန်းတွေကို အလေးအနက် သဘောပေါက်ဖို့ အားနည်းတယ်လို့ ထင်တယ်။ နိုင်ငံတကာ ရန်ပုံငွေ စီးဆင်းပုံတွေကို နားလည်မှုအားနည်းတယ်လို့ ထင်တယ်။ အဲဒီအဖွဲ့ရဲ့ အဲဒီလို စောင့်ကြည့်မှုရဲ့ နိုင်ငံရေးသက်ရောက်မှု၊ နိုင်ငံရေး သဘောသဘာဝ ဘယ်လောက်ကြီးမားတယ်ဆိုတာကို နားလည်မှု အားနည်းတယ်လို့ထင်တယ်။ ဒါတွေက နိုင်ငံရေး အဆင့် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်တဲ့ မူဝါဒဆိုင်ရာ ကိစ္စတွေ ဖြစ်တယ်။ ပြီးရင် ပြည်တွင်းနိုင်ငံရေးက ပြောရမယ်ဆိုလို့ရှိရင်လည်း ၃၄ ပါတီက တပ်မတော်ကိုသွားပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြောတာ၊ ယုန်လေး ဗီဒီယိုခွေထွက်တာ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျနော်တို့ ဒီအချိုးကျ ကိုယ်စားပြုဖို့စနစ်ဆိုပြီး အာဏာပြန်လည် ရယူရေးအတွက် ဦးတည်ပြီးတော့ ပြောကြားနေတာတွေ ဒါတွေကို မမြင်ဘဲနဲ့ ဒါတွေကို အလေးထားရကောင်းမှန်းမသိဘဲနဲ့ ကော်မရှင်ဟာ နိုင်ငံရေးအရ မချိန်နိုင်ခဲ့တာကတော့ အကြီးအကျယ် အားနည်းမှုလို့ မြန်မာ့ရွေးကောက်ပွဲ ဒီနှစ်ရွေးကောက်ပွဲမှာ ဝေဖန်ရမှာပဲ။ ဒါကလည်း နားလည်လို့ ရပါတယ်... အတွေ့အကြံု မရှိတဲ့အတွက်ကြောင့်မို့။ ဒါပေမဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ နိုင်ငံရေး ရာထူးရထားတဲ့ လူတယောက်အနေနဲ့ ဆိုရင်တော့ နိုင်ငံရေး စဉ်းစားတတ်ပုံမျိုးတော့ လိုလိမ့်မယ်လို့ ကျနော်ထင်တယ်။

မစုမြတ်မွန်။ ။ ဒီအမေရိကန်ရွေးကောက်ပွဲကို ပြန်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်တုန်းကတော့ ဒီ သမ္မတဘက်ကရော၊ ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden ဘက်ကရော မျိုးစုံတွေ မဲဆွယ်ပြောကြားမှုတွေရှိတယ်။ ဒါပေမဲ့လည်း အမေရိကန်မှာက အဖွဲ့အစည်းတွေက ခိုင်မာတယ်။ ရွေးကောက်ပွဲ သူ့ဘာ့သူ လုပ်စရာရှိတာကို လုပ်သွားတယ်။ သတင်းမီဒီယာတွေကလည်း လွတ်လွတ်လပ်လပ် ပြောကြတယ်၊ ဆွေးနွေးကြတယ်ဆိုတော့ အဲဒီလိုမျိုးကိစ္စတွေကိုရော မြန်မာနိုင်ငံအနေနဲ့ အကောင်းဘက်ကနေ မြင်ပြီးတော့ အဲဒီလိုမျိုး လိုက်ပြီး လုပ်သင့်တယ်လို့ရော ဆရာ ပြောချင်လားရှင့်။

ဦးတင်မောင်သန်း။ ။ ကျနော် စောစောက ပြောသွားသလိုပဲ မလိုအပ်ဘဲ ကျနော်တို့ စိုးရိမ်စိတ်ကြီးတာတွေ ပါတယ်ပေါ့။ လွတ်လပ်စွာ ပြောဆိုခွင့် ပေးလိုက်လို့ရှိရင် ဘာဖြစ်မှာလဲပေါ့။ ဒါနိုင်ငံရေးအရ စဉ်းစားရမှာပေါ့နော်။ ပထမ မူအရပြောရမယ်ဆိုလို့ရှိရင် လွတ်လပ်စွာ ပြောဆိုမယ်... ဒီမိုကရေစီရွေ့မယ်ဆိုရင် သိပ်အရေးကြီးတယ်။ ပြောဆိုခွင့်ရှိဖို့ လိုအပ်တယ်။ ဒုတိယအားဖြင့် လက်တွေ့သက်ရောက်မှုကရော မိမိစိုးရိမ်သလောက် ဖြစ်မှာ မို့လို့လား။ တွက်ချက်စဉ်းစားတတ်ဖို့လည်း လိုတယ် ချိန်ဖို့ ချိန်တတ်ဖို့။ ဒါကြောင့်မို့ ကျနော် ခုဏတုန်းကပြောတာပေါ့နော်... ကော်မရှင်အနေနဲ့ နိုင်ငံရေးအရ စဉ်းစားတတ်ဖို့ အားနည်းနေတယ်၊ လက်တွေ့ သက်ရောက်မှုအပေါ်မှာ အချိန်လိုတယ် အားနည်းတယ်လို့ ကျနော် ဒါကြောင့်မို့ ပြောတာ။

မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးတင်မောင်သန်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။


မစုမြတ်မွန်/VOA (Burmese)

https://burmese.voanews.com/a/us-election-myanmar-politics/5647875.html

ကန်ရွေးကောက်ပွဲ မြန်မာနိုင်ငံရေးသက်ရောက်မှု (ဒေါက်တာတင်မောင်သန်းနှင့်မေးမြန်းခြင်း) ကန်ရွေးကောက်ပွဲ မြန်မာနိုင်ငံရေးသက်ရောက်မှု (ဒေါက်တာတင်မောင်သန်းနှင့်မေးမြန်းခြင်း) Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.