ဒိန်းမတ်နိုင်ငံမှာ သားမွေးယူဖို့ မွေးမြူထားတဲ့ မင့်ခ်သတ္တဝါ (ဖျံမျိုးနွယ်ဝင် အမွေးရှည် မြွေပါသတ္တဝါ) တွေကတဆင့် ကူးစက်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်တမျိုးကို လူတွေဆီမှာလည်း တွေ့ရှိလာရတဲ့ အခြေအနေကြောင့် ယူကေနိုင်ငံက ဒိန်းမတ်ကတဆင့်ဝင်လာမယ့် သူတို့နိုင်ငံသား မဟုတ်သူတွေကို နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ပိတ်လိုက်ပါတယ်။
အခုလို ပြည်ဝင်ခွင့်ပိတ်ပင်မှု မလုပ်ခင် တရက်အလို နိုဝင်ဘာလ ၆ ရက်နေ့ကမှ အခုလို ဗိုင်းရပ်စ်သစ် ပြဿနာကြောင့် ဒိန်းမတ်ကလာသူတွေ ၁၄ ရက် သီးခြား ခွဲစရာမလိုတဲ့ စည်းကမ်းကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
ဒိန်းမတ်မှာ နေထိုင်တဲ့ ယူကေနိုင်ငံသားတွေ ပြန်လာခွင့်ရှိပေမယ့် ပြန်ရောက်လာပြီဆိုရင် ယူကေမှာ ဆက်လက်အတူနေထိုင်မယ့် မိသားစုဝင်တွေအားလုံးနဲ့အတူ ၁၄ ရက် သီးခြားခွဲနေရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဒိန်းမတ်ကိုသွားထားတဲ့ ယူကေနိုင်ငံအတွင်းက လူတွေလည်း ၁၄ ရက် သီးခြားခွဲနေကြဖို့အတွက် ယူကေအာဏာပိုင်တွေက ဆက်သွယ်မယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ ယူကေ စံတော်ချိန် မနက် ၄ နာရီက စပြီး ယခင် ဝင်လာရင် ၁၄ ရက် သီခြားခွဲနေဖို့မလိုတဲ့ ဂျာမနီနဲ့ ဆွီဒင်နိုင်ငံကလာတဲ့သူတွေဟာလည်း ယူကေကို ရောက်လာရင် ၁၄ ရက် သီးခြားခွဲနေဖို့ လိုအပ်သွားပြီ ဖြစ်ပါတယ်။
လောလောဆယ်မှာ ဒိန်းမတ်နိုင်ငံကလာတဲ့ ကုန်ပစ္စည်းယာဉ်တွေကို ပိတ်ပင်မှု မလုပ်သေးပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ နောက်ထပ် ကြေညာချက်တခု ထုတ်ဦးမယ်လို့ ယူကေ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ယူကေနိုင်ငံကို ကုန်တင်ပို့မှု အများဆုံး စာရင်းထဲမှာ နံပါတ် ၂၃ ဝင်တဲ့အထိ တင်ပို့မှု များပြားတဲ့ နိုင်ငံဖြစ်ပြီး ယူကေနိုင်ငံကို ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်း တန်ဖိုး စတာလင်ပေါင် ၆.၈ ဘီလျံ အထိ ရှိပါတယ်။
စကော့တလန် လေကြောင်းလိုင်း တခု ဖြစ်တဲ့ လိုဂန်အဲ ကလည်း စကော့တလန်နဲ့ ဒိန်းမတ် လေကြောင်းပြေးဆွဲမှုတွေကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။
ဒိန်းမတ်နိုင်ငံက မြောက်ဂျပ်တလန်ဒေသမှာ အခုလို အဓိက ဖြစ်ပွားခဲ့ရာမှာ မင့်ခ် သတ္တဝါ ၁၇ သန်းအထိ သုတ်သင်ပစ်ခဲ့ရကျန်းမာရေးနဲ့ သိပ္ပံဆိုင်ရာ ဘီဘီစီ သတင်းထောက် ဟယ်လန် ဘရစ်ဂ်စ်ရဲ့ သုံးသပ်ချက်
ဒိန်းမတ်နိုင်ငံမှာ အခုလို မင့်ခ်သတ္တဝါက ကူးစက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးသစ် ကူးစက်ခံရသူ ၂၀ဝ ကျော် ရှိနေပြီး အဲဒီ သတ္တဝါတွေကတော့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အလုပ်သမားတွေကတဆင့် ကူးစက်ခံခဲ့ရာမှာ အဲဒီကနေ လူတွေ ပြန်ကူးတဲ့အချိန်မှာ ကိုဗစ်-၁၉ ရဲ့ မျိုးဗီဇပြောင်းသွားလို့ ကိုရိုနာဗိုင်းရပ်စ် အသစ် ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံက မြောက်ဂျပ်တလန်ဒေသမှာ အခုလို အဓိက ဖြစ်ပွားခဲ့ရာမှာ မင့်ခ် သတ္တဝါ ၁၇ သန်းအထိ သုတ်သင်ပစ်ခဲ့ရပါတယ်။
ဒီလိုဖြစ်လာတဲ့ အခြေအနေကြောင့် ဖြစ်ပွားရာ ဒေသတဝိုက် အသွားအလာ ပိတ်ပင်မှု လော့ဒေါင်း လုပ်မယ်လို့ ဒိန်းမတ် အာဏာပိုင်တွေက ပြောပါတယ်။
လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အမျိုးမျိုး ရှာဖွေနေကြရာမှာ အခု တွေ့ရှိတဲ့ ပိုးသစ်ကိုလည်း နိုင်နင်းနိုင်တဲ့ ကာကွယ်ဆေး အမျိုးအစားတွေလည်း ရှိပေမယ့် အားလုံးကတော့ ဒီပိုးသစ်ကို မနိုင်နင်းနိုင်ဘူးလို့ ဆိုပါတယ်။
ဗိုင်းရပ်စ်အမျိုးအစားအားလုံးဟာ အခုလို မျိုးဗီဇပြောင်းတတ်တဲ့ သဘာဝရှိပြီး အခုလို ပြောင်းလဲမှုကြောင့် လူတွေမှာ ပိုပြီး အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ သက်သေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကတော့ အခုလို မျိုးဗီဇပြောင်းသွားတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အဆောတလျင် ကောက်ချက်ချဖို့ စောသေးတယ်လို့ ဆိုပါတယ်။
အခုလို ဒိန်းမတ် ပြည်ဝင်ခွင့် ပိတ်မှုနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို တပတ်အကြာမှာ ထပ် ပြောင်း မပြောင်း သုံးသပ်မှာ ဖြစ်ပြီး ယူကေပြည်တွင်းမှာ အလားတူ ဗိုင်းရပ်စ် တွေ့လာရင် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် ဒိန်းမတ်မှာ ဖြစ်နေတဲ့ အခြေအနေကို သုတေသန လုပ်နေတယ်လို့ ဆိုပါတယ်။
ယူကေနိုင်ငံသားတွေ အနေနဲ့ ပြည်ပခရီးထွက်ရာမှာ အလုပ်နဲ့ ပညာရေး ရည်ရွယ်ချက်နဲ့ပဲ ခရီးထွက်ခွင့်ရှိပါတယ်။
BBC Burmese

No comments:
Post a Comment