ကိုရီးယားရောက်မြန်မာတွေ ကိုဗစ်စည်းကမ်းလိုက်နာဖို့ သံရုံးတိုက်တွန်း

တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တွေ့ရတဲ့ လမ်းသွားလမ်းလာတချို့။ (သြဂုတ် ၂၅၊ ၂၀၂၀)

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်ကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ကိုရီးယားအစိုးရ ထုတ်ပြန်တဲ့ ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်သစ်တွေ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ အထူးလိုက်နာကြပါလို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ မနက်ဖြန် အင်္ဂါနေ့ကစ တင်းကြပ်မယ့် စည်းကမ်းချက်တွေနဲ့အတူ ကိုရီးယားရောက်မြန်မာတွေကြား ကိုဗစ်ကပ်ရောဂါ မကူးစက်စေရေး အထူးသတိထားနေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ကိုရီးယားနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ တတိယလှိုင်း အပြည့်အဝ ရိုက်ခတ်ခံနေရပြီး ကူးစက်မှုနှုန်း မြင့်တက်လာပြီး အင်မတန်ကို စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်ဆိုတာကို ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲကနေ နိုင်ငံကို မနေ့တုန်းက အရေးတကြီးသတိပေးလိုက်တာပါ။ ဒါကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ဖြန် အင်္ဂါနေ့ကစလို့ ရောဂါကူးစက်မြင့်လာတဲ့ ဆိုးလ်မြို့တော်နဲ့ မြို့တော်နားတဝိုက်က မြို့တွေမှာ အရက်ဆိုင်နဲ့ ညကလပ်တွေ ပိတ်ပစ်လိုက်မှာဖြစ်ပြီး လူစုလူဝေးနဲ့ ကျင်းပမယ့် ဘာသာရေးပွဲတွေ၊ အားကစားပွဲတွေကိုလည်း အရေအတွက် ကန့်သတ်လိုက်ပါတယ်။

အခုလိုမျိုး ကိုရီးယားနိုင်ငံရဲ့ ကပ်ရောဂါ ကိုဗစ် ၁၉ တတိယလှိုင်း ထိန်းချုပ်နိုင်ရေး အထူးသတိပေးထုတ်ပြန်ချက် စည်းမျဉ်း စည်းကမ်းတွေကို ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေ အလေးအနက်ထား လိုက်နာကြဖို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးညီညီက တိုက်တွန်းပါတယ်။

"ကိုရီးယားနိုင်ငံမှာ ကိုဗစ်က လက်ရှိမှာ ပြန်ပြီးတော့ ကူးစက်မှုက တက်လာတာပေါ့နော်။ နိုဝင်ဘာ ၁၉၊ ၂၀၊ ၂၁ အထိကို ၃၀၀ ကျော်တွေ ကူးစက်လာတယ်။ မနေ့က ၂၂ ရက်နေ့အထိဆို ကူးစက်သူဦးရေက ၂၇၁ အထိ ရှိခဲ့တာပေါ့နော်။ အဲ့တော့ ကိုရီးယားက ကိုဗစ်ကူးစက်မှုတွေမြင့်လာတဲ့အတွက် သူတို့ရဲ့ Level သတ်မှတ်ချက်ပေါ့နော်။ Level II အထိကို သတ်မှတ်လိုက်ပြီးတော့ မနက်ဖြန် "နိုဝင်ဘာ ၂၄ ကစပြီး ဒီဇင်ဘာ ၇ ရက်နေ့" အထိကို ဆိုးလ်မြို့တော်နဲ့ မြို့ကြီးတွေမှာ Level II ကို သူတို့ စကျင့်သုံးတော့မှာပေါ့။ အဲ့ဒီ့တော့ မြန်မာသံရုံးအနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနတွေက ထုတ်ပြန်လာပြီဖြစ်တဲ့ အတွက် သံရုံးဘက်ကို လာတဲ့ညီအကိုတွေ ကောင်စစ်ရေးရာနဲ့ပတ်သက်တဲ့ကိစ္စတွေကို သံရုံးကနေ ဒီနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားတဲ့အတိုင်း စာတိုက်တွေကနေပေးပို့ဖို့ပါ။

နောက်တခု အဓိက ကူးစက်မှုမြင့်နေတာက ဆိုးလ်တို့ အင်ချွန်းတို့ နယ်တဝိုက်တွေမှာ ကူးစက်မှုများနေတယ်ပေါ့နော်။ ဆိုးလ် အင်ချွန်း ဂူဖျောင်းတို့ဆိုလည်း မြန်မာအများအပြားနေထိုင်တဲ့နေရာတွေရှိတယ်။ တနင်္ဂနွေက တွေ့ခဲ့တာဆိုလည်း ဂူဖျောင်းနယ်တဝိုက်က ကူးစက်မှုများခဲ့တော့ ဒီနားလေးတွေမှာ သွားလာလှုပ်ရှားတာလည်း မြန်မာအများစုဆိုတော့ လက်ရှိအနေအထားမှာ ဒီရောဂါငြိမ်သွားတဲ့အထိပေါ့နော်။ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ဖို့ လက်ဆေးရည်တွေ သုံးဖို့ တတ်နိုင်သလောက် လူစုလူဝေးနေရာတွေကိုရှောင်ဖို့က ပိုအရေးကြီးတာပေါ့နော်။"

ကိုရီးယားမှာ နေထိုင်တဲ့မြန်မာနိုင်ငံသားတွေထဲ ကိုဗစ်၁၉ ကူးစက်မှု မရှိသေးပေမဲ့ ကိုရီးယားကို ဝင်ရောက်လာသူတွေထဲက မြန်မာနိုင်ငံသား တချို့မှာတော့ ကူးစက်နေတာ စစ်ဆေးတွေ့ရှိခဲ့တာ ရှိပါတယ်။ ကိုရီးယားရောက်မြန်မာတွေကြား ရောဂါကူးစက် မခံရအောင် ကိုရီးယားက ကျန်းမာရေးထုတ်ပြန်ချက်တွေကို မြန်မာသံရုံးနဲ့ ပူးပေါင်းပညာပေးနေပါတယ်လို့ အလုပ်သမားသံအရာရှိက ပြောပါတယ်။

"လက်ရှိတော့ ကျနော်တို့ လုပ်သားတွေထဲ ကိုဗစ်၁၉ ကူးစက်တယ်ဆိုတဲ့အနေအထားမျိုး ဒီဘက်မှာတော့ မရှိပါဘူးပေါ့နော်။ အစောပိုင်းက ဝင်လာတဲ့ သင်္ဘောသားတွေကို ပြန်ပြီး စမ်းသပ်စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့တယ်ဆိုတာတော့ကြားတယ်။ သို့သော် ကိုရီးယားရဲ့ Privacy Law ရှိတယ်။ ဒီ Privacy Law ကြောင့် နိုင်ငံသားနဲ့ နေရာလောက်ကိုပဲ ထုတ်ပြန်ကြေညာတာ ရှိပြီးတော့ ဘယ်သူဆိုတာ အတိအကျပေးပို့တာမျိုးတော့ မလုပ်ထားဘူးခင်ဗျ။ ကိုရီးယားမှာက ကိုဗစ်နဲ့ ပတ်သက်ပြီး ဖွဲ့ထားတဲ့အဖွဲ့တွေ ကော်မတီတွေရှိတယ်ပေါ့နော်။ ကျနော်တို့ ဒီသံရုံးအနေအထားနဲ့ ပူးပေါင်းပြီး Public Awareness ပေါ့နော် အများပြည်သူသိရှိအောင် ကျန်းမာရေးပညာပေးတာတွေကို ကိုရီးယားကျန်းမာရေးက လုပ်တာလေးတွေ ရှိတယ်။ ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနကတဆင့် ကိုရီးယား MOFA ပေါ့နော် ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကိုရီးယားမှာရှိတဲ့ သက်ဆိုင်ရာနိုင်ငံတွေက သံရုံးတွေ လာဖွင့်ထားတဲ့ အနေအထားမှာ ဘယ်လိုလိုက်နာရမယ် ဆိုတဲ့ သူတို့လမ်းညွှန်ချက်လေးတွေ ပို့တာလေးတွေရှိတာပေါ့နော်။ အဲ့လိုပူးပေါင်းဆောင်ရွက်တဲ့အနေအထားလေးတွေတော့ရှိပါတယ်။"

အခုလို ကူးစက်မှုနှုန်းပြန်မြင့်လာတဲ့အတွက် ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေထဲမှာလည်း ကိုရီးယား ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့သတိပေးချက်တွေကို အချိန်နဲ့တပြေးညီ နားစွင့်နေကြသလို ကျန်းမာရေးဆိုင်ရာလမ်းညွှန် သတိပေးချက်တွေကိုလည်း အထူးလိုက်နာကြတယ်လို့ ကိုရီးယားနိုင်ငံ (Incheon) အင်ချွန်းဒေသ (Bupyeong) ဘူဖျောင်းမြို့က ဒေါ်မာလာရွှေကပြောပြပါတယ်။

"ပိုပြီးတော့ သတိထားရမှာပေါ့နော် သတိထားရမယ်ဆိုတဲ့ အတိုင်းအတာမှာက တတိယလှိုင်းအဖြစ်အများဆုံးက ဆိုးလ်မြို့တော်ဘက်မှာ အဖြစ်အများဆုံးဖြစ်နေတယ်။ အခုက ဆိုးလ်က ဒဲဂူးလ်ထက်ကို ဖြစ်တဲ့သူပိုများလာတယ်။ အခု တတိယလိုက်နေတာက အမတို့နေတဲ့ အင်ချွန်း အင်ချွန်းမှာဆို မနေ့က ၁၁ယောက်တွေ့တယ်။ဒီနေ့လည်း ၈ ယောက်၊ ၉ ယောက်လောက်ထွက်တယ်။ ဘာပဲဖြစ်ဖြစ် သတိထားပြီးတော့ Mask တွေ တပ်မယ် လက်တွေဆေးမယ်ဆိုရင် ကာကွယ်ရာရောက်ပါမယ်။ ကိုရီးယားတွေကလည်း ဆောင်ပုဒ်မှာ ဘာတွေပြောထားလဲဆိုတော့ ကာကွယ်ဆေးကလည်း ကာကွယ်ဆေးပါပဲ။ ဒါပေမဲ့ အဓိက အကျဆုံးကတော့ Mask တပ်တာရယ် လက်ဆေးတာရယ်ပဲတဲ့ Social Distancing မှာလည်း ခပ်ခွာခွာနေကြဖို့ ပူးပူးကပ်ကပ်မနေကြဖို့ အဲ့ဒါတွေကိုပဲ နေ့စဉ်နဲ့အမျှ သတိပေးစကားပြောနေကြတာပါပဲ။ စည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်း တီဗီတွေကနေလည်းပြောတယ်။ တယ်လီဖုန်းမတ်ဆေ့တွေကနေလည်း အမြဲတွေ့နေရတယ်။ဆိုတော့ ကိုယ့်မြန်မာတွေကလည်းပဲ ကိုရီးယားအစိုးရ ချမှတ်ထားတဲ့ သတိပေးစကားတွေကို လိုက်နာကြမယ်ဟေ့ဆိုရင် ကာကွယ်ရာရောက်တယ်လို့ပြောရမှာပဲပေါ့။"

အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ တောင်ကိုရီးယားနိုင်ငံမှာ ခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃၁,၀၀၄ ရှိနေပြီး COVID 19 ကြောင့် သေဆုံးသူကတော့ ၅၀၉ ဦး ရှိနေပြီဖြစ်ပါတယ်။


မဆုမွန်/VOA (Burmese)

https://burmese.voanews.com/a/korea-myanmar-covid/5673060.html

ကိုရီးယားရောက်မြန်မာတွေ ကိုဗစ်စည်းကမ်းလိုက်နာဖို့ သံရုံးတိုက်တွန်း ကိုရီးယားရောက်မြန်မာတွေ ကိုဗစ်စည်းကမ်းလိုက်နာဖို့ သံရုံးတိုက်တွန်း Reviewed by THITHTOOLWIN on 01:56 Rating: 5

No comments:

Powered by Blogger.