ပဲခူးတိုင်း ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ရုံးဝင်းအတွင်း မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သူ မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းက ကော်မရှင်ရုံးတွေမှာအခု လုံခြုံရေးတွေ တိုးချဲ့ချထားပါတယ်။
ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း မနေ့ကနေ့လည်ပိုင်းက ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။ NLD ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွေက တပ်မတော်သားတွေ ကြိုတင်မဲပေးနေတာကို သူ သွားရောက်ကြည့်ရှုပြီး ရုံးက ပြန်လည်ထွက်ခွာချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ပဲခူးခရိုင် ဒုတိယ ရဲမှူးကြီး ဦးအောင်ခိုင် ကို RFA က မနေ့ညပိုင်းက ဆက်သွယ်ခဲ့ရာမှာ ...
“ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးခင်ဗျ။ ကျနော်တို့ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။ အဲဒါပဲ ပြောနိုင်ပါတယ်”
အခုလို ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့အတွက် ရန်ကုန်တိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဝန်းတွေမှာ လုံခြုံရေး တိုးချဲ့ထားတယ်လို့ သိရပါတယ်။ အင်းစိန်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်လင်းက ဒါဟာ ခြိမ်းခြောက်မှုတခုဖြစ်ပြီး လိုအပ်သလို သူတို့ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“ကော်မရှင်ကို ခြောက်လှန့်တဲ့သဘောပေါ့နော်။ ဘယ်သူမှန်းမသိပေမယ့် ပြည်သူတွေက ဒုံးမဝေးကြတော့ပါဘူး။ အစကတည်းက ရုံးမှာ နေ့ရောညရော ရဲတွေ ရှိကြပြီးသားပါ။ ဒါပေမယ့် အဲဒီသတင်း ကြားတာနဲ့ သက်ဆိုင်ရာ ခရိုင်ရော မြို့နယ်က ရဲတွေပါ ကျနော်တို့မြို့နယ်ရုံးကို ရောက်လာတယ်။ လိုအပ်တာတွေ လုပ်တယ်။ လုပ်ငန်းရှင်တဦးက ကျနော်တို့ မြို့နယ်ကော်မရှင်ရဲ့ လုံခြုံရေးကို စိုးရိမ်လို့ CCTV လာတပ်ပေးတယ်။ အဝင်အထွက်တွေကို ခု တံခါးပိတ်လိုက်တယ်။ အရင်တုန်းကတော့ ရုံးချိန်တွေတံခါးဖွင့်ထားတယ်။ အခုတံခါးပိတ်လိုက်ပြီ။ အဝင်အထွက်တွေ ကန့်သတ်လိုက်တာပေ့ါ။”
မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်ဖြူဖြူအောင်က သူတို့ရုံးဝန်းမှာလည်း လုံခြုံရေးကို နေ့ရောညပါ အထူးသတိထားနေကြတယ်လို့ ပြောပါတယ်။
“မြို့နယ်ကော်မရှင်ရုံးမှာတော့ ရဲတပ်ဖွဲ့ဝင် အရာရှိတဦး နဲ့ ရဲတပ်သား ၅ ဦး ထားရှိပါတယ်။ ရပ်ကျေးတွေမှာတော့ မဲရုံတရုံမှာ အထူးရဲတဦး ထားပြီး လုံခြုံရေးအင်အားကို ဆောင်ရွက်ထားပါတယ်”
ရွေးကောက်ပွဲမှာ ကြုံတွေ့လာနိုင်တဲ့ တခြား ပြဿနာတခုက တံဆိပ်တုံးအတု ရိုက်နှိပ်မှုဖြစ်ပါတယ်။ ဦးကျော်လင်းက ….
“တံဆိပ်တုံးအတု အသုံးပြုတဲ့သူကို ချက်ချင်းသိရင် ချက်ချင်းအရေးယူရမယ်။ ဘယ်လောက်ထိ အကြံပေးကြသလဲဆိုရင် တကယ်လို့များ တံဆိပ်တုံးကို ယူသွားလို့မရအောင် လဲလို့မရအောင် လျို့ဝှက်မဲပေးခန်းမှာ တံဆိပ်တုံးကို ကြိုးနဲ့ချည်ထားဖို့ ပါဝင်ကူညီမယ့် ကျောင်းဆရာမတွေက မြန်မာ့နည်း မြန်မာ့ဟန် နဲ့ အဲလိုလုပ်ချင်တယ်ပြောလို့ ကျနော်တို့ ခွင့်ပြုလိုက်တယ်။”
ဒါ့အပြင် မဲစာရင်း မတိကျမှု ပြဿနာကို အခုထိ ရှင်းနေရတယ်လို့လည်း သူက ပြောပါတယ်။
“တချို့လူတွေတိုးလာတယ်။ ကွယ်လွန်တဲ့လူတွေ ပြောင်းရွှေ့သွားတဲ့လူတွေ လျှော့လိုက်မယ်။ မကောက်ဖြစ်တဲ့အိမ်တွေ ကောက်မယ်ဆိုပြီး ကောက်ကြတာပေါ့။ ဒါပေမယ့် အဲဒီတုန်းက အောက်ခြေက အုပ်ချုပ်ရေးဝန်ထမ်းတွေ သေချာမလုပ်ခဲ့တဲ့အခါကျတော့ အဲဒီ အချက်အလက်တွေ data တွေက ကျနော်တို့ဆီကို အမှန်အတိုင်းမရောက်ဘူး။ သူတို့က ရပ်ကွက်တွေကို ဆင်းမယ်ဆိုပြီး မဆင်းပဲ ဒီတိုင်းနေလိုက်တာ။ အဲဒီလို မဆင်းဘဲ ဆင်းချင်ယောင်ဆောင်လိုက်တော့ ဒီ မဲစာရင်းတွေ မှန်ပြီထင်ပြီး ကျနော်တို့က server ထဲ အကုန်ထည့်တဲ့အချိန်မှာ တချို့ မဲစာရင်းမှာ ကျန်ခဲ့တဲ့သူက ကျန်ခဲ့၊ နောက် ထပ်ပြီးထည့်ခိုင်းတဲ့လူတွေ မပါလာ၊ ကျနော်တို့မှာ မလိုအပ်ဘဲ နောက်ဆက်တွဲတွေ ထပ်ပြီးတော့ ထည့်နေရတာပေါ့နော်။”
အခက်အခဲတွေရှိပေမယ့်လည်း ရွေးကောက်ပွဲအတွက် အားလုံးနီးပါး အဆင်သင့်ဖြစ်နေပြီလို့လည်း ဦးကျော်လင်း ကပြောပါတယ်။
“မဲရုံသုံးပစ္စည်းတွေအပြင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ လက်အိတ်တို့၊ mask တို့ ၊ လက်ဆေးရည်တို့ ၊ Face Shield တို့၊ spray တို့ Apron တို့ PPE တို့ပါ အကုန်လုံး မဲရုံဝန်ထမ်းတွေအတွက် ထုတ်ပေးထားပါတယ်။ အဖွဲ့ဝင်တွေရော ဝန်ထမ်းတွေအားလုံး တက်ညီလက်ညီကြိုးပမ်းကြတဲ့အတွက် ရွေးကောက်ပွဲက အေးအေးချမ်းချမ်း နဲ့ အောင်မြင်သွားမယ်လို့ ကျနော်ယုံကြည်ပါတယ်”
ဒီအတောအတွင်း ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကလည်း အပြီးသတ်မဲဆွယ်ပွဲတွေကို ကျင်းပခဲ့ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်နေတဲ့ ANP ရခိုင်အမျိုးသားပါတီက ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို မနေ့ညက ဆက်သွယ်ခဲ့ရာမှာ ….
“ဒီနေ့မှာ နောက်ဆုံးနေ့အနေနဲ့ စစ်တွေမြို့မှာ လူအင်အား ငါးထောင်ကျော် အင်အားပြတာ ရှိပါတယ်။ အခုဆိုလည်း မဲဆွယ်စည်းရုံးပွဲအတွက် တမြို့လုံးကို ပတ်ပြီး လုပ်နေတာရှိပါတယ်။ စစ်တွေမြို့ပေါ်မှာတော့ နိုင်ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်”
ရွေးကောက်ပွဲတွေကို မနက်ဖန် နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံတဝန်း ကျင်းပတော့မှာ ဖြစ်ပါတယ်။
RFA Burmese

No comments:
Post a Comment