ကျောက်မဲက ရွေးကောက်ခံကိုယ်စားလှယ် လုပ်ကြံခံရမှု ရဲ့နောက်ကွယ်

ဓာတ်ပုံ ရင်းမြစ်, NLD

ကျောက်မဲမြို့နယ် ပင်တိန်ရွာက နေအိမ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ည ၆ နာရီလောက်က သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားခဲ့တဲ့ ကျောက်မဲခရိုင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် ရဲ့ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့က မီးသဂြိုဟ်ပြီးစီးခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ ကျန်ရစ်တဲ့ အရိုးပြာတွေကို ကောက်ခဲ့ကြပါတယ်။

အခုအချိန်အထိတော့ သူ့ကိုဘယ်အဖွဲ့က လုပ်ကြံတာ၊ ဘယ်သူက လုပ်ကြံခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

ဒီလူသတ်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေတော့ စတင်နေပါပြီ။

ဦးထိုက်ဇော်ဟာ ဒေသခံပါတီတွေ လွှမ်းမိုးခဲ့တဲ့ ကျောက်မဲမှာ နှစ်၃၀ အတွင်း ပထမဆုံး အနိုင်ရတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းလည်း ဖြစ်ပါတယ်။

ပင်တိန်ကျေးရွာရှိ နေအိမ်ဈေးဆိုင်အတွင်းနိုဝင်ဘာလ ၂၁ ရက်နေ့ညနေပိုင်းက ဦးထိုက်ဇော်ဟာ ကွမ်းယာနေစဉ် အမည်မသိ လူနှစ်ဦး ဆိုင်ကယ်တစီးနဲ့ လာရောက် ပစ်ခတ်သွားတာဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။

ဦးထိုက်ဇော် သေနတ်နဲ့ လုပ်ကြံခံရမှုဟာ ရွေးကောက်ပွဲနဲ့ဆိုင်တယ်လို့ အကြမ်းဖျင်း ပြောနိုင်ကြောင်းကျောက်မဲ မြို့နယ် အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။


အခု လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပြီး နောက်ရက်မှာပဲ ဒေသခံ တိုင်းရင်းသား ပါတီတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ရှုတ်ချကြောင်း ထုတ်ဖော် ပြောဆိုထားတာတွေလည်း ရှိပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ ကျောက်မဲခရိုင်အတွင်း နိုင်ငံရေး ပါတီပေါင်း (၁၀)ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

မဲရေတွက်ရာမှာ အကြိတ်အနယ်ရှိခဲ့ပြီးမှ ဦးထိုက်ဇော်က အနိုင်ရခဲ့တာလို့ ဒေသခံ နိုင်ငံရေးပါတီတွေကနေ တစ်ဆင့် သိရပါတယ်။

ဦးထိုက်ဇော်ဟာ ကျောက်မဲခရိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီးတော့ သူဟာ တောင်တွင်းကြီးဇာတိ ဗမာလူမျိုးဖြစ်တယ်လို့ ကျောက်မဲခရိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီ အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

သေဆုံးချိန်မှာ အသက် ၅၀နှစ် အရွယ်ရှိတဲ့ ဦးထိုက်ဇော်ဟာ မြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ပင်တိန်ရွာမှာ ကုန်စုံဆိုင် ဖွင့်လှစ်ပြီး နေထိုင်သူဖြစ်တယ်လို့ ကျောက်မဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေဆီက နေသိရပါတယ်။

ပတ်ဝန်းကျင်နဲ့လည်း ပြဿနာ မရှိဘူး၊ နိုင်ငံ‌ရေးပြဿနာလည်း မရှိပါဘူးလို့ သူနဲ့နီးစပ်သူတွေက ပြော

ဒီဒေသမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု တချို့က ဒီနှစ်ထဲ အထိ ရှိနေသလို၊ တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ကြား ထိတွေ့မှု တချို့လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ တပ်မတော်၊ ပြည်သူ့စစ်၊ တိုင်ရင်းသား အဖွဲ့ အစရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှု ရှိနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

"သူက စကားနည်းတဲ့ လူပါဗျာ၊ ပတ်ဝန်းကျင်နဲ့လည်းပြဿနာ မရှိဘူး၊ နိုင်ငံ‌ရေးပြဿနာ လည်းမရှိပါဘူးလို့လည်း သူနဲ့ အနီးကပ်ရှိခဲ့တဲ့ အောင်နိုင်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

ဦးထိုက်ဇော် လုပ်ကြံခံရတဲ့ဖြစ်စဉ်နောက်မှာတော့ နိုင်ငံရေး အရ လုပ်ကြံမှု၊ ရွေးကောက်ပွဲရလဒ်တွေကြောင့် ဆိုတဲ့ ထင်ကြေးပေးပြောဆိုတာတွေလည်း ရှိလာပါတယ်။

ဒီလိုဝေဖန်တာတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရှမ်းပြည်နယ်အောင်နိုင်ရေး ကော်မတီကတော့ အမှုမှန်မပေါ်ခင်မှာ ပါတီအချင်းချင်းကြား ထင်ယောင်ထင်မှားဖြစ်အောင် ထင်ကြေးပေးပြောဆိုတာတွေမလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။

အဲဒီဒေသမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသားပါတီ တစ်ခု ဖြစ်တဲ့ တအောင်းပလောင်အမျိုးသားပါတီက အထွေထွေအတွင်းရေးမှူး တာမိုင်းအုဏ်းခိုင်ကတော့ ပြည်သူ့ကိုယ်စားလှယ်တစ်ဦး သေဆုံးတာဟာ မိသားစုအတွက် နစ်နာတာတင်မကဘဲ နိုင်ငံတော်အတွက်လည်း လုံခြုံရေးပိုင်းဆိုင်ရာမှာ ထောက်ပြစရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာက အခုလို လက်နက်ကိုင်ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးရမှုတွေ မကြာခဏ ဆိုသလို ရှိနေပေမဲ့ တိတိပပ ဘယ်သူ ဘယ်ဝှာ ဆိုပြီး တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိတဲ့ အခြေအနေ အပေါ် အများစုက အခု ဖြစ်စဉ် အပြီး မှာ ပိုလို ဝေဖန် သုံးသပ်စရာ ရှိလာနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါများနေတာဟာ တရားဥပဒေစိုးမိုးမှုမရှိဘဲ လက်နက်နဲ့ ပြုကျင့်တာတွေကိုဖြစ်စေသလို နိုင်ငံရေးနဲ့လက်နက်ကိုင် လမ်းစဉ်ရောထွေးလုပ်ဆောင်ကြတာဟာ မလိုလားအပ်တဲ့ ပြသာနာတွေကို ပေါ်ပေါက်လာစေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က သုံးသပ်ပါတယ်။

လစ်လပ်သွားတဲ့ နေရာအတွက်ကိုတော့ ရွေးကောက်ပွဲပြီး ဒုတိယမြောက်နှစ်မှသာ ကျင်းပခွင့်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကျမှသာ ပြန်လည်ရွေးချယ်သွားရမှာ ဖြစ်ပါတယ်


လစ်လပ်သွားတဲ့ နေရာအတွက်ကိုတော့ ရွေးကောက်ပွဲပြီး ဒုတိယမြောက်နှစ်မှသာ ကျင်းပခွင့်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကျမှသာ ပြန်လည်ရွေးချယ်သွားရမှာ ဖြစ်ပါတယ်

ဦးထိုက်ဇော်ဟာ လွှတ်တော်မှာတာဝန်ထမ်းဆောင်တာ မလုပ်ရသေးပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကျောက်မဲခရိုင် အမှတ်(၁)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေညာပြီးဖြစ်လို့ ကိုယ်စားလှယ်အဖြစ် ရှိနေပါတယ်။

ဒီလိုဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲများသမိုင်းမှာ ပထမဆုံးဖြစ်စဉ်ဖြစ်လို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာတောင် ဒီလိုကိစ္စရပ်မျိုးအတွက် ဖော်ပြတာ မလုပ်ထားသေးဘူးလို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဒါ့ကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး အခုလိုသေဆုံးခဲ့ပေမဲ့ လက်ရှိ ရွေးကောက်ပွဲ ဥပဒေ အရ လစ်လပ်သွားတဲ့ နေရာအတွက်ကိုတော့ ရွေးကောက်ပွဲပြီး ဒုတိယမြောက်နှစ်မှသာ ကျင်းပခွင့်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကျမှသာ ပြန်လည် ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။

ဦးထိုက်ဇော် သေနတ်နဲ့ အပစ်မခံရခင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့နေအိမ်ကို သေနတ်နဲ့ ပစ်ခံရတာရှိပါတယ်။

ဘယ်အဖွဲ့ ကပစ်တယ်၊ ဘာကြောင့်ပစ်တယ်ဆိုတာကို တိတိကျကျ မသိရလို့ မပြောနိုင်ပေမယ့် ၊ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးတာဟာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တယ်လို့ သူနဲ့ အနီးကပ်ရှိခဲ့တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီ အောင်နိုင်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55048855

ကျောက်မဲက ရွေးကောက်ခံကိုယ်စားလှယ် လုပ်ကြံခံရမှု ရဲ့နောက်ကွယ်  ကျောက်မဲက ရွေးကောက်ခံကိုယ်စားလှယ် လုပ်ကြံခံရမှု ရဲ့နောက်ကွယ် Reviewed by THITHTOOLWIN on 01:32 Rating: 5

No comments:

Powered by Blogger.