သူနိုင်တယ်လို့ပြောပြီး ဆက်လုပ်ဆောင်နေတဲ့ သမ္မတထရမ့်ရဲ့ ဥပဒေကြောင်း စိန်ခေါ်မှုတွေ

သမ္မတ ထရမ့်ကို ထောက်ခံသူတွေ မီရှီဂန်ပြည်နယ်မှာ ဆန္ဒပြနေကြ

ဒီမိုကရက် ဂျိုး ဘိုင်ဒန်က ရွေးချယ်တင်မြှောက်ခံသမ္မတအဖြစ် ကြေငြာပြီးပေမဲ့ သမ္မတ ဒေါ်နယ် ထရမ့်က အဓိကအရေးပါတဲ့ ပြည်နယ်တချို့က မဲရလဒ်တွေက မမှန်ကန်တဲ့အကြောင်း ဥပဒေကြောင်းအရ တရားစွဲတင်ဖို့ စီစဉ်နေဆဲပါ။

သူ့ရဲ့ ဥပဒေအကျိုးဆောင် ရူဒီ ဂျူလီယာနီက ဖောက်စ် သတင်းဌာနကို ပြောရာမှာ မစ္စတာ ထရမ့်အနေနဲ့ ရှုံးပြီလို့ ပြောလိုက်ရင် မှားသွားလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ "အနည်းဆုံး ပြည်နယ် ၃ ပြည်နယ်၊ ၄ ပြည်နယ် ဒါမှမဟုတ် ၁၀ ပြည်နယ် အထိလောက် အရေအတွက်ရှိတဲ့ ပြည်နယ်တွေ မှာ ရွေးကောက်ပွဲ မသမာမှုတွေ အတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိနေလို့ပါ" လို့ ထည့်သွင်းပြောခဲ့ပါတယ်။

ထရမ့်အတွက် မဲဆွယ်တဲ့ အဖွဲ့က အဲဒီ "ခိုင်မာတဲ့ သက်သေအထာက်အထားတွေ" ဆိုတာကို ပြဖို့တော့ လိုအပ်နေပါသေးတယ်၊ ဒါပေမဲ့ အဓိကကျတဲ့ ပြည်နယ်တွေမှာ တရားစွဲတင်ဖို့အတွက် သူတို့က စီစဉ်ထားပါတယ်။

သိထားရသမျှ အချက်တွေကတော့ အခုလိုပါ။

ပင်ဆယ်ဗေးနီးယား ပြည်နယ်

မဲရုံစောင့်ကြည့်သူတွေကို အဲဒီပြည်နယ်မှာ ခွင့်မပြုတဲ့အတွက် တရားစွဲတာတွေ လုပ်ဆောင် သွားမယ်လို့ မစ္စတာ ဂျူလီယာနီက ပြောပါတယ်။

မစ္စတာ ဂျူလီယာနီ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ စနေနေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့

မဲရုံစောင့်ကြည့်လေ့လာသူတွေဆိုတာကတော့ မဲရေတွက်တာတွေ၊ မဲရုံလုပ်ငန်းစဉ်တွေကို စောင့်ကြည့်တဲ့လူတွေဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိလား ဆိုတာ သေချာအောင် ကြည့်ရှုတဲ့သူတွေပါ။ ပြည်နယ်အများစုမှာ အဲဒီလို စောင့်ကြည့်ခွင့်ပေးထားပြီး စောင့်ကြည့်လိုသူတို့ဟာ ရွေးကောက်ပွဲမတိုင်မီအချိန်မှာ မဲရုံစောင့်ကြည့်ခွင့်ပေးဖို့ စာရင်းသွင်းလျှောက်ထားရမှာပါ။

ဒီနှစ်မှာတော့ တချို့နေရာတွေမှာ ရွေးကောက်ပွဲ မတိုင်မီကတည်းက ကန့်သတ်ထားတာတွေ ရှိပါတယ်၊ ကန့်သတ်တာလုပ်ရတဲ့ အကြောင်းတွေထဲ ကိုရိုနာဗိုင်းရပ်စ်ကိစ္စကြောင့်လည်း ပါဝင် ပါတယ်။ ခြိမ်းခြောက်တာတွေကို ရှောင်ရှားနိုင်ရေးအတွက်ရှိတဲ့ အင်အားနဲ့ မမျှလို့ အကန့်အသတ် လုပ်ထားတာလည်း ရှိခဲ့ပါတယ်။

ဖီလာဒဲလ်ဖီးယားမှာ မဲရေတွက်တဲ့ နေရာဘေးမှာ လူမလာဖို့ ကန့်သတ်မှုကို ပေ ၂၀ အထိ သတ်မှတ် ထားခဲ့ရာမှာ တရားစွဲတင်တာ ကြုံခဲ့ရပြီး တရားရုံးက မဲရုံစောင့်ကြည့်သူတွေ ကိုဗစ်-၁၉ စည်းမျဉ်း တွေကို လိုက်နာသရွေ့ ကန့်သတ်မှုကို ၆ ပေ အထိပဲ ထားပါလို့ ကြာသပတေးနေ့တုန်းက ဆုံးဖြတ်ပေးခဲ့ပါတယ်။

ထရမ့် မဲဆွယ်ရေးအဖွဲ့က ရွေးကောက်ပွဲ တာဝန်ခံအရာရှိတွေဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲပြီး ဖက်ဒရယ်ပြည်ထောင်စု တရားရုံးကို တရားစွဲဖို့ လျှောက်ထား လိုက်ပါတယ်။

မစ္စတာ ဂျူလီယာနီက "မဲရုံစောင့်ကြည့်သူ ရီဘတ်ပလီကန်တွေကို တရားရုံးက ၆ ပေ အကွာက ကြည့်နိုင်တယ်လို့ ဆုံးဖြတ်ပေးခဲ့ပေမဲ့ သူတို့က လူတွေကို မဲရေတဲ့ နေရာကနေ ၆ ပေ ခွာနေပေးတဲ့ ကြားက နောက်ထပ် ၆ ပေ ထပ်ဆုတ်ခိုင်းခဲ့တယ်။"

ဒါပေမဲ့ ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေကတော့ သူတို့ နည်းမှန်လမ်းမှန်နဲ့ အသေအချာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့မှာ ပင်ဆယ်ဗေးနီးယားပြည်နယ်ရုံး အုပ်ချုပ်ရေးမှူး ကေသီ ဘွတ်ခ်ဗာက "ရွေးကောက်ခံကိုယ်စားလှယ်တိုင်း၊ နိုင်ငံရေးပါတီတိုင်း အတွက် သူတို့ကနေ တရားဝင် လွှဲအပ်ထားတဲ့ကိုယ်စားလှယ်အယောက်တိုင်းကို မဲရုံအတွင်း ဝင်ခွင့်ပေးခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်ခွင့်ပေးခဲ့ပါတယ်။ ဖီလာဒဲလ်ဖီယားအပါအဝင် တချို့မဲရုံမှာရေတွက်နေကြတာတွေကို ဗီဒီယိုနဲ့ တိုက်ရိုက် ထုတ်လွှင့်နေတာပါ၊ အဲဒီမှာ ဘယ်သူမဆို အကုန်ကြည့်လို့လည်း ရနေတာပါ" လို့ ပြောခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့မှာ မဲရုံစောင့်ကြည့်သူ တစ်ယောက် လေ့လာကြည့်ရှုနေစဉ်

နောက်အငြင်းပွားနေကြတာ တစ်ခုကတော့ တကယ်လို့ သူတို့ထည့်ထားတဲ့ စာတိုက်မဲတွေပေါ်မှာ သူတို့ ဘယ်သူဘယ်ဝါဆိုတဲ့ မှတ်ပုံတင်အထောက်အထားတွေ မထည့်မိတာ၊ မထင်ရှားတာမျိုး ဖြစ်နေရင် မဲပေးသူအနေနဲ့ အမှားပြင်ဖို့ ဘယ်လောက်အချိန်ပေးသလဲဆိုတဲ့ ကိစ္စပါ။ မဲပေးသူတွေကို နိုဝင်ဘာ ၁၂ရက် အထိ အချိန်ပေးထားပေမဲ့ ထရမ့်မဲဆွယ်အဖွဲ့က အဲဒီရက်ကို နိုဝင်ဘာ ၉ ရက်နေ့အထိ လျှော့ချသတ်မှတ်ဖို့အတွက် တရားရုံးတင်ဖို့ ပြင်ဆင်နေပါတယ်။

ပင်ဆယ်ဗေးနီးယားမှာ တရားရုံးတင်မယ်ဆိုပြီး နောက်ထပ်အငြင်းပွားနေတာ တစ်ခုကတော့ စာတိုက်မဲထည့်သွင်းထားတဲ့ စာအိတ်မှာပါတဲ့ စာတိုက်တံဆိပ်တုံး ရိုက်ထားတဲ့နေ့က ဘယ်နေ့အထိလဲဆိုတဲ့ သတ်မှတ်မှုရယ်၊ အဲဒီစာအိတ်မဲကိုရေတွက်ဖို့ စောင့်တဲ့အချိန်ကာလတွေနဲ့ ပတ်သက်ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ စာအိတ်အတွက် စာတိုက်တံဆိပ်တုံး ရိုက်တဲ့နေ့ကို ရွေးကောက်ပွဲနေ့အထိ ရကြောင်း သတ်မှတ်ထားပြီး အဲဒီ စာတိုက်မဲ စာအိတ်က သက်ဆိုင်ရာ မဲရေတွက်တဲ့နေရာဆီ ရောက်ရမဲ့ရက်ကို နောက် ၃ ရက်ကြာ အထိ လက်ခံထားပါတယ်။ အဲဒါတွေကို လက်မခံဖို့ ရီဘတ်ပလီကန်တွေက တရားရုံးကို တင်ပြမယ်လို့ ဆိုပါတယ်။

မီရှီဂန် ပြည်နယ်

ဒီပြည်နယ်ဟာ ၂၀၁၆ တုန်းက မစ္စတာ ထရမ့်ဟာ မဲ ၁၀၇၀၀ကျော်အသာလေးနဲ့ ပွတ်ကာသီကာ အနိုင်ရသွားတာဖြစ်ပြီး ၂၀၂၀ မှာ မစ္စတာ ဘိုင်ဒန် အနိုင်ရမယ်လို့ မှန်းဆထားကြတဲ့ ပြည်နယ်ပါ။

ထရမ့် မဲဆွယ်ရေးအဖွဲ့က မဲရေတဲ့ လုပ်ငန်းစဉ်ကို စောင့်ကြည့်ခွင့်မရတဲ့ အတွက် မဲရေနေတာတွေ ရပ်ဆိုင်းဖို့ နိုဝင်ဘာလ ၄ ရက်နေ့မှာ တရားရုံးကို အမှုစွဲတင်လျှောက်ထားခဲ့ပါတယ်။

တရားသူကြီးက တင်လာတဲ့ အမှုက စောင့်ကြည့်ခွင့် မပြုခဲ့ဘူးဆိုတဲ့ အထောက်အထား ခိုင်ခိုင်မာမာ မရှိတဲ့အတွက် အမှုကို ပယ်ချခဲ့ပါတယ်။

ဝစ္စကွန်ဆင် ပြည်နယ်

သမ္မတထရမ့်အတွက် မဲဆွယ်တဲ့အဖွဲ့က ဝစ္စကွန်ဆင်ပြည်နယ်မှာ ရွေးကောက်ပွဲနေ့က ပုံမှန် မဟုတ်တာတွေကို တွေ့ခဲ့ရတဲ့အပေါ် အခြေခံပြီး မဲတွေကို ပြန်ရေတွက်ပေးဖို့ ပန်ကြားသွားမယ်လို့ ဆိုပါတယ်။ ဒီကိစ္စကတော့ တရားစွဲတင်စရာ မလိုတဲ့ ကိစ္စ တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီလို မဲပြန်ရေတွက်မလားဆိုတာကတော့ မရေရာပါဘူး၊ ထုံးစံအတိုင်းကတော့ သက်ဆိုင်ရာ အရာရှိတွေက မဲရုံ လုပ်ငန်းစဉ်တွေကို စိစစ်သုံးသပ်ပြီးရင် မဲတွေကို ပြန်ရေလေ့ မရှိပါဘူး။

အဲဒီပြည်နယ်မှာ စိစစ်သုံးသပ်တဲ့ လုပ်ငန်းစဉ် နောက်ဆုံးရက်က နိုဝင်ဘာ ၁၇ ရက်ပါ။

၂၀၁၆ တုန်းက ဝစ္စကွန်ဆင်မှာ မဲပြန်ရေတွက်တာမျိုး ရှိခဲ့ပြီး မဲ အရေအတွက် တစ်ရာ လောက် အပြောင်းအလဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

နီဗားဒါး

နီဗားဒါး ရီဘတ်ပလီကန် ပါတီက တွိဒ်လုပ်ပြီး သတင်းထုတ်ပြန်ရာမှာ "နီဗားဒါးပြည်နယ်ကနေ ပြောင်းရွှေ့သွားပြီးသူတွေ နီဗားဒါးမှာပြန်ပြီး မဲတွေ ထည့်နေတာကိုတွေ့ခဲ့ရပြီး ဒါဟာ ထောင်နဲ့ချီတဲ့ အရေအတွက်ရှိကာ ဥပဒေကို အဲဒီသူတွေ ချိုးဖောက်ထားပုံရတယ်" လို့ ရေးထားတာကို တွေ့ရ ပါတယ်။

သမ္မတရဲ့ ဥပဒေအကျိုးဆောင်များအဖွဲ့က အဲဒီပြည်နယ်ကနေ ထွက်ခွာသွားခဲ့ကြပြီး မဲထည့်ခဲ့ကြသူ တွေရဲ့ စာရင်းကို ပြုစုထားပါတယ်။

ဒါပေမဲ့ အဲဒီစာရင်းထဲပါရုံနဲ့ ဥပဒေကို ချိုးဖောက်ထားပြီလို့ မပြောနိုင်ကြောင်း Politifact အဖွဲ့က ထောက်ပြထားပါတယ်။

နီဗားဒါးကနေ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၃၀ အတွင်း တခြားပြည်နယ်ကို ထွက်ခွာလာခဲ့တဲ့သူ ဟာ နီဗားဒါးမှာပဲ မဲပြန်ပေးနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

နီဗားဒါးကနေ တခြားမှာ ပညာသွားသင်နေတဲ့ ကျောင်းသားတွေလည်း နီဗားဒါးမှာ မဲပေးခွင့် ရှိပါတယ်။

ကလပ်ခ် ကောင်တီခရိုင်က မဲပေးသူတွေကို အဓိကရည်ညွှန်းပြီး ဒီအမှုကိုလုပ်တာပါ၊ ဒါပေမဲ့ အဲဒီကောင်တီရဲ့ မဲစာရင်းမှတ်ပုံတင်သူက "မဲတွေကို မလျော်မကန်လုပ်တာမျိုး မတွေ့မိပါဘူး"လို့ ဆိုပါတယ်။

ဂျော်ဂျီယာ ပြည်နယ်

မဲတွေနဲ့ပတ်သက်ပြီး ပြဿနာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂျော်ဂျီယာက ချက်သန် ကောင်တီမှာ မဲတွေရေတွက်တာကို ရပ်ထားဖို့ တရားစွဲတင်တာ ဖြစ်ခဲ့ပါတယ်။

ဂျော်ဂျီယာပြည်နယ်ဆိုင်ရာ ရီဘတ်ပလီကန်ပါတီ ဥက္ကဋ္ဌ ဒေးဗစ် ရှက်ဖာက သူတို့ပါတီက စောင့်ကြည့်လေ့လာသူတွေဟာ အမျိုးသမီးတစ်ယောက်က "မဲ ၅၀ ကျော်ကို မရေရသေးတဲ့ ကိုယ်စားပြုတဲ့သူနဲ့ ထည့်တဲ့မဲတွေထဲကို ရောလိုက်တယ်" ဆိုတာကို တွေ့ခဲ့ရတယ်လို့ တွိဒ် လုပ်ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့မှာ တရားသူကြီးတစ်ယောက်က ဒီအမှုစွဲတင်တာကို ပယ်ချခဲ့ပါတယ်၊ သူက မဲတွေ ရောပစ်ခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

အရီဇိုးနား ပြည်နယ်

ထရမ့်မဲဆွယ်အဖွဲ့ဟာ တရားဝင်မဲတချို့ အပယ်ချခံရတယ်ဆိုပြီး စနေနေ့က အရီဇိုးနားမှာ တရားစွဲတင်ခဲ့ပါတယ်။

သူတို့က တချို့ မဲရုံစောင့်ကြည့်သူတွေနဲ့ မဲပေးသူ ၂ ယောက်က ပြောတဲ့ မဲထည့်တဲ့ စက်တွေမှာ ပြဿနာတွေကြုံခဲ့ရတယ် ဆိုတဲ့ ပြောဆိုချက်ကို အဓိကကိုးကားပြီး တရားစွဲတင်ခဲ့ကြတာပါ။

အဲဒီအမှုကို တရားရုံးက စိစစ်နေဆဲဖြစ်ပေမဲ့ အရီဇိုးနား ပြည်နယ်ရုံး အုပ်ချုပ်ရေးမှူးက "တွေ့ရာ ကောက်ရိုးမျှင်ကို လိုက်ဆွဲနေသလိုပဲ" လို့ ဆိုပါတယ်။

အရီဇိုးနားပြည်နယ်၊ ဖီးနစ်စ်မြို့မှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့

တရားရုံးချုပ်ကို ဒီအမှုတွေတင်နိုင်မလား

ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၃ ရက် အင်္ဂါနေ့ရဲ့ နောက်ရက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာပဲ မစ္စတာ ထရမ့်က ရွေးကောက်ပွဲ မသမာမှုတွေ ရှိကြောင်း ဘာမှ အထောက်အထား မပြဘဲ ပြောခဲ့ပါတယ်။ သူက "ကျွန်တော်တို့ အမေရိကန် တရားရုံးချုပ်အထိ တက်မယ်" လို့ ဆိုပါတယ်။

တကယ်လို့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ တရားစွဲမယ်ဆိုရင် သက်ဆိုင်ရာ ဥပဒေ အကျိုးဆောင်များအဖွဲ့က ပြည်နယ်တရားရုံးတွေမှာ တိုင်ကြားရမှာပါ။

ပြည်နယ်တရားသူကြီးတွေက တရားစွဲတာကို လက်ခံပြီး မဲတွေကို ပြန်ရေတွက်ဖို့ ဆုံးဖြတ်ချက် ချမှတ်ကောင်းချမှတ်နိုင်ပါတယ်။

အဲဒီအချိန်မှာ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တရားရုံးချုပ်က ထပ်မံညွှန်ကြားပေးပါလို့လည်း တောင်းဆိုနိုင်ပါတယ်။


ကိုလံဘီယာ တက္ကသိုလ် ဥပဒေဘာသာရပ်ဌာန ပါမောက္ခ ရစ်ချတ် ဘရစ်ဖော့တ်က "ရွေးကောက်ပွဲအငြင်းပွားကြတာကို တရားရုံးချုပ်ကို တင်ဖို့အတွက် စံသတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းဆိုတာတော့ မရှိပါဘူး။ သိပ်ကို ထူးခြားတဲ့ ကိစ္စမဟုတ်ဘဲ တရားရုံးချုပ်ကို တင်တာမျိုးက မရှိသလောက်ပါ" လို့ ပြောပါတယ်။

ဒီနေ့အထိ အမေရိကန်တရားရုံးချုပ်က စီရင်ပေးတဲ့ ရွေးကောက်ပွဲအမှုက ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲအမှု တစ်မှုပဲ ရှိပါသေးတယ်။

၂၀၀၀ ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် အယ်လ်ဂိုးက ဖလော်ရီဒါမှာ ရှုံးပါတယ်၊ မဲ ၆ သန်းလောက်ပေးကြတဲ့နေရာမှာ မဲ ၅၃၇ မဲ အကွာနဲ့ ရှုံးတာပါ။

အဲဒီနောက်ပိုင်း အသည်းအသန် အငြင်းပွားစရာဖြစ်တဲ့ မဲပြန်ရေတွက်တဲ့ လုပ်ငန်းစဉ်ကို လုပ်ခဲ့ ကြပါတယ်၊ အဲဒီလုပ်ငန်းစဉ်ကလည်း တစ်လကျော် ကြာနေခဲ့တာပါ၊ နောက်ဆုံးမှာတော့ တရားရုံးချုပ်က မဲပြန်ရေတွက်တာကို ရပ်ဆိုင်းလိုက်စေပြီး ရီဘတ်ပလီကန် ဂျော့ချ် ဘုရှ် နိုင်တယ် လို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ ဘုရှ်က သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ (Electoral College Vote) ၂၇၁ မဲရပြီး သမ္မတဖြစ်ခဲ့ကာ ဖလော်ရီဒါပြည်နယ်ရဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲက ၂၅ မဲ ရှိခဲ့ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ သမ္မတအဖြစ်အရွေးခံရဖို့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ ၂၇၀ မဲ ရဖို့ လိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54889770

သူနိုင်တယ်လို့ပြောပြီး ဆက်လုပ်ဆောင်နေတဲ့ သမ္မတထရမ့်ရဲ့ ဥပဒေကြောင်း စိန်ခေါ်မှုတွေ  သူနိုင်တယ်လို့ပြောပြီး ဆက်လုပ်ဆောင်နေတဲ့ သမ္မတထရမ့်ရဲ့ ဥပဒေကြောင်း စိန်ခေါ်မှုတွေ Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.