မတရားမှုက တွန်းပို့လို့ အမျိုးသမီးရေး ရှေ့ထွက် ရပ်တည်ခဲ့သူ

လူမျိုးစုဓလေ့ထုံးတမ်းစဉ်လာနဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရမှုတွေက သူ့ကို အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဖြစ်လာစေခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်မ အသက် ၁၅ နှစ်မှာ ရာသီ စလာတယ်။ ကျွန်မလူမျိုးရဲ့ယုံကြည်မှုနဲ့ အလေ့အကျင့်အရ ရာသီလာချိန်မှာ အမျိုးသမီးတွေဟာ သူများအိမ်ကို ပို့တာခံရ၊ ဘယ်အရာနဲ့မှ ထိတွေ့ခွင့်မရ၊ ဘယ်သူနဲ့မှ စကားပြောခွင့်မရ။ အခန်းတစ်ခုမှာ ပိတ်လှောင်ခြင်းခံရတယ်။ ဒါတွေဟာ အမျိုးသမီးဖြစ်တဲ့အတွက် ဒီလိုခွဲခြားဆက်ဆံ ခံရတာဆိုတဲ့ သိမှုကိုရခဲ့တယ်"

မတရားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှု မျိုးစုံကို ငယ်ဘဝမှာတည်းက တွေ့ကြုံ ရင်းနှီးခဲ့ရတာကြောင့် ဒီမတရားမှုတွေကပဲ တွန်းပို့လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားတဲ့သူဖြစ်လာသူက မနန္ဒာပါ။

သူ့ကို အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ၊ အထူးသဖြင့် အမျိုးသမီးတွေ မပြောရဲ၊ ပြောမထွက်တဲ့ အကြောင်းအရာတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ပြောဆိုတတ်သူအဖြစ် ၊ ကျားမတန်းတူရေးနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းက သိကြပါတယ်။

သူနဲ့တွဲပြီး လူတွေပြောစမှတ်ရှိခဲ့တဲ့ 'ပိပိတို့စကားဝိုင်း'၊ ' ကြီးတော်စကားဝိုင်း' တွေကလည်း ပြည်တွင်းပြည်ပမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ်ရှိခဲ့တာပါ။

ဒီစကားဝိုင်းတွေကြောင့်ပဲ မနန္ဒာဟာ သူယုံကြည်ရာကို ရပ်တည်နိုင်တဲ့ အခြေအနေရောက်ခဲ့သလို မနန္ဒာကြောင့်ပဲ အသံမဲ့နေတဲ့ အမျိုးသမီးတွေ အသံထွက်ဖို့ နေရာတွေ ရရှိလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။

သာမန်လယ်သမားမိသားစုကနေ မွေးဖွားလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မန်ဆမ်ကျေးရွာမှာ ကြီးပြင်းခဲ့တဲ့ မနန္ဒာဟာ မြန်မာနိုင်ငံမှာ လူဦးရေ သိပ်သည်းမှု လျော့ကျလာနေတဲ့ ဂေါ်ရခါးမျိုးနွယ်စုဝင် တစ်ဦးပါ။

လူမျိုးစုနည်းတဲ့စာရင်းဝင်အမျိုးသမီးဖြစ်ပြီး လူမျိုးစုဓလေ့ထုံးတမ်းစဉ်လာနဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရမှုတွေက သူ့ကို Feminist (အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ) ဖြစ်လာစေခဲ့တယ်လို့ ဆိုပါတယ်။

"ငယ်တည်းက ကျောင်းမှာ ကျွန်မအသားအရေကြောင့် နှိမ့်ချတဲ့စကားလုံးနဲ့ တိုက်ခိုက်ခံရတယ်။ ကျွန်မတို့ လူမျိုးဓလေ့ကြောင့် မိန်းကလေးမို့ အိမ်အလုပ်လုပ်ရမယ်ဆိုတဲ့ခွဲခြားဆက်ဆံခံရတာတွေရှိခဲ့တယ်။ မှတ်မှတ်ရရ ကျွန်မ အသက် ၁၅ နှစ်မှာ ရာသီစလာတယ်။ ကျွန်မလူမျိုးရဲ့ယုံကြည်မှုနဲ့အလေ့အကျင့်အရ ရာသီလာချိန်မှာ အမျိုးသမီးတွေဟာ သူများအိမ်ကို ပို့တာခံရ၊ ဘယ်အရာနဲ့မှ ထိတွေ့ခွင့်မရ၊ ဘယ်သူနဲ့မှ စကားပြောခွင့်မရ။ အခန်းတစ်ခုမှာ ပိတ်လှောင်ခြင်းခံရတယ်။ ဒါတွေဟာ အမျိုးသမီးဖြစ်တဲ့အတွက် ဒီလိုခွဲခြားဆက်ဆံ ခံရတာဆိုတဲ့ သိမှုကိုရခဲ့တယ်" လို့ မနန္ဒာက သူ feminist တစ်ယောက်ဖြစ်လာပုံကို ပြောပြပါတယ်။

ဒါဟာ သူ့ကို feminist ဖြစ်ဖို့ ကြီးကြီးမားမား တွန်းအားပေးခဲ့တဲ့ကိစ္စဖြစ်ပါတယ်။

ငယ်စဉ်က ဒီဖြစ်စဉ်ကို နှိမ့်ချဆက်ဆံခံရတယ်လို့ သိမှု ရခဲ့ပေမယ့် ပြဿနာလို့ မမြင်တတ်ခဲ့ဘဲ ကိုယ်ကြီးပြင်း လာတဲ့ပတ်ဝန်းကျင်မှာလည်း ဒါကို သာမန်လို့ ခံယူထားတဲ့အတွက် ကိုယ်တိုင်လည်း ပုံမှန်ရိုးရာတစ်ခုပဲလို့ ခံယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကောင်းမွန်တဲ့ပညာရေး ရလာတဲ့အချိန်မှာ ရာသီသွေးဟာ မကောင်းတာမဟုတ်ဘဲ ကျန်းမာပြီး ပုံမှန် အရာတစ်ခုဖြစ်တယ်ဆိုတာ သိသွားတဲ့အချိန်ကစလို့ ဒီဟာကိုစပြီးအသံထွက်ဖို့ ခြေလှမ်းတွေ စတင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အမျိုးသမီးရေး တက်ကြွလှုပ်ရှားတဲ့ အချိန်ကစလို့ သူ့လူမျိုးစုနဲ့ အသိုင်းအဝိုင်းကြားမှာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ဘေးဖယ်ထားခြင်းကို ခံခဲ့ရ၊ ခံနေရဆဲဖြစ်ပါတယ်။

အဲဒီလို အစဉ်အလာတွေကို ရုန်းကန်ဖောက်ထွက်ဖို့ သူ့ရဲ့မိသားစုတွင်းကနေပဲ စတင်ခဲ့ပါတယ်။ မိသားစုရဲ့ ပံ့ပိုးမှုဟာ မရှိသလောက်နည်းခဲ့ပေမယ့် ကန့်ကွက်တားဆီးခြင်းမခံရတာလည်း မနန္ဒာအတွက် ရှေ့ဆက်မယ့် အမျိုးသမီးအရေး လှုပ်ရှားမှုတွေအတွက် အခွင့်ကောင်းဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ လူမျိုးနဲ့ သူ့ရဲ့ဆွေမျိုးအသိုင်းအဝိုင်းပတ်ဝန်းကျင်မှာတော့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားတဲ့ အချိန်ကစလို့ နည်းမျိုးစုံနဲ့ တိုက်ခိုက်ဘေးဖယ်ထားခြင်းကို ခံခဲ့ရ၊ ခံနေရဆဲဖြစ်တယ်လို့ မနန္ဒာက ဆိုပါတယ်။

" ကိုယ့်ကိုယ်ကိုယ် feminist ပါလို့ ကြွေးကြော်လှုပ်ရှားတဲ့နေ့ကစပြီး ကျွန်မရဲ့ လူမျိုးရဲ့ဘေးဖယ်ခံရခြင်းကို နေ့စဉ်နဲ့အမျှ ပုံစံမျိုးစံနဲ့ ခံရတယ်။ လူငယ်တွေအတွက် လုပ်တဲ့ပွဲတွေဆို ကျွန်မကို သိသိသာသာဘေးဖယ်ထားတာမျိုး၊ တွေ့ကြဆုံကြတဲ့ စကားဝိုင်းတွေမှာ ကျွန်မကို ထိခိုက်နစ်နာစေတဲ့ စကားလုံးတွေနဲ့ပြောတာမျိုး ခုထိလည်းကြုံတွေ့နေရတုန်းပဲ။ ဒါတွေကိုပြောင်းလဲပစ်ဖို့ကတော့ ကျွန်မအများကြီး ကြိုးစားရဦးမယ်" လို့ သူကဆိုပါတယ်။

ပိပိတို့စကားဝိုင်းဆိုတာဘာလဲ

မနန္ဒာက အမျိုးသမီးအခွင့်အရေးပြည့်ပြည့်၀၀ရမှ၊ ကျားမ တန်းတူညီမျှမှုရှိမှ အေးချမ်းတဲ့ လူမှု အသိုင်းအဝိုင်းတစ်ခု၊ နိုင်ငံတစ်ခုကို ထူထောင်နိုင်မယ်လို့ ထက်သန်စွာ ယုံကြည်သူလည်းဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့လိင်စိတ်ခံစားမှု၊ လိင်ဆက်ဆံတဲ့အတွေ့အကြုံ၊ အကြမ်းဖက်မှု၊ မုဒိမ်းပြုကျင့်ခံရမှုတွေကို ဖော်ထုတ်ဆွေးနွေးတဲ့ ပိပိတို့စကားဝိုင်းဟာ ဂယက်ရိုက်ခဲ့

ဒါကြောင့်လည်း အသံမဲ့နေတဲ့အမျိုးသမီးတွေရဲ့အသံကို ဖော်ထုတ်ပေးဖို့၊ အစဉ်အလာတွေက ဘောင်ခတ်ထားတဲ့ အမျိုးသမီးတွေကိုတံဆိပ်ကပ်ထားတဲ့ စကားလုံးတွေ၊ အသုံးအနှုန်းတွေကို အရင်ဆုံး ဖြိုဖျက်ပစ်ဖို့ သူ ကြိုးစားပါတယ်။

ပထမဆုံးစတင်ခဲ့တဲ့ခြေလှမ်းက လူထုကြား အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပြီး ဝေဖန်ကန့်ကွက်တာတွေရော အားပေးထောက်ခံမှုတွေပါညံ့ခဲ့တဲ့ 'ပိပိတို့ စကားဝိုင်း' ပါပဲ။

၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီစကားဝိုင်းဟာ အမျိုးသမီးတွေရဲ့လိင်စိတ်ခံစားမှု၊ လိင်ဆက်ဆံတဲ့အတွေ့အကြုံ၊ အကြမ်းဖက်မှု၊ မုဒိမ်းပြုကျင့်ခံရတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့အဖြစ်အပျက်တွေကို စုစည်းတင်ဆက်တင်ဆက်ပေးတဲ့ ပညာပေးပြဇာတ်ဖြစ်ပါတယ်။ ဒီပြဇာတ်ထဲမှာ ကာယကံရှင် အမျိုးသမီးအသံတွေလည်းပါဝင်ပါတယ်။

ဒီစကားဝိုင်းလုပ်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် ဒီအကြောင်းအရာတွေဟာ တိုးတိုးတိတ်တိတ်နဲ့ ပြောဆိုနေရတဲ့ အခြေ အနေမှာ ရှိနေပြီး ဒီဓလေ့နဲ့ ရှင်သန်လာတာ ကြာမြင့်နေတဲ့ ရှေးရိုးဆန်တဲ့အစဉ်အလာကို တော်လှန်ဖောက်ထွက်ရဖို့ပဲဖြစ်ပါတယ်။

ပြည်ပက အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေ၊နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းမှာပါ ပိပိတို့ စကားဝိုင်းက အောင်မြင်ခဲ့

"ဒီပြဇာတ်က ကျွန်မတို့ကို အခွင့်အလမ်းတစ်ခုပေးလာခဲ့ပါတယ်။ ဒါကတော့ ဒါဟာ လက်တွေ့မှာ အသုံးပြုလို့ရတဲ့ပြဇာတ်ဖြစ်တယ်။ တစ်ကမ္ဘာလုံးက ပါဝင်လှုပ်ရှားပြီးတော့ ထိရောက်တဲ့အပြောင်းအလဲတွေဖော်ဆောင်နိုင်တဲ့အတွက် ကျွန်မတို့ကသာ စလုပ်လိုက်ရင် မြန်မာနိုင်ငံရဲ့အမျိုးသမီးတွေ အခြေအနေ ပိုတိုးတက်ကောင်းမွန်လာနိုင်တယ်ဆိုပြီး စလိုက်တာပေါ့။ စိုးရိမ်မှုမျာစွာ မပြင်မဆင် စခဲ့ပေမယ့် ပံ့ပိုးကူညီသူနဲ့ လက်ခံအားပေးသူ တွေရဲ့ အသံကိုမြင်ရတယ်။ မြန်မာနိုင်ငံကလူတွေက ဒါကိုနားထောင်ဖို့ ပြုပြင် ဖို့စိတ်ဝင်စားတဲ့ခြေလှမ်းတွေ လှမ်းဖို့အသင့်ဖြစ်နေတယ်ဆိုတာကိုတွေ့ရသလို တစ်ချိန်တည်းမှာပဲ ဒါဟာ ဘာမှအရေးမပါဘူးဆိုပြီး တွန်းချတဲ့သူ၊ ဝေဖန်ကန့်သတ်တဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အသံတွေ နည်းခဲ့တာကြောင့် အများကြီးထိခိုက်နစ်နာမှုတွေမရှိခဲ့ပါဘူး" လို့ မနန္ဒာကဆိုပါတယ်။

အခုဆို အဲဒီပိပိတို့စကားဝိုင်းဟာ ၂၀၁၈ ကနေ ၂၀၂၀ ထိ သုံးနှစ်ဆက်တိုက်အရှိန်မပျက် ဆက်လက် လှုပ်ရှားနိုင်သလို ပြည်ပက အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေပါ ပူးပေါင်းပါဝင်လာတဲ့အထိ အားကောင်းနေပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း အခက်ခဲတွေကြုံနေရဆဲပါ။ ပိပိတို့စကားဝိုင်းမှာ လာနားထောင်တဲ့ အမျိုးသမီးတချို့ဆို စိတ်မသက်မသာနဲ့ နားပိတ်ပြီးရှက်နေတဲ့အုပ်စု ရှိပြီး ဒါကိုက လူ့အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေဟာ ဘယ်လောက်ထိ ကန့်သတ်ခံနေရပြီး ဒီစကားဝိုင်းဟာ ဘယ်လောက်ထိ လိုအပ်နေတဲ့စကားဝိုင်းဖြစ်နေလဲ သက်သေပြလိုက်တာလို့လည်း မနန္ဒာက ယူဆပါတယ်။

" အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ရင် အမြဲတမ်း အရှက်တရားနဲ့စပ်လျဉ်းပြီးပဲ ကြီးပြင်းလာရတယ်။ သူတို့ ပိပိအကြောင်းလည်းပြောလို့မရ၊ ရင်သားအကြောင်းလည်းပြောလို့မရ။ ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းကို လွတ် လွတ်လပ်လပ်သိခွင့်နဲ့ ဖော်ပြခွင့်မရှိရချိန်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာ ချိန်မှာလည်း ပြောဖို့အတွက် ဝန်လေး လာကြတယ်။ ဘာလို့လဲဆိုရင် အမြဲတမ်း အရှက်တရားနဲ့ ဖုံးဖိနေတဲ့စနစ်မှာရှင်သန်လာခဲ့လို့ပဲ" လို့ မနန္ဒာက ဆိုပါတယ်။

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအကြောင်းတွေကို ရဲရဲဝံ့ဝံ့ပြောဆိုဖို့ တွန်းအားပေးခဲ့တဲ့ မနန္ဒာဟာ နောက်တစ်ဆင့်အနေနဲ့ အမျိုးသမီးတွေအနေနဲ့ လူမှုစံနှုန်းအရ မပြောသင့်မပြောအပ်၊မလုပ်အပ်ဘူးလို့ တားမြစ်ထားတာတွေ social taboo တွေကို လက်သင့်မခံဖို့၊ ဒါတွေက အယူအဆ မှားတွေဆိုတာကို ပြသဖို့ နောက်ထပ်ခြေလှမ်းတစ်ခု စတင်ခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ကြီးတော်စကားဝိုင်း ဖြစ်ပါတယ်။

ကြီးတော်တို့ စကားဝိုင်းဟာ အောက်ခြေက အမျိုးသမီးတွေရဲ့အသံ တွေ ပါဝင်အောင် ကြိုးစားတင်ဆက်ခဲ့တာ အခုဆို ဇာတ်လမ်းတွဲပေါင်း ၂၀ ကျော်ရှိလာပြီဖြစ်

အမျိုးသမီးတွေရဲ့အသံနဲ့ဘဝဖြတ်သန်းမှုတွေကို လူများစွာထံ ရောက်ရှိနိုင်အောင် ကြီးတော် စကားဝိုင်း podcast ကို ၂၀၁၉ ကနေ စတင်ခဲ့တာ အခုဆို အပိုင်းပေါင်း ၂၀ ကျော်အထိ ထုတ်လွှင့်နိုင်ခဲ့ပြီလို့ မနန္ဒာကပြောပါတယ်။

ဒီအစီအစဉ်ကို လုပ်ချိန်မှာ ဝေလံခေါင်းဖျားအောက်ခြေနေရာတွေက အမျိုးသမီးတွေရဲ့အခက်အခဲတွေကို ထိတွေ့ခွင့်ရခဲ့ပြီး အများပြည်သူသိအောင် တင်ပြခွင့်ရခဲ့တဲ့အတွက် အားရမိတယ်လို့လည်း ဆိုပါတယ်။

အခုနောက်ဆုံး စကားဝိုင်းတစ်ခုကတော့ ကိုဗစ်ကာလမှာစတင်ခဲ့တဲ့ feminist စကားဝိုင်းဖြစ်ပြီး ဒီစကားဝိုင်းက သူ့ရဲ့ feminist လှုပ်ရှားမှုနဲ့ အတွေးအခေါ်တွေကို လက်ဆင့်ကမ်း မျှဝေပေးချင်တဲ့သဘောနဲ့ စတင်ခဲ့တာဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။

အမျိုးသမီးအချင်းချင်းတောင် နားလည်မပေးခဲ့မှုတွေနဲ့ ကြုံရ

မြန်မာနိုင်ငံလို ဘာသာရေးဓလေ့ထုံးတမ်းစဉ်လာတွေ လွှမ်းမိုးမှုသြဇာကြီးတဲ့နိုင်ငံမှာ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူဖြစ်ဖို့ ရုန်းကန်ရတာ တကယ်မ လွယ်ပါဘူး။

ဒီအလုပ်အပေါ် အားပေးတဲ့သူတချို့ရှိတာကြောင့် စိတ်ခွန်အားရရှိရသလို တစ်ချိန်တည်းမှာပဲ အမျိုးသမီးတွေ အရေး တက်ကြွလှုပ်ရှားမှုအပေါ် သဘောထားမတူမှုတွေ၊ ဆန့်ကျင်မှုတွေ ကြုံနေတာကြောင့် ဒါတွေကပဲ အမျိုးသမီးအခွင့်အရေးကို ဆက်လုပ်ဖို့ လှုံ့ဆော်မှုတွေရခဲ့တယ်လို့ မနန္ဒာက ဆိုပါတယ်။

လူတွေရဲ့အတွေးအခေါ်ကိုစိန်ခေါ်ရတဲ့အလုပ်ဖြစ်ပြီး လူတွေနဲ့ စိတ်သက်သောင့် သက်သာမဖြစ်တဲ့စကားဝိုင်းတွေကိုပြောဆိုဖို့ တွန်းအားပေးရတဲ့အလုပ်ဖြစ်လို့ စိန်ခေါ်မှုများစွာရှိ

"စိတ်ဓာတ်ကျပြီးအလျှော့ပေးချင်တဲ့စိတ်တွေဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ လက်မခံသူတွေရှိနေသမျှ ဆက်လုပ်ရမယ် ဆိုတဲ့ တန်ဖိုးရှိတဲ့နိုးကြားမှုကို ဖြစ်စေတာကြောင့် စိတ်ခွန်အားရတယ်။ ကျွန်မ စလုပ်ခဲ့သမျှ တစ်လျှောက်လုံး ကျွန်မနဲ့ အတူတူပါလာတဲ့သူ၊ ကိုယ်ပြောလို့ပြောင်းလဲသွားတဲ့သူ၊ ကောင်းမွန်သွားတဲ့သူတွေကိုကြည့်ပြီးတော့ ဒီဟာက မှန်တဲ့လမ်းပြောင်းလဲနိုင်တဲ့လမ်း ဖြစ်တယ်ဆိုတာကိုသိခွင့်ရတယ်" လို့ ဆိုပါတယ်။

တကယ်တမ်းတော့ နှစ်ပေါင်းများစွာအသားကျနေတဲ့လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ လုပ်ရတာဟာ ခက်ခဲပြီး သူ ဖြစ်စေချင်တဲ့အ မျိုးသမီး အခွင့်အရေးဆိုတဲ့ အကြောင်းအရာဟာ လူတွေပါးစပ်ဖျားမှာ အလွယ်တကူ ပယ်ချလို့ရတဲ့ အရာဖြစ်နေတာကိုက စိန်ခေါ်မှုကြီးပဲလို့ မနန္ဒာကဆိုပါတယ်။

"ဥပမာ ရာသီသွေးကို ညစ်ပတ်တဲ့အရာမဟုတ်ဘူးလို့ ကျွန်မက ပြောနေချိန်မှာ အမျိုးသားတချို့က ဘာပြောလဲဆိုတော့ ရာသီသွေးဟာ ချေးနဲ့ တူတယ်ပေါ့။ ချေးပါတာက သဘာဝဖြစ်နေပေမယ့် ချေးအကြောင်းကို လူတွေ သိအောင် ပြောစရာမလိုဘူး ဆိုပြီး တိုင်းတာတာမျိုးတို့၊ ပြီးရင် ကိုယ်ဝန်ဖျက်ချ တဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြောဆိုတဲ့အခါမှာလည်း ကိုယ်ဝန်ဖျက်ချတာက လူသတ်တယ်ဆိုတဲ့ စကားလုံးအောက်မှာ ပိုပြီးကျယ်ပြန့်တဲ့ ခံစားချက်နဲ့ နောက်ဆက်တွဲတွေကို မဆွေးနွေးချင်ဘဲနဲ့ ပယ်ချချင်တဲ့လူတွေနဲ့ ကြုံတွေ့ရတယ်။ အခက်အခဲ ဆုံးအရာကတော့ လူတွေရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲရတဲ့နေရာမှာ အခက်အခဲဆုံးပဲ" လို့ ဆိုပါတယ်။

သူလှုပ်ရှားမှုတွေဟာ လူတွေရဲ့အတွေးအခေါ်ကိုစိန်ခေါ်ရတဲ့အလုပ်ဖြစ်ပြီး လူတွေနဲ့ စိတ်သက်သောင့် သက်သာမဖြစ်တဲ့စကားဝိုင်းတွေကိုပြောဆိုဖို့ တွန်းအားပေးရတဲ့အလုပ်၊ လူတွေကို မေးခွန်းထုတ်စေဖို့ လမ်းကြောင်းဖောက်ပေးရတဲ့အလုပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့အခြေအနေက ပြဿနာရှိတယ်ဆိုတာကို ပြောပြနေရသေးတဲ့ အခြေအနေတစ်ခုမှာပဲရှိနေသေးတဲ့အတွက် စိန်ခေါ်မှုတွေ အများကြီးရှိနေသေးတယ်လို့ မနန္ဒာက ပြောပါတယ်။

ယဉ်ကျေးမှုကို ထိခိုက်အောင် လုပ်တဲ့သူ၊ ပယ်ချတဲ့သူ၊ လူမျိုးရေးကို အကောင်းမမြင်တဲ့သူအဖြစ် အမြင်ခံရတယ်။

သူလုပ်သမျှ စကားဝိုင်းတွေမှာ အမျိုးသမီးတွေရဲ့ ပံ့ပိုးကူညီမှုနဲ့စတင်ခဲ့တာဖြစ်ပေမယ့်လည်း အမျိုးသမီးတွေရဲ့ ဆန့်ကျင်မှုနဲ့ အားမပေးမှုကိုလည်း တစ်စိုက်မတ်မတ် ခံခဲ့ရပါတယ်။

"လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုတွေကို ပြဿနာလို့မမြင်သေးတဲ့အခြေအနေမှာရှိနေတာကို သွားထောက်ပြတဲ့အခါမှာ ယဉ်ကျေးမှုကို ထိခိုက်အောင် လုပ်တဲ့သူ၊ ပယ်ချတဲ့သူ၊ လူမျိုးရေးကို အကောင်းမမြင်တဲ့သူအဖြစ် အမြင်ခံရတယ်။ ကျွန်မ ပတ်ဝန်းကျင်က လူတွေက ကျွန်မဟာ ကိုယ့်ရဲ့ယဉ်ကျေးမှုကိုတန်ဖိုးမထားတဲ့သူ၊ ယဉ်ကျေးမှုကိုဘေးဖယ်တဲ့သူဆိုပြီးတော့ မြင်တာခံရတယ်" လို့ ဆိုပါတယ်။

ဥပမာအနေနဲ့ feminist စကားဝိုင်းမှာဆိုရင် အမျိုးသမီးအချင်းချင်းတောင်မှ အမြင်မတူတာတွေရှိနေတယ်လို့ သူကဆိုပါတယ်။

"မိန်းမဖျက်ပြည်ပျက် ပေါ့နော်။ အဲဒါကို အမျိုးသမီးတစ်ယောက်က ဒါက အမျိုသမီးတွေကို နှိမ်ချတဲ့ အရာမဟုတ်ဘူး ဆိုပြီး ဝင်ပြီး မှတ်ချက်မှာ ဖြေရှင်းတာကာကွယ်မှုလုပ်တာကိုတွေ့ရတယ်။ ဒီကျားမရေးရာ တန်းတူ ညီမျှမှုမရှိဘူးဆိုတဲ့စနစ်ကို တော်တော်များများ ထင်နေတာက အမျိုးသားတွေက ထူထောင်တယ်ပဲ ထင်နေတာ။ တကယ်တမ်းကျတော့ မမျှတတဲ့မတရားတဲ့ကမ္ဘာကြီးကို တည်ဆောက်တဲ့ နေရာမှာ ကျွန်မတို့ မိန်းကလေးတွေလည်း ရှိတယ်။ ယောက်ျားလေးတွေလည်း ရှိတယ်။ ဒါကို ပြန်လည်ကောင်းမွန်တဲ့ စနစ်ထူ ထောင်ဖို့အမျိုးသားရောအမျိုးသမီးပါ ပါဝင်ဖြေရှင်းဖို့အရမ်းအရေးကြီးတယ်" လို့ မနန္ဒာကပြောပါတယ်။

တွန်းသလောက်ရွေ့ရဲ့လား

ကျားမတန်းတူညီမျှရေးရဖို့နဲ့ အမျိုးသမီးအခွင့်အရေးအပြည့်အဝရဖို့အတွက် Feminist တွေက အများကြီး အထောက်အကူပြုနိုင်တဲ့လူလို့ မနန္ဒာက ယူဆပါတယ်။

"အမေရိကန်တို့၊ ကနေဒါတို့ ဗြိတိန်တို့မှာဆိုရင် ၁၈၅၀ လောက်ထိ အမျိုးသမီးတွေက မဲပေးခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ဒီ feminist တွေရဲ့ တော်လှန်မှုတောင်းဆိုမှုကြောင့်ပဲ ၁၉၄၀ လောက်မှာ အမျိုးသမီးတွေက မဲပေးခွင့်ကိုရခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ဥပမာကိုကြည့်ရင်လည်း ကျားမရေးရာတန်းတူညီမျှရေးအတွက် လှုပ်ရှားနေတဲ့သူ၊ ပြဿနာရဲ့အရင်းအမြစ်ကို ရှာဖွေနေသူတွေကလည်း feminist တွေပဲဦးဆောင်ပြီး လုပ်နေတာဖြစ်တယ်။ အမျိုးသမီးတွေလုပ်ခလစာမျှမျှတတရရှိရေး၊ အလုပ်သမားအခွင့်အရေး၊ အကြမ်းဖက်မှုကိုဥပဒေအရ တားမြစ်ကာကွယ်ရေး လှုပ်ရှားနေသူတွေဟာ feministတွေပဲဖြစ်နေတာတွေ့ရတယ်" လို့ သူက ဆိုပါတယ်။

Feminist တစ်ယောက်အတွက်ကိုယ်ယုံကြည်တာကိုလုပ်ဖို့ ချစ်ခင်သူတွေကို ဆုံးရှုံးဖို့အသင့်ပြင်ထားတယ်လို့ ဆို

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ကျားမတန်းတူရေးမူဝါဒကို သိပ်အရင်းနှီးကြီးမဟုတ်သေးတာကြောင့် ပထမခြေလှမ်းအနေနဲ့ ဒီမူဝါဒနဲ့ ရင်းနှီးအောင် ကြိုးပမ်းနေပြီး တစ်ဖက်မှာလည်း ကျားမတန်းတူညီမျှမှုရှိရေးဟာ အရေးကြီးကြောင်း လက်ခံစပြုလာတဲ့သူတွေလည်း ရှိတာတွေ့ရတယ်လို့ မနန္ဒာဆိုပါတယ်။

"နိုင်ငံတကာရဲ့ feminist လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေက ဦးဆောင်ပြီးတော့ တော်လှန် တောင်းဆိုနေတာတွေ့ရတယ်။ မြန်မာမှာတော့ နည်းနည်းနောက်ရောက်နေသေးတယ်။ ဒါပေမဲ့ ကျွန်မလုပ်တဲ့ စကားဝိုင်းတွေကို နားထောင်ချင်တဲ့သူ လေ့လာချင်သူတွေမှာတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေက အများစုဖြစ်နေတယ်။ ပြောရမယ်ဆိုရင်မြန်မာလူငယ်တွေရဲ့ feminist ပေါ်မှာစိတ်ဝင်စားမှုနဲ့ ပါလာမှုကတော့ နိုင်ငံတကာအဆင့်ထိကို မီလာတော့မယ် အခြေအနေမှာရောက်နေတယ်" လို့ ဆိုပါတယ်။

Feminist တစ်ယောက်ဟာ တရားမမျှတမှုကို ငြင်းဆိုရတာဖြစ်ပြီး လူကြိုက်နည်းတတ်တာကြောင့် ကိုယ့်လုပ်ရပ်နဲ့ရပ်တည်ချက်အပေါ် အမြင်မတူနိုင်တဲ့ ၊ ကိုယ့်ဘဝမှာ ချစ်ခင်တန်ဖိုး ထားရတဲ့သူ တချို့ကိုကို ကြုံလာရပြီဆိုရင် သူတို့ကို လက်လွှတ်ဖို့အတွက် အဆင်သင့်ပြင်ထားတယ်လို့ မနန္ဒာက ဆိုပါတယ်။ အဲဒီလို သူတွေကို လက်လွှတ်ဖို့ မရွေးချယ်ဘူးဆိုရင် ကိုယ့်ယုံကြည်မှုနဲ့ တန်ဖိုးထားမှုတွေကို လက်လွှတ်ဆုံးရှုံးရလိမ့်မယ်လို့ သူက သိထားပါတယ်။

ပြုပြင်ချင်တဲ့ဥပဒေတွေက ဘာတွေလဲ

အမျိုးသမီးတွေကို အကြမ်းဖက်မှု၊ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုကို ပုဂ္ဂိုလ်ရေးကိစ္စလို့ မြင်နေတဲ့အတွေးအခေါ်တွေနဲ့ ဥပဒေတွေကို ပြောင်းလဲချင်တယ်လို့ မနန္ဒာက ဆိုပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ကိုယ်ဝန်ဖျက်ချမှုလို ဥပဒေတွေကို ပြုပြင်ချင်တယ်လို့ မနန္ဒာက ဆိုပါတယ်။

ဥပဒေမှာသာ ဒီ အကြမ်းဖက်မှုကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းမှုရှိမယ်ဆိုရင် လူတွေက ဒါကို အလေးအနက်ထားလာမှာဖြစ်ပြီး အကြမ်းဖက်မှုကိုမလုပ်ဖို့ အသိရှိလာမယ်လို့ မနန္ဒာက ယုံကြည်ပါတယ်။

နောက်ထပ် သူပြုပြင်ချင်တာက အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချင်ခွင့် (Abortion) နဲ့ပတ်သက်တဲ့ ဥပဒေတွေပဲဖြစ်ပါတယ်။

"လူတစ်ယောက်က ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ အဲဒီကိုယ်ဝန်ကို သယ်ဆောင်တဲ့လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဖြစ်သင့်တယ်။ ဥပဒေက ချမှတ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းမျိုး မဖြစ်သင့်ဘူးလို့ ကျွန်မထင်တယ်။ ပြီးရင် အိမ်တွင်းအကြမ်းဖက်မှုမှာလည်း အကြမ်းဖက်မှုဖြစ်ပြီဆိုတာလည်း လွယ်လွယ်ကူကူနဲ့တိုင်ကြားလို့ရတဲ့စနစ်။ ပြီးတော့ တိုင်ကြားပြီးရင်လည်း အရေးယူမှုတွေကို ဆက်တိုက် ချက်ချင်း လုပ်ဆောင်ပေးတဲ့စနစ်တွေ ထူထောင်ပေးနိုင်ရင် မြန်မာမှာ ရှိတဲ့ အိမ်တိုင်း ဘယ်လောက်ထိ လုံခြုံစိတ်ချပြီးပျော်ရွှင်စရာကောင်းတဲ့အိမ်တွေဖြစ်နေမလဲ ဆိုတာကို တွေးမိတယ်" လို့ မနန္ဒာက ပြောပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ကိုယ်ဝန်ဖျက်ချခွင့်ပေးခြင်းဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှု တန်ဖိုးထားချက်တွေအရ ခွင့်ပြုဖို့မသင့် ကြောင်း အခြေခံပြီးငြင်းဆိုလေ့ရှိသလို ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို မနန္ဒာက သိထားပါတယ်။

ဒါပေမဲ့ ဒါဟာ တာဝန်ယူမှုကနေ လွယ်လွယ်ကူကူ ရှောင်ချင်တဲ့အကြောင်းပြချက်သာဖြစ်ပြီး တကယ့်ပြဿနာက ဘာသာရေးလို့ မထင်ဘူးလို့ သူက ဆက်ပြောပါတယ်။

"Abortion ကို Criminalise (ပြစ်မှုအဖြစ် ပြဌာန်းထားတာက) ဗုဒ္ဓဘာသာစံနှုန်းကြောင့်တော့ မဟုတ်ပါဘူး။ တခြား ဗုဒ္ဓဘာသာ နိုင်ငံတွေမှာလည်း Abortion ကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးထားပါတယ်။ ဒါက အမျိုးသမီးတွေအပေါ်မှာ ထိန်းချုပ်ချင်တဲ့စိတ် ၊ ဖိုဝါဒ စနစ်ကြီးပေါ်မှာ အခြေခံထားတဲ့ အတွေးအခေါ်လို့ ကျွန်မတို့ feminist တွေက သုံးသပ်တယ်" လို့ ဆိုပါတယ်။

အခုလိုမျိုး ကန့်သတ်ထားခြင်းက ကိုယ်ဝန်ဖျက်ချမှုကို လျော့သွားစေတာမရှိသလို လုံခြုံမှုမရှိဘဲ အသက်အန္တရာယ်ထိခိုက်မှုရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေ ပိုပြီးတော့များလာတာပဲရှိတာကြောင့် တကယ်တမ်းမှာ အသက်တွေကို ကယ်ချင်တယ်ဆိုရင် အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ စနစ် ဖန်တီးဖို့ လိုတယ်လို့လည်း သူက အကြံပြုပါတယ်။

မျှတတဲ့ကမ္ဘာဖြစ်ရေး

တရားမျှတမှုနဲ့ တန်းတူညီမျှမှုပေါ်မှာ ယုံကြည်မှုရှိပြီးတော့ ကျားမတန်းတူရေး၊ အမျိုးသမီးအခွင့်အရေးအတွက် အမြဲတမ်း တစ်ခုခုလုပ်နေတဲ့သူဖြစ်ရင် ဒါဟာ feminist ပဲလို့ သတ်မှတ်နိုင်ကြောင်း မနန္ဒာက ယုံကြည်ပါတယ်။

ရှေးရိုးဆန်တဲ့နေရာတစ်ခုမှာ အမျိုးသမီးအခွင့်အရေးတန်းတူညီမျှရေးလုပ်ရတာ စိန်ခေါ်မှုတွေရှိပေမယ့် လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားမယ်

"ဥပမာ မိသားစုတစ်ခုမှာပဲကြည့်။ အမျိုးသားတစ်ယောက်ကပဲ ပိုက်ဆံရှာရတယ်ဆိုတာ ဘယ်လောက် ထိကြီးမားတဲ့ ဖိအားတစ်ခုလဲ။ အထူးသဖြင့် လူနေမှုစရိတ်တွေအင်မတန်မြင့်တက်နေချိန်မှာ မိသားစုအားလုံးကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူအဖြစ် ပြုစုပျိုးထောင်မယ်ဆိုရင် မျှတတဲ့စနစ်ဖြစ်သွားမယ်။ နောက်ပြီး ကျွန်မတို့ဟာ ကလေးပြုစုတဲ့စနစ်ကို အမေတွေပဲလုပ်တဲ့စနစ်မှာ ရှင်သန်နေရတယ်။ ဆိုတော့ တကယ်လို့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုပြုစုစောင့်ရှောက်ယုယချစ်ခင်တဲ့အဖေနဲ့သာကြီးလာခဲ့မယ်ဆိုရင် သူ့ရဲ့ဘဝမှာ အမျိုးသားတစ်ယောက်ကို အမြင်ကျဉ်းတဲ့အမြင်နဲ့ မကောင်းတဲ့အမြင်နဲ့ကြည့်တာတွေ လျော့သွား ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရေးမှာလည်း ပိုပြီး တည်တံ့ခိုင်မြဲလာမယ်လို့ယုံကြည်တယ်။ ပိုပြီးမေတ္တာရှိတဲ့ကမ္ဘာဖြစ်လာမယ်လို့ထင်တယ်" လို့ မနန္ဒာက သူ့အယူအဆကိုမျှဝေပါတယ်။

ဒါ့အပြင် ဒီလိုမျှတတဲ့လူမှုပတ်ဝန်းကျင်သာ ရှိလာရင် စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတွေမှာပါ အဓိပ္ပာယ်ပြည့်ဝတဲ့ရှင်သန်မှုနဲ့ ဖွံံ့ဖြိုးတိုးတက်မှုတွေ ဖြစ်မယ်လို့ မနန္ဒာက ထင်မြင်ပါတယ်။

အဲဒီလိုအရေးကြီးကဏ္ဍတွေမှာ အမျိုးသမီးတွေပါဝင်မှုရှိရင် ပိုမိုပြီးထိရောက်ကောင်းမွန်တဲ့ ဦးဆောင်မှုဖြစ်တယ်ဆိုတာက သုတေသနများစွာက ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

"Gender equality (ကျားမတန်းတူညီမှု) ရှိတဲ့ကမ္ဘာမှာ နေရမယ်ဆိုရင် အားလုံးက ပိုပြီး ပျော်မယ်။ အလုပ်တွေလည်း မျှမျှတတလုပ်ခွင့်ရှိမယ်။ မိသားစုတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းဖက်မှုကင်းတဲ့ဘဝကို ရမယ်လို့ထင်ပါတယ်" လို့ မနန္ဒာက ဆိုပါတယ်။

ဒါကြောင့် မနန္ဒာဟာ ဘယ်လို စိန်ခေါ်မှုတွေပဲကြုံနေနေ သူယုံကြည်ရာ ကျားမတန်းတူညီမျှမှုရှိရေးနဲ့ အမျိုးသမီးတန်းတူ အခွင့်အရေးတွေရရေး ဆက်လုပ်သွားဖို့၊ အသံမဲ့နေတဲ့အမျိုးသမီးတွေရဲ့အသံတွေကို ဆက်ပြီးရှာဖွေဖော်ထုတ်နေဦးမှာ ပဲဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55050048

မတရားမှုက တွန်းပို့လို့ အမျိုးသမီးရေး ရှေ့ထွက် ရပ်တည်ခဲ့သူ  မတရားမှုက တွန်းပို့လို့ အမျိုးသမီးရေး ရှေ့ထွက် ရပ်တည်ခဲ့သူ Reviewed by THITHTOOLWIN on 01:53 Rating: 5

No comments:

Powered by Blogger.